ဗဟုသုတ | Posted by ဇာနည်ကျော်
အိမ်ခြံမြေနဲ့ပတ်သတ်ပြီး iMyanmarHouse ဆီသို့ အိမ်ခြံမြေချစ်သူများ ပေးပို့လာတဲ့ ဥပဒေရေးရာမေးခွန်း သုံးခုကို ဒီတစ်ပတ်မှာ ဖြေကြားပေးလိုက်ပါတယ်။ ဥပဒေအသိကြွယ်စေဖို့ရာ အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများကို iMyanmarHouse မှ အပတ်စဉ် တင်ဆက်ပေးလျက်ရှိပါတယ်။
မေးခွန်း(၁) - အမွေဆိုင်တစ်ဦးရဲ့ မိမိအမွေဝေစုရရန် ဆောင်ရွက်ရမည့်အချက်များကို ရှင်းပြပါ။
အမွေဆိုင်တစ်ဦးမှ အမွေဝေစုရရန်အတွက် အမွေပုံပစ္စည်း လက်ဝယ်ထားသူထံ အချိန်မရွေး တောင်းဆိုမှုပြုနိုင်ပြီး အမွေဆိုင်အားလုံးသဘောတူညီပါက အမွေခွဲဝေမှုပြုနိုင်သည်။ ထို့သို့အမွေခွဲဝေမှုတွင် မရွှေ့မပြောင်းသော ပစ္စည်းများ ပါဝင်ပါက မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ထို့ပြင် ပစ္စည်းခွဲဝေမှု ပြုလျှင်လဲ အမွေစား ၊ အမွေခံများအားလုံး စုံလင်စွာ ပါဝင်ရပါမည်။
ဖခင်သေဆုံးလျှင် ဩရသသားသည်လည်းကောင်း၊ မိခင်သေဆုံး လျှင်ဩရသသမီးသည် အမွေ၏ လေးပုံတစ်ပုံကိုလည်းကောင်း ရထိုက်ခွင့်ရှိသည်။ သို့သော်မိခင် သေဆုံးလျှင် ဩရသသားသည် အဖေထံမှ အမွေတောင်းခံပိုင်ခွင့်မရှိသေးဘဲ ဖခင်နောက်အိမ်ထောင်ပြုသည့်အခါမှ အမွေလေးပုံတစ်ပုံ တောင်းခံနိုင်သည်။ ထို့နည်းတူ ဩရသသမီးသည်လဲ မိခင်ကွယ်လွန်သောအခါ ဖခင်ထံမှ အမွေတောင်းခံပိုင်ခွင့်မရှိသေးဘဲ မိခင်နောက်အိမ်ထောင်ပြုသည့်အခါ လေးပုံတစ်ပုံရရှိမည်ဖြစ်ပါသည်။
ဩရသသည် မိဘတစ်ဦးဦးကွယ်လွန်စဉ် မိမိရရန်ရှိသော ဝေစုကို မရရှိခဲ့သေးလျှင် ကျန်ရစ်သူ နောက်မိဘတစ်ဦးဦးကွယ်လွန်စဉ် ညီအစ်ကိုမောင်နှမများနှင့် အမွေအညီအမျှရရှိမည်ဖြစ်သည်။(ဒေါ်ပန် နှင့်မညှီ(၁၈၉၇-၀၁) အထက်မြန်မာ အတွဲ-၂စာ ၁၀၄(D1C 187)
ကွယ်လွန်သူ လင်မယား(၂)ဦးမှာ သွေးရင်းသားရင်းသားသမီးမရှိပါက (၁)ညီအကိုမောင်နှမ၊ (၂)မိဘ၊(၃)ဘိုးဘွား၊(၄) မိတူဖကွဲ၊ဖတူမိကွဲ ညီအစ်ကိုမောင်နှမ၊(၅) မိဘအရင်း၏ လင်ပါမယားပါသားသမီး၊ (၆)ဦးကြီး၊ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေး။ (၇)တူ၊တူမများ၏သားသမီး။ (၈)တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမတို့ အမွေဆက်ခံခွင့်ရရှိမည်ဖြစ်သည်။
