ဗဟုသုတ | Posted by နှင်းအိခင်
ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
⚖️မေးခွန်း (၁) - အိမ်ငှါးချထားတဲ့ အိမ်ကိုဝယ်ယူပါက ဘယ်လိုအရှုပ်အရှင်းတွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။
မိမိဝယ်ယူသည့်တိုက်ခန်းများမှာ အိမ်ငှားရှိပါက မဝယ်ယူသင့်ပါ။ အိမ်ငှားများအား ငှားရမ်းခြင်း စာချုပ်ပြည့်မီသည့်အခါ ဖယ်ရှားထွက်ခွာမှုပြုရန် ညွှန်ကြားနိုင်သူမှာလဲ ငှားရမ်းမှုပြုထားသည့် မူလပိုင်ရှင်ထံ တွင်သာ ရှိပါသည်။ ဖယ်ရှားရခက်နေသော အိမ်ရှင် အိမ်ငှားပြသနာများတွင် ကာလစည်းသတ်သတ် ပေါ်ပေါက် ရန်အတွက် အိမ်ရှင်မှ ငှားရမ်းခြင်းကို ရပ်စဲကြောင်း နို့တစ်စာပေးပို့ရန် လိုအပ်ပါသည်။ ကာလစည်းကမ်းသတ်(၁၂)ကျော်ပါက ကျူးကျော်နေထိုင်သူသည် ဆန့်ကျင်နေထိုင်ခွင့် ရရှိနေမည်ဖြစ်ပါ သည်။ ထို့သို့ကိစ္စရပ်များ၌ တရားစွဲဆိုသည့်အခါ ကာလစည်းကမ်းသတ် အငြင်းပွှားမှုများလဲ ပေါ်ပေါက်လာနိုင်ပါသည်။
အိမ်ငှားများမှာ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၀၈(ထ)အရ ငှားရမ်းခြင်းကို ရပ်စဲသည့်အခါ ဥပစာကို အိမ်ရှင်အား ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည် မှန်သော်လည်း ဖယ်ရှားမပေးသည့်အခါ အိမ်ရှင်မှာ နှင်လိုမှုနှင့် ငှားရမ်းခ ကျသင့်ငွေများအတွက် တရားစွဲဆိုနိုင်ပါသည်။ အိမ်ငှားက ငှားရမ်းခပေးသော်လည်း အိမ်ရှင်က လက်မခံသည့်ကိစ္စရပ်များတွင် ပုဒ်မ-၁၆အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ငှားရမ်းခ ပေးသွင်း၍ ငှားရမ်းခြင်း ကာလ အတိုင်း အိမ်ငှားမှာ ဆက်လက်နေထိုင်ခွင့်လဲ ရှိနေပါသေးသည်။
ပုဒ်မ-၁၆(၁)အရ ဥပစာအတွက် စံငှားရမ်းခ သတ်မှတ်ပေးရန် ကြီးကြပ်ရေးဝန်(မြို့နယ်အုပ်ချုပ်ရေးမှူး)ထံ ငှားရမ်းသူအိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးစလုံး လျှောက်ထားတောင်းဆိုနိုင်ပါသည်။ တစ်နှစ်ထက်ပိုသော ငှားရမ်းခြင်း များတွင် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၀၇၊ မှတ်ပုံတင်စာချုပ်စာတမ်း ဥပဒေပုဒ်မ-၁၆(ဃ)အရ မှတ်ပုံတင်မှ တရားဝင်မည်ဖြစ်ကာ တံဆိပ်ခေါင်းခွန်လဲ ထမ်းဆောင်ရမည်ဖြစ်ပါသည်။
ထို့အပြင်အိမ်ရှင်မှ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပြုထားသူများ ရှိပါက ထိုသူများသည် မူလအိမ်ရှင်နှင့် နေထိုင်ရန်အတွက် သတ်မှတ်ကာလမထားရှိခဲ့သဖြင့် ပိုင်ရှင်အား ဆန့်ကျင်လက်ရှိနေထိုင်သူအဖြစ် မည်သည့်အခါမှ ဖြစ်မည်မဟုတ်ကြောင်း၊ ဖယ်ရှားမှုပြုရန်လဲ ခက်ခဲနေမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
⚖️မေးခွန်း (၂) - မိဘအမွေပစ္စည်းကို မိဘပေးလိုသော သားသမီးအား ပေးခွင့်ရှိပါသလား။
