စက်မှုဇုန် ဝန်ထမ်းအိမ်ရာများ ပြီးစီးပါက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများမှ ဝန်ထမ်းများ ဝယ်ယူနေထိုင်လိုပါကလည်း သက်သာသည့်နှုန်းထားဖြင့် ရောင်းချရေးအတွက်လည်း စီစဉ်ထားပြီး နေထိုင်ရေး အဆင်ပြေစေရန် ဝန်ထမ်းများကို အငှားစနစ် ဖြင့် နေရာချထားပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
စက်မှုဇုန်ဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက လှိုင်သာယာမြို့နယ်ရှိ မြေဧရိယာ ၁၆ ဧကခန့်တွင် စက်မှုဇုန်ဝန်ထမ်းများအတွက် အိမ်ရာတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ကနဦးတွင် စက်မှုဇုန်အိမ်ရာ စီမံကိန်းကို မြေဧရိယာ သုံးဧကတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။
စက်မှုဇုန် ဝန်ထမ်းအိမ်ရာ အကောင်အထည်ဖော်မည့်မြေဧရိယာတွင် တစ်ဧကလျှင် အထပ် ငါးထပ်ပါ အဆောက်အအုံ တစ်လုံး တည်ဆောက်မည်ဖြစ်ပြီး တစ်ထပ်လျှင် အခန်း ၈၅ ခန်း ပါရှိမည်ဖြစ်ရာ အခန်းပေါင်း ၄၂၅ ခန်း ထွက်ရှိလာမည် ဖြစ်သည်။
စက်မှုဇုန် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာများသည် ကျူးကျော်နေထိုင်သူများရှိသော မြေနေရာများဖြစ်ပြီး အိမ်ရာစီမံကိန်း စတင်နိုင်ရေးအတွက် ကျူးကျော်နေထိုင်သူများကိစ္စ ဖြေရှင်းရမည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။
လှိုင်သာယာစက်မှုဇုန်တွင် စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ တို့ရှိပြီး စက်မှုဇုန် အကျယ်အဝန်းမှ ဧက ၁,၄၀၀ ကျော်ရှိသည်။ ယင်းဇုန်များအတွင်း စက်ရုံပေါင်း ၆၀၀ ကျော်ရှိကာ စက်ရုံအလုပ်သမားပေါင်း ခြောက်သောင်းကျော်ရှိသည့် စက်မှုဇုန် ဖြစ်သည်။
Credit : Mizzima