ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
(ယခုဖော်ပြပါ ဆောင်းပါးသည် ဆောင်းပါးရှင် Chia ၏ When You criticize Your Children, They Don’t Stop Loving You — They Stop Loving Themselves ကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
“သူတို့တွေကို ကြည့်စမ်း။ သူတို့တောင် အသာလေးလုပ်နိုင်တယ်။ နင်ဘာလို့ မလုပ်နိုင်ရတာလဲ”
“ဒါလေးတောင် အမြဲမှားနေတယ်။ နင့်ကိုငါ ဘယ်နှစ်ခါ ပြောရမလဲ။ ဘယ်နှစ်ခါ ပြောနေရမှာလဲဟင်”
ဤသည်တို့မှာ ကျွန်မ ကလေးဘဝက အကြိမ်ကြိမ် ကြားရတတ်သော စကားများ ဖြစ်ပါသည်။
အများအားဖြင့် ဆူဆဲအော်ငေါက် ပြောဆိုခံရခြင်း ဖြစ်ပါသည်။
ကျွန်မရှေ့ ၂ ပေအခန့် အကွာတွင် ရပ်ကာ ပြောဆိုနေခြင်းဖြစ်သော်လည်း အမေ့အသံမှာ လွန်စွာ ကျယ်လှပြီး ရပ်ကွက်ထိပ်ကပင် ကြားနိုင်မည်ဟု ထင်ပါသည်။
ကျွန်မ မတ်တပ်ရပ် ခေါင်းငုံ့ထားရင်း မျက်ဆည် မဆည်နိုင်အောင် တဖြိုင်ဖြိုင် ကျခဲ့ရပါသည်။
စိတ်ထဲတွင် ကျွန်မ ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲနေခဲ့မိသည်။ “ငါ…ဘာလို့ အရမ်းတုံးတာလဲ။ အရမ်းလွယ်တဲ့ဟာတောင် ဘာလို့ မလုပ်နိုင်တာလဲ”
ကျွန်မ ကိုယ့်ကိုယ်ကို အတောမသတ်နိုင်အောင် အပြစ်ဖို့နေခဲ့မိသည်။
မိဘက သားသမီးကို ထိုသို့ပြောဆိုခြင်းမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဟုသာ တွေးထင်ခဲ့မိသည်။
ဒီလိုနဲ့ ကျွန်မ လူလားမြောက် ကြီးပြင်းလာခဲ့၏။
ကျွန်မ၏ အတွင်းစိတ်တွင် မည်သို့ရှိသွားသည်ကို တခုတ်တရ တွေးဆမိသူ ရှိမည်မထင်ပါ။
မိဘ၏ ပြောစကားများမှာ ကလေးဘဝမှသည် ဆယ်ကျော်သက်အရွယ်အထိ ရိုက်ခတ် သက်ရောက်နေပြီး လက်ရှိအချိန်အထိဟု ဆိုရမည်ပင်။
ကျွန်မ ကြီးပြင်းလာသည့် ကာလတလျှောက် မိမိကိုယ်ကို အခြားသူတို့နှင့်သာ အမြဲနှိုင်းယှဉ်နေမိတော့သည်။
ကိုယ့်အပေါ် အပြစ်အမြင်ဆုံးသူမှာ ကိုယ်ကိုယ်တိုင်သာ ဖြစ်နေခဲ့ပါသည်။
ကျွန်မ တခြားသူကဲ့သို့ ထက်မြက်သူ၊ တော်သူတစ်ဦး အဘယ်ကြောင့်မဖြစ်သနည်းဟု အမြဲတွေးနေမိခဲ့သည်။
ထိုအတွေးများမှာ နိစ္စဓူဝဆိုသကဲ့သို့ ကျွန်မကို အမြဲဖိစီးနေခဲ့ပြီး အပ်ကြောင်းထပ်နေသည့် ဓာတ်ပြားတစ်ချပ်မှ တေးသွားတစ်ခုကဲ့သို့ စိတ်အစဉ်တွင် ထပ်တလဲလဲ ပဲ့တင်ခတ် နေခဲ့ပါသည်။
အခြားသူတို့၏ အမြင်တွင် ကျွန်မ မည်မျှအောင်မြင်နေပါစေ ကိုယ့်စိတ်တွင်းတွင် ခပ်ချာချာ ဖြစ်နေဆဲ။
ဤသို့ဖြင့် တစ်နေ့တွင်မူ မိမိဘာသာ မေးမိသည်။
“ငါ ဘာလို့ ဒီလို တွေးနေမိတာလဲ”
ထိုအခါ ကလေးဘဝ ဖြစ်ရပ်များမှာ အာရုံတွင် တရိပ်ရိပ်ပြန်ပေါ်လာသည်။
ပြဿနာ၏ ဇာစ်မြစ်ကို ရင်နာစရာ အထင်းသား တွေ့လိုက်ရပါတော့သည်။
ယခုအချိန်တွင်မူ ထိုအတွေးများ မတွေးမိစေရေး ချုပ်တည်းထားနိုင်ရန် အားစိုက်နေပါသည်။
