လက်ရှိအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်က လက်ငင်းငွေချေမှုဖြစ်တာကြောင့် ဈေးကွက်ပျက်နိုင်တဲ့ အခြေအနေ မရှိနိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။
"အခုက အိမ်ခြံမြေဈေးတွေ ကျနေပေမယ့် တခြားနိုင်ငံတွေကလိုတော့ အရမ်းမကျဆင်းနိုင်ဘူး၊ ဒီမှာက အရောင်းအ၀ယ်လုပ်ရင် ဘဏ်တို့တခြားအွန်လိုင်းပေးချေမှုတို့ ခေတ်မစားပဲ ဒဲ့ရောင်းဒဲ့ဝယ် လက်ငင်းပြုလုပ်တော့
ဝယ်ထားသူတွေကလည်း ချေးငွေလိုအတိုးမရှိတော့ အရှုံးခံပြီး ရောင်းဖို့မရှိဘူး"လို့ လက်ဝါးကုမ္ပဏီများ အုပ်စု၊ ဥက္ကဠဒေါက်တာ ခင်မောင်အေးက သူ့အမြင်ကို ပြောပါတယ်။
ပြည်ပနိုင်ငံတွေရဲ့အိမ်ခြံမြေဈေးကွက်က ရှယ်ယာဈေးနှုန်း၊ ဘဏ်ချေးငွေ၊ ဥပဒေပြောင်းလဲမှု စတာတွေအပေါ်မူတည်ပြီး ဈေးကွက်အတက်အကျရှိနိုင်ပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ အစိုးရက ရောင်းချတဲ့အိမ်ရာနဲ့ ကြိုပွိုင့်တိုက်ခန်းတွေသာ အရစ်ကျစနစ် ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်ခြံမြေဈေးကွက်ဟာ အစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ အိမ်ရာတွေမှာ လူဦးရေသုံးသိန်းအတွက်လောက်သာ အိမ်ရာပြည့်မှီမှုရှိပြီး ရန်ကုန်တမြို့ထဲမှာ နေထိုင်တဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံကိုတောင် ဖြည့်ဆည်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အစိုးရအိမ်ရာ ရောင်းချမှုပုံစံတွေကလည်း နှစ်ရှည်ချေးငွေမှာ အများဆုံး သုံးနှစ်လောက်သာ ရှိပါတယ်။
အိမ်ခြံမြေအခြေအနေက လက်တလောမှာတော့ အကျဘက်ကို ဦးတည်နေတယ်။ အမြင့်ဈေးမိပြီး ၀ယ်ယူထားသူတွေ ငွေအိပ်နေပြီး စောင့်ကြည့်နေတဲ့ ဈေးကွက်ပါ။ အရောင်းအ၀ယ်ဖြစ်တဲ့ ဈေးနှုန်းတွေကတော့ ပုံမှန်ဈေးထက် ငါးသိန်းဝန်းကျင်လောက်သာ အများဆုံး လျှော့ရောင်းကြတယ်လို့ သိရပါတယ်။
ဂရန်မြေ၊ စလစ်မြေစတဲ့ မြေအချို့အရောင်းအ၀ယ် ဖြစ်ပါတယ်။ မြို့သစ်ပိုင်းမှာ အနည်းငယ် အရောင်းအ၀ယ်ဖြစ်နေပြီး စီမံကိန်းအနီးအနားနေရာတွေ အရောင်းအ၀ယ် ဖြစ်ပါတယ်။ ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၁၀၀၀ လောက် အိမ်ပါ မြေကွက်အချို့ အရောင်းအ၀ယ် ဖြစ်တယ်လို့ ဆိုပါတယ်။
Credit: Kumudra