အမွေဆိုင်များ ညှိနှိုင်းကာ ပစ္စည်းခွဲဝေခြင်းမပြုနိုင်ပါက အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုရမည်ဖြစ်ပါသည်။ တရားစွဲဆိုရန်အတွက် ကာစည်းကမ်းသတ်မှာ အမွေပုံပစ္စည်း လက်ဝယ်ထားသူမှ ဆန့်ကျင်လက်ရှိထားသည်အချိန်မှာ (၁၂)အတွင်း တရားစွဲဆိုမှုပြုရန် လိုအပ်ပါသည်။
ကွယ်လွန်သူရရန်ရှိသည့် ကြွေးမြီကို ရလိုကြောင်း တောင်းဆိုသည့်အမှုများ၌ အမွေထိန်းအက် ဥပဒေ-၃၁(သို့) ၃၂အရ ထုတ်ပေးထားသော အမွေဆက်ခံခွင့်လက်မှတ် လိုအပ်ပါသည်။
ကွယ်လွန်သူ ကျန်ရစ်သော အမွေပုံပစ္စည်းအား စီမံခန့်ခွဲမှုပြုပေးနိုင်ရန်နှင့် ကွယ်လွန်သူ၏ အမွေ ဆက်ခံသူများအား ခွဲဝေပေးစေရန် ဆက်ခံသူတစ်ဦးအား အမွေထိန်းခန့်အပ်ပေးနိုင်သည်။ အမွေပုံပစ္စည်းကို ထိန်းသိမ်းနိုင်ရန် တာဝန်ခေတ္တပေးအပ်ခြင်းသာဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
မေးခွန်း(၂) - အမွေဆိုင်တစ်ဦးသည် အမွေခွဲဝေခြင်းမပြုရသေးဘဲ အိမ်ခြံမြေကို အမည်ပြောင်းထားပါက မည်သို့လုပ်ဆောင်ရမည်နည်း။
အမွေဆိုင်များသည် အမွေခွဲဝေမှုမပြုရသေးပါက မည်သည့်အချိန်တွင်မဆို အမွေခွဲဝေမှုရန်အတွက် ညီနှိုင်းပြုလုပ်နိုင်ကြပြီး အမွေဆိုင်တစ်ဦးမှ အမွေပစ္စည်းအား ယူထားလျှင် (သို့) အိမ်ခြံမြေများအား အမည်ပြောင်းလဲခြင်း ဆောင်ရွက်ထားလျှင် ထို့သို့ဆန့်ကျင်လက်ရှိထားသည့် (၁၂)နှစ်အတွင်း တရားစွဲဆိုမှုပြုရန် လိုအပ်ပါသည်။ မိဘတစ်ဦးကျန်ရှိကာ နောက်အိမ်ထောင်ပြုသည်ဆိုလျှင်လဲ နောက်အိမ်ထောင်ပြုချိန်မှ (၁၂)နှစ် အတွင်း တရားစွဲဆိုရမည်။ အဆိုပါအချိန် ကာလစည်းကမ်းသတ်အချိန် ကာလအတွင်း တရားမစွဲဆိုပါက တရားစွဲ ဆိုခွင့် ဆုံးရှုံးမည်ဖြစ်ပါသည်။
အမွေစားအမွေခံများသည့် အမွေပုံပစ္စည်းအား အမွေခွဲဝေ၍ လက်ရောက်အပ်ပေးရန် တရားစွဲဆိုခွင့် မရှိသောကြောင့် အမွေခွဲဝေခြင်း မပြုရသေးဘဲ အိမ်ခြံမြေ အမည်ပြောင်းထားသော အမွေဆိုင်အပေါ်တွင် အမွေပုံပစ္စည်းကို တရားရုံးမှ စီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုရပါမည်။
အမွေပုံပစ္စည်း စီမံမှုပြုပေးရန် တရားစွဲဆိုနိုင်သူများမှာ...
