ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
စင်္ကာပူတွင် အခြေချနေသော အီတလီနိုင်ငံသားတစ်ဦးက စင်္ကာပူ၏ လူနေမှုစရိတ်မှာ အတော်လေးသက်သာကြောင်း ရဲရဲတင်းတင်း ပြောဆိုလိုက်မှုမှာ စင်္ကာပူနိုင်ငံသားတို့က လူနေမှုစရိတ် ကြီးမြင့်လှကြောင်း ပြောဆိုနေမှုများနှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်။
အင်ဒရေ ဖာစီအမည်ရှိ အီတလီအမျိုးသားသည် စင်္ကာပူတွင် အခြေချနေထိုင်လျက်ရှိသည်မှာ ၄ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။
အင်ဒရေက သူ၏ အငြင်းပွားဖွယ်အမြင်ကို အင်စတာဂရမ်တွင် ဗွီဒီယိုဖိုင်တစ်ခုဖြင့် ပြောကြားထားခဲ့ရာ လျင်မြန်စွာ ပျံ့နှံ့ဂယက်ရိုက်သွားသည်။
“ဒီမှာ လူနေမှုစရိတ်ကြီးတယ်လု့ လူတိုင်းညည်းငြူနေကြပါတယ်” ဟု အင်ဒရေက ပြောသည်။
“ဒါပေမယ့် ရိုးရိုးသားသားပြောရရင် မြို့လယ် စီးပွားရေးရပ်ကွက်နဲ့ တချို့နေရာတွေကလွဲလို့ လူအများစုအတွက် နေ့စဉ်လိုအပ်ချက်တွေဟာ တော်တော်ဈေးသက်သာနေတုန်းပါ”
စင်္ကာပူတွင် kopi siew dai တစ်ခွက်လျှင် စင်္ကာပူ ၁ ဒေါ်လာသာ ပေးရကြောင်း အင်ဒရေက ထောက်ပြသည်။
“ဒါက အမေရိကန်ဒေါ်လာနဲ့ဆို ပြား ၇၀ ပဲရှိပါတယ်။ ကျွန်တော်ပြောချင်တာက ဒီလိုဈေးသက်သာတဲ့ ကော်ဖီမျိုး ဘယ်မှာ ရှာလို့ရမလဲဆိုတာပါ”
အချို့သောနေရာများနှင့် luxury ပစ္စည်းတို့မှာ ဈေးကြီးသည်ကို အင်ဒရေက အသိအမှတ်ပြု လက်ခံသည်။
သို့သော် စင်္ကာပူတွင် အများစုမှာ သက်သောင့်သက်သာရှိသည့် လူနေမှု အဆင့်အတန်းဖြင့် နေထိုင်ရန် တတ်နိုင်ကြကြောင်း ၎င်းက ပြောသည်။
Hawker center ကဲ့သို့ စားသောက်ဆိုင်တန်းများမှ အစားအစာများ၊ MRT စီးခများ၊ ကုန်စုံဆိုင်တွင် ဈေးဝယ်မှုများနှင့် အပန်းဖြေသွားလာမှုအားလုံးမှာ သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းသာရှိကြောင်း အင်ဒရေက ရှင်းပြသည်။
ထို့အပြင် အများပြည်သူ အခမဲ့အသုံးပြုနိုင်သော ပန်းဥယျာဉ်များ၊ စိမ်းလန်းသောနေရာများလည်း ရနိုင်ကြောင်း ၎င်းက ထောက်ပြသည်။ အင်ဒရေသည် လက်ရှိအားဖြင့် ကွန်ဒိုခန်းတစ်ခုတွင် နေထိုင်လျက်ရှိပြီး နေ့စဉ်သွားလာရေးအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုကာ အနီးရှိ ကော်ဖီဆိုင်များတွင် မကြာခဏ ညစာစားလေ့ရှိသည်။
စင်္ကာပူသည် အီတလီမြောက်ပိုင်းမှ ၎င်း၏ ဇာတိမြို့နှင့် ယေဘုယျအားဖြင့် လူနေမှုစရိတ် တူညီကြောင်း၊ သိသာသည့် ခြားနားချက်မှာ နေစရိတ်ဖြစ်ကြောင်း အင်ဒရေက နှိုင်းယှဉ်ပြသည်။
စင်္ကာပူတွင် အိမ်လခနှင့် အိမ်ဈေးနှုန်းများ ကြီးမြင့်သည်ကို အင်ဒရေက လက်ခံသည်။ သို့သော် အခြားဘက်တွင် အသုံးအစွဲလျှော့လိုက်မည်ဆိုပါက ထေမိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အင်ဒရေသည် လူမှုကွန်ရက်တွင် စင်္ကာပူ၏ ကောင်းကြောင်းများကို မကြာခဏ ပြောဆိုလေ့ရှိရာ HDB အခန်းတို့မှ amenities နှင့် facilities များကို မကြာခဏ ချီးကျူးလေ့ရှိသည်။
အင်ဒရေ၏ ပြောဆိုမှုနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား အမျိုးမျိုးအဖုံဖုံ သဘောထားကွဲလွဲကြသည်။
အင်ဒရေ နေထိုင်သောအရပ်တွင် လက်ရှိနေထိုင်နေသူတို့က ၁ ဒေါ်လာကော်ဖီရနိုင်ခြင်းနှင့် ပတ်သက်ပြီး ဟုတ်မှန်ကြောင်း ဝန်ခံကြသည်။
စင်္ကာပူသည် အမေရိကန်၊ သြစတေးလျတို့ကဲ့သို့ နိုင်ငံများနှင့်ယှဉ်လျှင် လူနေမှုစရိတ် အတော်သက်သာကြောင်း လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးသည်။
သို့သော် စင်္ကာပူသားများစွာက ထောက်ပြသည်မှာ ၁ ဒေါ်လာ ကော်ဖီမှာ ရှားသထက်ရှားလာပြီဖြစ်ကြောင်း၊ နေရာအများစုတွင် ဈေးတက်နေပြီဖြစ်ကြောင်း ပြောကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Italian man sparks fury claiming Singapore living is “Super Cheap”