ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ပြင်သစ်နိုင်ငံတွင် လယ်သမားကြီးတစ်ဦးသည် သူ၏ခြံဝန်းအတွင်း လိုက်လံစစ်ဆေးကြည့်ရှုနေရင်း ပြင်သစ်၏ အကြီးမားဆုံး ရွှေသိုက်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ရွှေသိုက်ကြီးကို တွေ့ရှိခဲ့ရာ သာမန်နေ့လေး တစ်ရက်မှာ အလွန်ထူးခြားသော နေ့ရက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
လယ်သမားကြီး၏ ခြံဝန်းမှာ ပြင်သစ်နိုင်ငံအလယ်ပိုင်း တောင်တန်းထူထပ်သော Auvergne ဒေသတွင် တည်ရှိပြီး ယူရို ၄ ဘီလီယံခန့် တန်ကြေးရှိသော ရွှေသိုက်ကြီးဖြစ်သည်ဟု ခန့်မှန်းထားသည်။
ထိုရွှေသိုက်ကြီးကို အစိုးရက သိမ်းယူသွားမှုအပေါ် ပြင်သစ်နိုင်ငံသားတို့အကြား မြေယာတို့အပေါ် မိမိတို့၏ ခံစားပိုင်ဆိုင်ခွင့်၊ အစိုးရ၏ ထိန်းချုပ်မှု၊ တရားမျှတမှုတို့နှင့် စပ်လျဉ်းပြီး အခြေအတင်ငြင်းခုံမှုများ ဖြစ်ပေါ်နေသည်။
((ရွှေသိုက်ကြီးတွေ့ခြင်း))
မီရှဲ ဒူပွန် (Michel Dupont) အမည်ရှိ အသက် ၅၂ နှစ်အရွယ် လယ်သမားကြီးသည် ပြင်သစ်အလယ်ပိုင်းတွင် ၎င်းပိုင်ဆိုင်သော ခြံဝန်းအတွင်း စမ်းချောင်းငယ်လေးတလျှောက် လမ်းလျှောက်လာရင်း ရွှံ့ထဲတွင် ပြိုးပြိုးပျက်ပျက် တလဲ့လဲ့ရှိနေသောအရာတစ်ခုကို သတိပြုလိုက်မိသည်။
အနီးကပ် စူးစမ်းကြည့်ရာ စမ်းချောင်းကြမ်းပြင်တလျှောက် ရွှေတုံးလေးများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။
“ပုံမှန် အတိုင်းပဲ ခြံထဲကို လိုက်ကြည့်ခဲ့တာပါ” ဟု ဒူပွန်က ရှင်းပြသည်။
“ရွှံ့ထဲမှာ ပြိုးပြိုးပျက်ပျက်အရာတစ်ခုကို တွေ့လိုက်ပါတယ်။ နည်းနည်းလေး ပိုပြီး တူးကြည့်လိုက်တဲ့အခါ တွေ့လာရတာတွေအပေါ် မယုံနိုင်အောင်ပါပဲ။”
ဒူပွန်က သူ၏ဖြစ်ရပ်ကို အိမ်နီးချင်းများအား ပြောပြလိုက်ရာ တဆင့်စကား တဆင့်နားဖြင့် တောမီးပမာ တမဟုတ်ချင်း သတင်းပျံ့သွားခဲ့ကာ အစိုးရအရာရှိများ ရောက်လာတော့သည်။
ပြင်သစ်နိုင်ငံ၏ သတ္တုတွင်းဥပဒေအရ မြေအောက်မှပစ္စည်းများကို နိုင်ငံသားတို့ ပိုင်ဆိုင်ခွင့်မရှိဘဲ နိုင်ငံတော်က ပိုင်ဆိုင်သည်ဟုဆိုရာ ဒူပွန်တစ်ယောက် နှစ်ပေါင်းများစွာ လယ်လုပ်ခဲ့သည့် ခြံမြေတွင် တွေ့လာသော ယူရို ၄ ဘီလီယံကျော် တန်ကြေးရှိ ရွှေသိုက်ကြီးကို တွေ့ထိခွင့်မရှိဘဲ ဖောင်စီးရင်း ရေငတ်နေသည့်ဘဝသို့ ရောက်ရှိသွားသည်။
ကျွမ်းကျင်ပညာရှင်တို့၏ လေ့လာချက်များအရ ဒူပွန်၏ ခြံဝန်းအတွင်း ရွှေတန်ချိန် ၁၅၀ ကျော် ရှိနေသည်ဟု ဆိုရာ ပြင်သစ်၏ အကြီးမားဆုံး ရတနာသိုက်များတွင် တစ်ခုအပါအဝင် ဖြစ်လာကြောင်း Atelier-de-france က ဖော်ပြသည်။