မိဘများ အမည်ပေါက်ပိုင်ဆိုင်ကာ မရွှေ့ပြောင်းနိုင်သော ပစ္စည်း အိမ်၊ခြံ၊မြေကို ဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်း ရွှေ၊ငွေ လက်ဝတ်ရတနာကိုဖြစ်စေ မိဘနှစ်ဦးသဘောတူညီချက်ဖြင့် သားသမီးတစ်ဦးဦးကို ပေးကမ်းခြင်းပြုနိုင်ပါသည်။ မိဘနှစ်ဦး သက်ရှိထင်ရှားရှိစဉ် ပေးကမ်းသည့်ပစ္စည်းအား လက်ခံသူသားသမီးထံ တိုက်ရိုက် ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခြင်းပြုမှသာ တရားဝင်မည်ဖြစ်ပါသည်။
မိဘများမှ သားသမီးတစ်ဦးဦးအား မေတ္တာဖြင့် ၎င်းပိုင်ပစ္စည်းတစ်စုံတစ်ရာအား ပေးကမ်းခြင်းကို ကျန်သားသမီးများမှ ကန့်ကွက်ခြင်း မပြုနိုင်သော်လည်း ပစ္စည်းအားလုံးအား အမွေခွဲဝေမှု မကျန်ရှိစေရန် ပေးကမ်းခြင်းတော့ မပြုနိုင်ပါ။ ပစ္စည်းအားလုံးအား လွှဲပြောင်းပေးကမ်းခြင်းဖြစ်ပါက အဆိုပါပေးကမ်းခြင်း စာချုပ်မှာ ပျက်ပြယ်ပါသည်။
မေတ္တာဖြင့် ပေးကမ်းမှုမှာ တစ်ဦးတစ်ယောက်မှ မိမိပိုင်ပစ္စည်းတစ်စုံတရာကို အဖိုးစားနားမပါဘဲ လွှဲပြောင်းပေးကမ်းခြင်းပင်ဖြစ်ကာ လက်ခံသူမှ ပေးအပ်ခြင်းအား မိမိသဘောဆန္ဒအတိုင်း ငြင်းပယ်ခွင့်လဲရှိပြီး လက်ခံခြင်းမပြုလျှင် မေတ္တာဖြင့်ပေးခြင်းလဲ မထမမြောက်နိုင်ပါ။ (၁၉၉၅ မတစ စာ ၂၀၅ ဒေါ်အေးအေးယု နှင့် ဦးဂါယုပါ-၂ စီရင်ထုံး) မိဘများမှာ သားသမီးအားလုံးပါဝင်၍ မိသားစုစီမံမှုစာချုပ်လဲ ချုပ်ဆိုခြင်းပြုနိုင်ပြီး မိဘများ ကွယ်လွန် ပြီးနောက်မှ မိသားစုစီမံမှုစာချုပ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းအား မေတ္တာဖြင့် အပိုင်ပေးကမ်းရာတွင် မြေပုံထုတ်ယူမှုပြုရမည်ဖြစ်ပြီး မြေပုံထွက်ရှိရန်အတွက် မြေပိုင်ဆိုင်မှုအထောက်အထား ဂရန်၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ မြေခွန်ပြေစာ (သို့) ကြွေးကျန်မရှိကြောင်း ထောက်ခံချက်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမှုဌာန သို့ တင်ပြပေးရပါမည်။
မြေပုံထွက်ရှိပါက ပြည်တွင်းအခွန်ဦးစီးဌာနမှ သတ်မှတ်သည့်အခွန်အား ထမ်းဆောင်နိုင်ရန်အတွက် အိမ်၊ခြံ၊မြေ ဓာတ်ပုံ၊ ပေးသူ ယူသူ မှတ်ပုံတင်သန်ခေါင်စာရင်း ၊ မြေပိုင်ဆိုင်မှု မြေငှားစာချုပ်၊ ပေးကမ်း ခြင်း စာချုပ် ၊ ပေးသူ ယူသူ ခံဝန်ချုပ်၊ မြေပုံ/မြေရာဇဝင်၊ ပေးသူ ယူသူတော်စပ်မှု ကျမ်းကျိန်လွှာ၊ ကျန်မောင်နှမများမှ ကန့်ကွက်ရန်မရှိကြောင်း ကျမ်းကျိန်လွှာတို့ဖြင့် ရာဖြတ်ရုံးသို့တန်ဖိုး စီစစ်ရန်အတွက် တင်ပြနိုင် ရပါမည်။
ရာဖြတ်တန်ဖိုးထွက်ရှိပါက အခွန်ထမ်းဆောင်မှုပြုပြီး မှတ်ပုံတင်စာချုပ်အား စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ချုပ်ဆိုမှုပြုရမည်ဖြစ်ပါသည်။ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှသာ သားသမီးတစ်ဦးဦးအား ပေးကမ်းခြင်းမှာ အထမြောက်မည်ဖြစ်ပြီး လက်ခံသူမှ မြေပိုင်ဆိုင်မှု အမည်ပေါက် ပြောင်းလဲခြင်း ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။