(၁) ကွယ်လွန်သူ အမွေရှင်၏ မြီရှင်
(၂) သေတမ်းစာအရ အမွေရခွင့်ရှိသူ
(၃) ကွယ်လွန်သူ၏ အမွေစားအမွေခံ
(၄) အမွေထိန်း တို့ဖြစ်ပါသည်။
တနည်းဆိုသော် အမွေပုံပစ္စည်းအား စာရင်းရှင်းလင်းပေးစေရန်အတွက် တရားရုံး၌ တင်ပြတောင်းဆိုခြင်းပဲ ဖြစ်ပါသည်။ ထိုသို့ တရားစွဲဆိုရာ၌ အမွေဆိုင်များအားလုံးအား ထည့်သွင်းပြီး တရားစွဲဆိုမှုပြုရမည်။ အမွေဆိုင် မစုံလင်ပါက တရားရုံးမှ အမွေမှုအား ပလပ်မည်ဖြစ်သည်။ အမွေပုံပစ္စည်းအား မိမိပိုင်ပစ္စည်းဖြစ်ကြောင်း မြွတ်ဟကြေညာပေးစေရန် တရားစွဲဆိုခွင့်လဲ မရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
မေးခွန်း(၃) - အမွေဆိုင်များသည် အမွေဆိုင်ပစ္စည်းကို မည့်သည့်အခါတွင် ဦးစွာဝယ်ပိုင်ခွင့်ဆုံးရှုံးသနည်း။
အမွေဆိုင်ပစ္စည်းအား အမွေဆိုင်တစ်ဦးမှ ဦးစွာဝယ်ယူပိုင်ခွင့် အခွင့်အရေးရှိပါသည်။ သူစိမ်းများကို လွှဲပြောင်းခြင်းမပြုရသေးခင် ရှေးဦးစွာအမွေဆိုင်များမှ ဝယ်ယူနိုင်သည့်အခွင့်အရေးရှိသလို အကယ်၍ ရောင်းချပြီးပါကလဲ ပြန်လည်ရောင်းချရန် တောင်းဆိုနိုင်သည့်အခွင့်အရေးရှိပါသည်။
ဦးစွာပေး ဝယ်ယူနိုင်သည့်အခွင့်အရေးအား အမွေဆိုင်များအား ပေးအပ်ထားခြင်းမှာ မိမိတို့ ဘိုးဘွားအစဉ်အဆက် ဆက်ခံခွင့်ပစ္စည်းအား သူစိမ်းအခြားသူ လက်ထဲသို့မရောက်စေဘဲ သားစဉ်မြေးဆက် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဦးစွာဝယ်ယူခွင့်မှာ မြန်မာဗုဒ္ဓဘာသာဝင် အမွေဆိုင်တို့၏ အခွင့်အရေးတစ်ရပ်သာဖြစ်ပါသည်။
အမွေဆိုင်သဘောတူညီမှုမရှိဘဲ အခြားသူစိမ်းများထံ အမွေပုံပစ္စည်းအား ရောင်းချခြင်းပြုပါက အဆိုပါ အရောင်းအဝယ်မှာ ပျက်ပြယ်မည်ဖြစ်ပါသည်။ အမွေဆိုင်မှ အမွေပစ္စည်းအား ဦးစားပေးဝယ်ယူနိုင်သည့် အခွင့်အရေးမရရှိသည့်အခါ သူစိမ်းထံတွင် ရောင်းချသော အရောင်းအဝယ်စာချုပ် ပျက်ပြယ်စေရန်၊ ပစ္စည်းကို ပြန်လည်ဝယ်ယူခွင့် ဦးစွာပေးအခွင့်အရေးရရှိရန် တရားစွဲဆိုနိုင်ပြီး အမွေပစ္စည်းနှင့် သက်ဆိုင်သဖြင့် အမှုသည်အဖြစ် အမွေဆိုင်များကိုပါ ထည့်သွင်းရပါမည်။
ဦးစွာဝယ်ယူခွင့် ဆုံးရှုံးခြင်းဖြစ်ပေါ်စေနိုင်သော အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အမွေဆိုင်တစ်ဦးသည် အမွေပုံပစ္စည်းအား လွှဲပြောင်းဝယ်ယူသည့်အခါ သူစိမ်းအား ရောင်းချသည့် တန်ဖိုးအတိုင်း မဝယ်ယူပါက ဦးစားပေးဝယ်ယူနိုင်သည့်အခွင့်အရေးရရှိမည် မဟုတ်ပါ။
- ပစ္စည်းမှာလဲ အမွေပုံပစ္စည်းနှင့်သက်ဆိုင်သော အမွေဆက်ခံခွင့်ပစ္စည်းသာဖြစ်ရမည်ဖြစ်ပြီး ၎င်းနှင့် ဆက်စပ်နေသော အခြားသော အမွေဆက်ခံခွင့်မရှိသည့်ပစ္စည်းများတွင် ဦးစားပေး အခွင့်အရေး ရရှိမည် မဟုတ်ပါ။
- အမွေမခွဲဝေမှီအချိန်သာ အဆိုပါဦးစွာဝယ်ယူနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး အမွေခွဲဝေပြီး ပါကဦးစားပေးအခွင့်အရေး အမွေဆိုင်မှာ ဆုံးရှုံးမည်ဖြစ်သည်။
- အမွေဆိုင်မှ အမွေခွဲဝေမှုပြုပြီး ကာလစည်းကမ်းသတ်(၁)နှစ်ကျော်မှ ဦးစားပေးအခွင့်အရေးကို တောင်းဆိုခွင့်မရှိပါ။
- ဦးစွာဝယ်ယူနိုင်ခွင့် အခွင့်အရေးမှာ အမွေဆိုင်အချင်းချင်းသာ တောင်းဆိုပိုင်ခွင့်ရှိပြီး အခြားသူများ တောင်းဆိုပိုင်ခွင့်မရှိကြောင်း ဖြေဆိုပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com