အင်းလေး ဟိုတယ်ဇုန်တွင် ဟိုတယ် လုပ်ငန်းလုပ်ကိုင်ရန် မြေကွက် ဝယ်ယူထားသူများသည် ငွေအကျေပေးသွင်းခြင်း မရှိပါက ပြန်လည်သိမ်းဆည်းသွားမည်ဟု အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီက ဖေဖော်ဝါရီ ၁၁ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။
အင်းလေးဒေသဟိုတယ်ဇုန်၌ ဟိုတယ် လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် မဲပေါက်ထားသူများသည် ငွေအပြည့်အဝပေးသွင်းရန် ကျန်ရှိနေသည့်အတွက် ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း ငွေပေးသွင်းရန် ကျန်ရှိနေသည့် လုပ်ငန်းရှင်များ ရှိနေသေးခြင်း ဖြစ်သည်။
ဟိုတယ်ဇုန်မြေကွက်တန်ဖိုး လုံးဝပေးသွင်းခြင်းမရှိသည့် မြေကွက်နေရာ လေးနေရာကို ဝယ်ယူခွင့်ပယ် ဖျက်၍ ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်ကာ ငွေပေးသွင်းရန် ကျန်ရှိသည့် လုပ်ငန်းရှင်များသည် မတ်လ ၆ရက် နောက်ဆုံးထားပြီး ငွေအကျေပေးသွင်းရန် အင်းလေးဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အသိပေး ထုတ်ပြန်ထားသည်။
အင်းလေးဟိုတယ်ဇုန် မြေကွက်ဝယ်ယူ ခွင့်ရရှိသူများအနက် ငွေအကျေပေးသွင်းရန် ကျန်ရှိသည့် လုပ်ငန်း ရှင်များကို ၂ဝ၁၄ ခုနှစ်အတွင်း သုံးကြိမ်အသိပေးအကြောင်း ကြားထားခဲ့ပြီးလာမည့် မတ်လ ၆ ရက် အထိ ငွေအကျေပေးသွင်းခြင်းမရှိပါက လာမည့် မတ်လ ၇ ရက်တွင် မြေကွက်ဝယ်ယူခွင့် ပယ်ဖျက်ကာ ပြန်လည် သိမ်းဆည်း သွားမည်ဖြစ်သည်။
ဟိုတယ်ဇုန် မြေကွက်များကို ပြည်တွင်း နှင့် ဒေသခံလုပ်ငန်းရှင် ၉၆ ဦးက ဝယ်ယူထားပြီး လုပ်ငန်းရှင် ထက်ဝက်ခန့်မှာ ငွေအကျေပေးသွင်းရန် ကျန်ရှိသေးကာ ငွေအကျေပေးသွင်းထားသည့် လုပ်ငန်းရှင်များကို တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အခွန်အခများ ပေးသွင်းပြီး မြေစာရင်းပုံစံ (၁ဝ၅) ရေးဆွဲရန်နှင့် စက်မှုမြေငှားဂရန် ထုတ်ပေးနိုင်ရန်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
ဟိုတယ်ဇုန်ဖွံ့ဖြိုးရေးကော်မတီက အခြေခံ လမ်း၊ တံတား၊ လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး စက်လှေဆိပ် တည်ဆောက်ရေး နှင့် ဆက်သွယ်ရေးကွန်ရက်လုပ်ငန်းများကို ဆက် လက်ဆောင်ရွက်နေသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် အင်းလေးဒေသတွင် ဟိုတယ်ဇုန်အကောင်အထည် ဖော်တည်ထောင်ရန် ညောင်ရွှေမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြေ ၆၂၂ ဧကတွင် မြေကွက်အမျိုးအစားအလိုက် ဇုန်သုံးဇုန် ခွဲခြား သတ်မှတ်ပေးခဲ့သည်။
လက်ရှိအချိန်တွင် အင်းလေးဟိုတယ် ဇုန်အတွင်း၌ ပြင်သစ်Accor ဟိုတယ် လုပ်ငန်းစုနှင့် ပြည်တွင်းမှ မြတ်မင်းကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်းလေးနိုဗိုတယ် မြတ်မင်းဟိုတယ် အပါအဝင် ဟိုတယ် နှစ်လုံးခန့်ကိုသာ ဖွင့်လှစ်နိုင်သေးသည်။ ညောင်ရွှေမြို့နယ်တွင် ဟိုတယ်အလုံး ၅ဝ ခန့်ရှိပြီး ဟိုတယ်အသစ် ၁ဝ လုံးခန့် တည်ဆောက်နေသည်။
Credit: mizzima