မိမိကိုယ်ကို ချစ်မြတ်နိုးရန်နှင့် အခြားသူများ လုပ်နိုင်သမျှ မိမိလည်း လုပ်နိုင်သည်ဟု စိတ်တွင် ယုံကြည်လာစေရန် အားထုတ်နေပါသည်။
သို့သော် တစ်ဘဝတာလုံး သံသယစိတ်၏ ကြီးစိုးမှုကို ခံခဲ့ရသူဖြစ်ရာ အလွယ်တကူ ရုန်းထွက်နိုင်ရန်မှာ မလွယ်လှ။
ယခုအချိန်အထိပင် အခြားသူများနှင့် နှိုင်းယှဉ်ကြည့်မိနေဆဲ။ မိမိကိုယ်ကို အပြစ်တင်မြဲ။
ကျွန်မ ရေးသည့် ဤစာမှာ အခြားအခြားသော မိဘများ၊ နောင်တနေ့တွင် မိဘဖြစ်လာမည့်သူများကို ရည်ရွယ်ပါသည်။
ယခုစာသည် နောင်မျိုးဆက် ကလေးငယ်များကို တစုံတရာ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်မိပါသည်။
မိမိ၏ ကလေးကို ချိုးချိုးဖဲ့ဖဲ့ ပြောဆိုလိုက်သောကြောင့် ကလေးများက သင့်အပေါ် အချစ်လျော့မသွားပါ။ သို့သော် ၎င်းတို့မှာ မိမိကိုယ်ကို မိမိ မချစ်တတ်တော့။
သင့်အနေဖြင့်မူ ကလေးများကို ပြောလိုက်ဆိုလိုက်ပြီးပါက ပြောခဲ့သည်များကို မေ့သွားလိမ့်မည်ဖြစ်ပြီး ပုံမှန်အတိုင်း မှတ်ယူကာ ဘဝခရီးဆက်နေလိမ့်မည်။
နင်ပဲငဆ ပြောလိုက်သော်လည်း ကလေးများက သင့်ကို ယခင်အတိုင်း ချစ်နေဆဲ ဖြစ်နေမည်မှာ မလွဲပါ။
သို့သော် သင့်စကားများမှာ ကလေး၏ နုနယ်သော နှလုံးအိမ်တွင် သံမှိုနှက်ထားဘိသကဲ့သို့ မသိစိတ်အထိ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားခဲ့ပြီ။
ရွှံ့ပျော့ပျော့ထဲတွင် တံဆိပ်ခတ်လိုက်သကဲ့သို့ပင်။
မိမိကိုယ်မိမိ ချစ်ရမည်ဟူသည်ကို ကလေးများ မသိတော့ချေ။ အသေးအဖွဲ့ အမှားလေးတစ်ခု လုပ်မိသည်နှင့် ကိုယ့်ကိုယ်ကို ကျိန်ဆဲတော့သည်။
သင်၏ စကားလုံးများ၊ ထိုအခိုက်အတန့်များမှာ ကလေးတို့၏ စိတ်နှလုံးတွင် မကောင်းဆိုးရွားများသဖွယ် အမြဲခြောက်လှန့်နေတော့မည် ဖြစ်၏။
((လုပ်ဆောင်သင့်သည့် လမ်းကြောင်း))
ကလေးတို့၏ ကြိုးစားမှုကို အားပေးပါ။ အမှားလုပ်မိပါက ရက်ရက်စက်စက် နိုင့်ထက်စီးနင်း ပြောဆိုခြင်း မလုပ်ဘဲ ကြင်နာစိတ်ကို ရှေ့တန်းတင်ကာ ပြုပြင်ပေးပါ။
ကျွန်မ ပြောသည်ကို ယုံပါ။ အသေးအဖွဲဟု သင်မှတ်ထင်နေမည့် ယခုလုပ်ဆောင်မှုမှာ အလွန်လေးနက်စွာ တာသွားပါသည်။
မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နှင့် မိမိကိုယ်ကို ချစ်တတ်စေရန် ဤအပြုအမူလေးများက ပုံဖော်ပေးခြင်း ဖြစ်ပါသည်။
နောက်မျိုးဆက်များကို စိတ်ဒဏ်ရာပေးနေသည့် အစဉ်အလာကို ကျွန်မတို့ လက်ထက်မှာ ရိုက်ချိုးကြပါစို့။
ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ လွတ်လပ်မှုတို့ အတိပြီးသည့် ငယ်ဘဝကို ပိုင်ဆိုင်ခွင့်ပေးကြပါစို့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: When You criticize Your Children, They Don’t Stop Loving You — They Stop Loving Themselves (medium)