ပြင်သစ်အစိုးရက ယခုရွှေသိုက်ကြီး တူးဖော်ရေးနှင့် စပ်လျဉ်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တွက်ချက်မှုများနှင့် ရှေးဟောင်းအမွေအနှစ် ထိခိုက်မှုဆိုင်ရာ လေ့လာမှုများ ဦးစွာပြုလုပ်နေပြီး တူးဖော်ထုတ်လုပ်မှု မလုပ်သေးချေ။
((အခြေအတင်ငြင်းခုံ))
ဒူပွန်တွေ့ခဲ့သော ရွှေသိုက်ကြီးနှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံတဝန်း အခြေအတင်ငြင်းခုံမှုများ ဖြစ်ပေါ်နေသည်။
စီးပွားရေးအခွင့်အလမ်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟူသော မတူညီသည့် ရှုထောင့်များဖြင့် အငြင်းပွားနေခြင်း ဖြစ်သည်။
စီးပွားရေးပညာရှင်များက ယခုရွှေသိုက်ကြီးကို တူးဖော်လျှင် ပြင်သစ်စီးပွားရေး - အထူးသဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြသည်။
အခြားတဘက်တွင်မူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလိုလားသူတို့က ယခုနေရာတွင် အကြီးအကျယ် တူးဖော်မှုများ ပြုလုပ်ခြင်းအားဖြင့် ဂေဟထိခိုက်လာနိုင်သည့် အကျိုးဆက်များရှိကြောင်း ထောက်ပြသည်။
Auvergne ဒေသသည် သဘာဝအလှတရားများဖြင့် နာမည်ကြီးသည့်အပြင် ဇီဝမျိုးကွဲစုံလင်သော ဒေသဖြစ်သဖြင့် ရွှေတူးဖော်မှုများ အကြီးအကျယ်လုပ်ဆောင်ပါက သဘာဝအလှတရားများ အပြီးတိုင် ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြသည်။
ဒူပွန်နေထိုင်သော ရွာလေးတွင်ပင် အယူအဆအမျိုးမျိုး ကွဲပြားနေသည်။
အချို့က ယခုရွှေသိုက်ကြီးသည် ရွာလေးကို စီးပွားရေးချောင်လည်လာစေနိုင်ကြောင်း ပြောကြသော်လည်း အချို့ကမူ စိုးရိမ်မကင်း ရှိကြသည်။
ရွာခံတစ်ဦးက “ကျွန်မတို့က ကျေးလက်ရဲ့ ငြိမ်းအေးဆိတ်ငြိမ်မှုကို မြတ်နိုးပါတယ်။ ဒီရွှေသိုက်ကြောင့် နေ့ချင်းညချင်း အရာရာ ပြောင်းလဲမသွားဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ရွှေသိုက်ကြီး ရှာတွေ့လိုက်ပြီးနောက် တချိန်က ဘဝကို တိတ်ဆိတ်အေးချမ်းစွာ ဖြတ်သန်းခဲ့သူ ဒူပွန်၏ ဘဝမှာ မအေးချမ်းတော့ချေ။
၎င်းထံ သတင်းထောက်များ၊ ဘူမိပညာရှင်များ၊ အစိုးရအရာရှိများ တဖွဲဖွဲရောက်လာနေသည်။
ဒူပွန်၏ ဖြစ်ရပ်မှာ ပြင်သစ်တွင် ဟိုးလေးတကြော်ဖြစ်နေပြီး Public Figure တစ်ဦးသဖွယ် ဖြစ်လာသည်။
“ကျွန်တော့်ဆီကို လူစိမ်းတွေ နေ့တိုင်းရောက်လာပြီး အမျိုးမျိုးတွေ မေးကြတယ်။ တချို့တွေက ကျွန်တော့်ခြံဘေးက မြေကွက်တွေကို ဈေးကောင်းပေးဝယ်ဖို့ စိုင်းပြင်းနေတယ်။ သူတို့လည်း ရွှေသိုက်ကြီး ရှာတွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့” ဟု ဒူပွန်က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: French farmer discovers gold mine worth 4 billion euros in his garden, but the state confiscates it from him