ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တာဇံနှင့် မြေအောက်ကမ္ဘာရုပ်ရှင်တွင် ဂေါ်ဇီလာကြီးများ၊ မြေအောက်သမုဒ္ဒရာကြီးများ၊ မျောလွင့်နေသော ကျောက်တုံးကြီးများ၊ ပွက်ပွက်ဆူနေသော မြစ်ကြီး အစရှိသည်တို့ ကြည့်ရှုခဲ့ဖူးသည်။
ပွက်ပွက်ဆူနေသောမြစ်ဟူသည်မှာ စိတ်ကူးယဉ်ရုပ်ရှင်ဝတ္ထုထဲတွင်သာ တွေ့နိုင်သော ပုံပြင်ဆန်သည့်အရာသာ ဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။
သို့သော် အမေဇုန်တောနက်ကြီးထဲတွင် ပွက်ပွက်ဆူနေသော မြစ်ကြီးတစ်ခု အမှန်တကယ် တည်ရှိနေသည်ကို သိပ္ပံပညာရှင်တစ်ဦးက မျက်ဝါးထင်ထင် တွေ့ရှိခဲ့သည်။
၎င်းကိုယ်တိုင်သည်လည်း ပွက်ပွက်ဆူ မြစ်ဆိုသည်မှာ ယုံတမ်းစကားဆန်ပြီး လက်တွေ့ကမ္ဘာတွင် မရှိနိုင်ဟု ယူဆခဲ့သူ ဖြစ်သည်။
(▲ အဆိုပါ သိပ္ပံပညာရှင်က ယုံတမ်းပုံပြင်ဆန်လှသော ပွက်ပွက်ဆူမြစ်ကြီးကို ကိုယ်တိုင် ဗွီဒီယို ရိုက်ကူးကာ ကမ္ဘာသို့ ချပြခဲ့သည်။)
အမေဇုန်တောကြီးသည် အလွန်ကြီးမားကျယ်ပြောလှပြီး နိုင်ငံအများအပြားကို ဖြန့်ကျက်ထားရာ ပွက်ပွက်ဆူမြစ်ကြီး တည်ရှိသည့်နေရာမှာ ပီရူးနိုင်ငံ၊ မေယန်တူယာကူ ဒေသတွင်ဖြစ်ကာ တွေ့ရှိခဲ့သော ဗွီဒီယို ရိုက်ကူးခဲ့သော သိပ္ပံပညာရှင်၏ အမည်မှာ အန်ဒရက်စ် ရူဇို ဖြစ်သည်။
ပွက်ပွက်ဆူမြစ်ကြီး၏ အမည်မှာ “ရှနေး ထင်းပစ်ရှ်ကာ” ဟု ခေါ်ပြီး ဒေသခံတို့၏ ဘာသာစကားအရ နေအပူဖြင့် ပွက်ပွက်ဆူနေသောဟု အဓိပ္ပာယ်ရသည်။
မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေသည်ပင်လျှင် နှာသီးဖျားကို ခြစ်ခြစ်တောက် ပူလောင်စေပြီး အဆုတ်ထဲအထိ ပြင်းထန်သော အပူငွေ့ဟပ်ကြောင်း ဘူမိသိပ္ပံပညာရှင် အန်ဒရက်စ်က ပြောသည်။
“မြစ်ကြီးရဲ့ အပူပြင်းဆုံး အပူချိန်က ၂၁၀ ဒီဂရီ ဖာရင်ဟိုက် (၁၀၀ ဒီဂရီ စင်တီဂရိတ်) ရှိတာကို တိုင်းတာသိရှိခဲ့ပါတယ်” ဟု အန်ဒရက်စ်က ပြောသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကော်ဖီတစ်ခွက်၏ ပျမ်းမျှအပူချိန်မှာ ၁၃၀ ဒီဂရီ ဖာရင်ဟိုက် (၅၅ ဒီဂရီ စင်တီဂရိတ်) သာ ရှိသည်။
“ရေတွေ ဒီလောက်ပူပြင်းနေတာ တွေးရခက်ပါတယ်”
