အိမ်ခြံမြေတိုက်ခန်းများကို ကာလရှည်အချိန်ပေးရောင်းချသည့်စနစ် အကောင်အထည်ဖော်ရန် ခက်ခဲနေသည့် မြန်မာ့အိမ်ခြံမြေလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ လုပ်ငန်းရှင်များ စိတ်ဝင်စားမှုများပြားလာနေကြောင်း၊ ထိုသို့ စိတ်ဝင်စား ရခြင်းမှာ မြန်မာ့အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် ငွေအမြန်ပေါ်ထွက် လာနိုင်သည့် အခြေအနေကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း (ဗဟို) မှ သတင်းရရှိသည်။
”နိုင်ငံခြားမှာဆို ရင်းထားတဲ့ ငွေက နှစ် ၂ဝ၊ ၂၅ နှစ်လောက်မှ ပြန်ရမှာ ဖြစ်တယ်။ ဒီမှာက အများဆုံး ၃၆ လဆိုတော့ ငွေအမြန်ပေါ်တယ်။ ကျွန်မ တို့နဲ့ လာတွေ့တဲ့ တရုတ်၊ ကိုရီးယား၊ စင်ကာပူ အဖွဲ့တွေက ပျော်ပျော်ကြီး ရင်းနှီးမြှုပ်နှံကြမှာဖြစ်တယ်။ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံတယ် ဆိုတာကလည်း အေးအေးချမ်းချမ်း အခြေအနေမှဆိုတော့ ကျွန်မတို့ ကတော့ ၂ဝ၁၅ ကို မျှော်ကိုပြီး စောင့်နေကြတယ်။ အခုဝင်လာတဲ့ ဘဏ်အသစ်တွေကလည်း အဲဒီမျှော်လင့်ချက်တွေနဲ့ လုပ်နိုင်ဖို့ ရည်ရွယ် ချက်တွေ ပါနိုင်တယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)မှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသော်လည်း ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် ပြည်တွင်း ပြည်ပအခြေအနေများနှင့် မကြာမီပြဋ္ဌာန်းလာဖွယ်ရှိသည့် ကွန်ဒိုမီနီယမ် ဥပဒေသစ်အရ ပြောင်းလဲလာမည့် မြန်မာ့အိမ်ခြံမြေအလားအလာကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
Credit: thetradetimes