မေတ္တာဖြင့် ပေးကမ်းမှုတွင် လက်ခံသူအား လွှဲပြောင်းရောင်းချ ၊ ပေါင်နှံခြင်း မပြုရန် ပေးအပ်သူမှ ကတိရယူထားခြင်းများရှိပြီး လက်ခံသူမှ လိုက်နာမှုမရှိလျှင် မေတ္တာဖြင့် ပေးကမ်းခြင်းစာချုပ်မှာ ပျက်ပြယ်မည်ဖြစ်ကြောင်း ရေးသား ဖြေဆိုပေးလိုက်ပါသည်။
⚖️မေးခွန်း (၃) - ကန်ထရိုက်တိုက်ဆောက်ပြီးတဲ့အခါ အိမ်ရှင်ဘက်အခြမ်းက (BCC) မလိုပဲ နေလို့ရပါသလား။
ကန်ထရိုက်နှင့် မြေရှင် အဆောက်အအုံသစ် ဆောက်လုပ်ရန် အကျိုးတူစာချုပ် ချုပ်ဆိုကြပြီးပါက စည်ပင် သာယာရေးကော်မတီ ယာ / အုံ ဌာနတွင် ဆောက်လုပ်ခွင့်ပါမစ် လျှောက်ထားခြင်း ဆောင်ရွက်ရမည်ဖြစ်ပါ သည်။
အဆောက်အအုံဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိစေရန်အတွက် ဌာနမှ လျှောက်လွှာအား စီစစ်ပြီးမှ ခွင့်ပြုချက်ထုတ်ပေးမည်ဖြစ်ပါသည်။
အစိမ်းဘုတ်ရရှိမှသာ တရားဝင်အဆောက်အအုံသစ် ဆောက်လုပ်ခွင့်ရှိမည်ဖြစ်ပြီး ဆောက်လုပ်ခွင့် ပါမစ်တင်ရာ၌ - ဆောက်လုပ်ခွင့် ပါမစ်လျှောက်လွှာ၊ ကိုယ်စားလှယ်လွှဲစာ (လိုအပ်လျှင်)၊ လျှောက်ထားသူ၏ ခံဝန်ကတိ၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာမှ လက်မှတ်ရေးထိုးထားသော ခံဝန်ကတိ၊ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ သက်ဆိုင်ရာဌာနမှ (၃)နှစ်အတွင်း ထုတ်ပေးထားသော D/Mapနှင့် ဂရန် (သို့)မြေပိုင်ဆိုင်မှု အထောက်အထား ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၏ အကြံပြုချက်(လိုအပ်လျှင်)၊ အဆိုပြုအဆောက်အဦ၏ ဗိသုကာပုံစံ၊ အဆိုပြုအဆောက်အအုံ ပတ်ဝန်းကျင်၏ လက်ရှိအခြေအနေပြ ဓာတ်ပုံမှတ်တမ်း၊ မီးသတ်ဦးစီးဌာန၏ အကြုံပြုချက် (လိုအပ်လျှင်)၊ သတ်မှတ်ပတ်ဝန်းကျင် (၁၀)အိမ် ထောက်ခံချက် (လိုအပ်လျှင်)တို့ တင်ပြပြီး လျှောက်ထားမှုပြုရပါမည်။ မိမိဆောက်လုပ်မည့် အဆောက်အအုံ၏ အထပ်အမြင့် အရေအတွက်ပေါ်မူတည်ပြီး ဆောက်လုပ်ခွင့်ပါမစ် လျှောက်ထားရာတွင် ကွာခြားချက်များ ရှိပါသည်။
အဆိုပါ ဆောက်လုပ်ခွင့်ပါမစ်၌ လူနေထိုင်ရန်နှင့် လုပ်ငန်းလုပ်ရန် ဟူ၍ ခွဲခြားသတ်မှတ်ထားချက်များရှိပါသည်။ သတ်မှတ်ဆောက်လုပ်ရေးကာလအတွင်း ဆောက်လုပ်ခွင့်ပါမစ်နှင့်အညီ ဆောက်လုပ်ပါက အဆောက်အအုံပြီးစီးကြောင်း BCC (Building Complete Certificate) ဆက်လက်လျှောက်ထား ခြင်းပြုနိုင်ကာ ပြည့်စုံမှုရှိက BCC ချထားပေး မည်ဖြစ်ပါသည်။ အဆောက်အအုံပုံစံနှင့် ကွဲလွဲစွာ ဆောက်လုပ်ထားခြင်း ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောက်လုပ်ခြင်း မရှိပါက ဌာနမှ BCC (Building Complete Certificate) ချထားပေးမှာ မဟုတ်ပါဘူး။
BCC (Building Complete Certificate)မှာ တစ်တိုက်လုံးအတွက် ချထားပေးသော အဆောက်အဦး ပြီးစီး ကြောင်း အသိအမှတ်ပြုမှု လက်မှတ်ပင်ဖြစ်ပြီး မြေရှင်ကန်ထရိုက် သဘောတူညီချက် စာချုပ်ပါအတိုင်း ကတိပြုသူမှ လျှောက်ထားရယူပေးရန် လိုအပ်ပြီး BCC မရရှိသော အဆောက်အအုံဖြစ်ပါက နေထိုင်ဝယ်ယူရန် မသင့်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com