“ရေထဲကို လက်ထိုးနှစ်လိုက်ရင် စက္ကန့်ပိုင်းအတွင်း အကြီးအကျယ် ဒဏ်ရာရသွားနိုင်ပါတယ်။ ငှက်တွေကနေ တွားသွားသတ္တဝါတွေအထိ မြစ်ထဲကျ အရှင်လတ်လတ် အပြုတ်ခံရပြီး သေသွားကြတာ အများကြီးတွေ့ခဲ့ ရတယ်”
(အမေဇုန်တောကြီးထဲမှ ဒဏ္ဍာရီဆန်သော ပွက်ပွက်ဆူမြစ်ကြီးကို အန်ဒရက်စ်က ဗွီဒီယိုရိုက်ကူးခဲ့ပြီး Great Big Story က ထုတ်လွှင့်ခဲ့သည်)
အန်ဒရက်စ်သည် အမေဇုန်တောထဲမှ ပွက်ပွက်ဆူမြစ်ကြီးကို တွေ့ခဲ့ချိန်တွင် အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်၊ တောင်ပိုင်း မက်သဒစ် တက္ကသိုလ်၌ ဘူမိရူပဗေဒ ပါရဂူတန်း တက်နေသော ကျောင်းသားဘဝဖြစ်ပြီး ကလေးဘဝကတည်းက ပွက်ပွက်ဆူမြစ်ကို ရှာဖွေရန် စိတ်ကူးရှိခဲ့သည်။
(မြစ်ရေ၏ အပူပြင်းဆုံး အပူချိန်မှာ ၂၁၀ ဒီဂရီ ဖာရင်ဟိုက် (၁၀၀ ဒီဂရီ စင်တီဂရိတ်) ရှိသည်။ မြစ်အတွင်း အရှင်လတ်လတ် အပြုတ်ခံရကာ သေဆုံးနေသော တိရ စ္ဆာန်များ မကြာခဏတွေ့ရကြောင်း အန်ဒရက်စ်က ပြောသည်။)
(အဘိုးဖြစ်သူက အိပ်ရာဝင်ပုံပြင်များ ပြောပြချိန်ကတည်းက ပွက်ပွက်ဆူမြစ်ကို စိတ်ဝင်စားခဲ့ကြောင်း အန်ဒရက်စ်က ပြောသည်။)
(ပွက်ပွက်ဆူမြစ်ကြီးသည် ဌာနေ အရှန်နင်ကာ တိုင်းရင်းသားတို့ အထွတ်အမြတ်ထားသည့်နေရာဖြစ်သည်)
မြစ်၏ အကျယ်ဆုံးနေရာမှာ ၈၂ ပေရှိပြီး အကျဉ်းဆုံးနေရာမှာ ပေ ၂၀ ရှိသည်။
မြေရေ ဆူပွက်နေသည့် အကြောင်းရင်းမှာ မြေအောက်ရေပူတို့ စီးဆင်းသော စမ်းချောင်းများ စီးဝင်မှုကြောင့် ဖြစ်သည်။
(မြစ်ရေကို ခပ်ကာ လဘက်ရည်ဖျော်သောက်၍ ရသည်။ အချို့နေရာများတွင် တဗွမ်းဗွမ်း ဆူပွက်နေသည်)
(မိုးရေတို့သည် မြေအောက် အနည်ကျကျောက်လွှာထဲသို့ စိမ့်ဝင်သွားပြီး ကျောက်လွှာတစ်လျှောက် ဖြတ်သန်းစီးဆင်းကာ ကမ္ဘာမြေ၏ မူလဘူတ အပူဓာတ်ကြောင့် ရေပူများအဖြစ် ပြောင်းလဲသွားပြီး ပြတ်ရွေ့ကြော အက်ကြောင်းများမှတဆင့် မြေပေါ်သို့ ပြန်ထွက်လာသည်)
(ပွက်ပွက်ဆူမြစ်ကြီး၏ တည်နေရာမှာ ပီရူးနိုင်ငံ၊ မေယန်တူယာကူ ဒေသတွင် ဖြစ်သည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Amazonian river in the heart of the rainforest can reach temperatures of 100°C and is so hot that it BOILS its victims alive