ရန်ကုန်တိုင်းဒေသကြီးအတွင်းအိမ်ငှားခ မြင့်တက်လာမှုကြောင့်အိမ်ရာမဲ့ မိသားစုများ အခက်အခဲ ကြုံနေရသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ခန်းငှားရမ်းမှုအဆင်ပြေ ချောမွေ့စေရေးအဖွဲ့များ ဖွဲ့ပြီး စီစဉ်ပေးရန် အဆိုမှာ မှတ်တမ်းအဖြစ်သာ အဆုံးသတ်သွားခဲ့သည်။
”ပြည်ထဲရေးဝန်ကြီးဌာနကနေအိမ်နှင့် မြေ ငှားရမ်းခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းဖို့ လုပ်နေပါတယ်။ အခုတင်ပြလာတဲ့ အဆိုကို လွှတ်တော်မှာ မှတ်တမ်းအဖြစ် ထားဖို့တင်ပြပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။
ရန်ကုန်မြို့တော်၌ အိမ်ငှားရမ်းခ မြင့်တက်လာခြင်းကြောင့်ငှားရမ်းခ မတတ်နိုင်သည့် ပြည်သူများ အနေဖြင့် ရပ်ကွက်များအတွင်းရှိမြေနေရာလွတ်များပေါ်တွင် အဆင်ပြေသလို ကျူးကျော်တဲများထိုးပြီး နေထိုင် လာရသည့် အခြေအနေများဖြစ်ပေါ်လာသဖြင့် အစိုးရက ဝင်ငွေနည်း မိသားစုများအတွက် မြို့နယ်အလိုက် အိမ်ခန်းငှားရမ်းခနှုန်းထားများကို ကြီးကြပ်နိုင်ရန် ကော်မတီဖွဲ့လုပ်ကိုင်သင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သြဂုတ်လ ၂၅ ရက်၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် နဝမပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် တင်ပြခဲ့သည်။
”အခန်းငှားခတွေက လေးလွှာ၊ ငါးလွှာကို တစ်သိန်းခွဲလောက်အထိတောင်းနေပြီ။ အိမ်ငှားခမပေးနိုင်တဲ့ သူတွေကလည်း ရပ်ကွက်ထဲမှာအဆင်ပြေသလို တဲထိုးနေလာကြပါတယ်။ ဖြစ်နိုင်ရင် တန်ဖိုးနည်းအိမ်ရာ တွေဆောက်ပြီး ဈေးချိုချိုနဲ့ ငှားပေးမယ်ဆိုရင်လည်း အဆင်ပြေတယ်။ အခုငှားခတွေမြင့်လာလို့ တဲပေါ်ကနေ တိုက်ပေါ်မရောက်ဘဲ တဲပေါ်ကနေမြေကြီးပေါ် ရောက်သွားသလို ခံစားနေရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန်းစန်းမြင့်က ပြောသည်။
အိမ်ငှားခများ မြင့်တက်လာခြင်းအတွက် အတိဒုက္ခရောက်နေသောပြည်သူများက လွှတ်တော်ကိုယ်စား လှယ်များထံ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း တင်ပြတောင်းဆိုလာနေသဖြင့် အစိုးရအဖွဲ့ အနေဖြင့် ထိရောက်သောအစီအစဉ်များဖြင့် ငှားရမ်းခနှုန်းထားများကို ကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး ထိန်းချုပ်ပေးပါရန် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
”မြေဈေးတွေ ခေါင်ခိုက်နေတဲ့အပြင် ငှားခတွေကလည်း ဈေးမြင့်နေတယ်။ သာမန်ပြည်သူမပြောနဲ့ အလယ်အလတ်အဆင့် ပြည်သူတွေတောင် အိမ်ပိုင်ရာပိုင်ဖြစ်ဖို့ဆိုတာမျှော်တိုင်းဝေးတဲ့ အိပ်မက်တစ်ခု ဖြစ် နေပါပြီ။ ဒါကြောင့် အစိုးရကနေအရေးကြီးကိစ္စရပ်လို သဘောထားပြီးတော့ လုပ်ပေးဖို့ လိုပါတယ်”ဟု ဒေါက်တာညိုညိုသင်းက တင်ပြခဲ့သည်။
၎င်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ ၂၅ ရက်တွင် ကျင်းပခဲ့သည့်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယနေ့အစီအစဉ်၌ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်ကျော်က တင်သွင်းခဲ့သော အဆိုကိုသြဂုတ်လ ၂၇ ရက် လွှတ်တော်အစီအစဉ် ဒုတိယပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနှင့် အစိုးရအဖွဲ့ဘက်မှ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့ ဆွေးနွေးခဲ့ကြပြီးအစိုးရ ဘက်က အိမ်ရှင်၊ အိမ်ငှား ငှားရမ်းခြင်း ဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေသည့်အတွက် ယခုအဆိုအား မှတ်တမ်းအဖြစ်သာ ရေးသွင်းထားသင့်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက တင်ပြခဲ့ပြီး အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်ကလည်း လက်ခံခဲ့သည့်အတွက် ယင်းအဆိုမှာ မှတ်တမ်းအဖြစ် အဆုံးသတ်ခဲ့ရသည်။
”အောက်ခြေမှာ အိမ်ငှားရမ်းခတွေ မြင့်လာလို့ ပြည်သူတွေ ဒုက္ခရောက်နေတာတွေ့ရပါတယ်။ ဒီဥပဒေ သစ်ကို ပြည်ထောင်စုလွှတ်တော်မှာလုပ်နေတယ်ဆိုတာလည်း သိရှိပါတယ်။ ဥပဒေသစ်တစ်ခုမပြဋ္ဌာန်းခင်မှာ တည်ဆဲဥပဒေတွေကနေလုပ်လို့ရနိုင်မလားဆိုပြီး ဒီအဆိုကို တင်သွင်းခဲ့တာပါ။ ဝန်ကြီးကလည်းသေသေချာချာ ရှင်းပြခဲ့တဲ့အတွက် ဒီအဆိုကိုမှတ်တမ်းအဖြစ်ထားဖို့ လက်ခံပါတယ်” ဟု အဆိုရှင် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်ကပြောသည်။
Credit : The Trade Times