ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ညဉ့်နက်သန်းခေါင်အထိ မအိပ်ဘဲနေခြင်းမှာ ဦးနှောက်ကို ပျက်စီးစေနိုင်သည်။
ကြွက်များတွင် လေ့လာတွေ့ရှိမှုအရ အအိပ်အနေ အလွန်နည်းသော ကြွက်များတွင် ဦးနှောက်ဆဲလ်တို့သည် ပျက်စီးယိုယွင်းနေသော ဆဲလ်များကို ဖျက်ဆီးကာ စားသောက်ချေဖျက်ပစ်လိုက်သည်။
ရေတိုတွင် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ အန္တရာယ်ရှိသော ဆဲလ်အပျက်အစီး အမှိုက်သရိုက်များကို ရှင်းပစ်ခြင်းမှာ ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိသည်။
သို့သော် ရေရှည်တွင်မူ အန္တရာယ်ရှိလာသည်။
အအိပ်အနေ အလွန်နည်းလာပါက အယ်လ်ဇိုင်းမားရောဂါအပြင် အခြား အာရုံကြော ဖောက်ပြန်မှုများ ဖြစ်လာနိုင်ကြောင်း အီတလီနိုင်ငံ Marche ပိုလီတက္ကနစ် တက္ကသိုလ်မှ Michele Bellesi က ပြောသည်။
Bellesi သည် အအိပ်အနေနည်းသော ကြွက်တို့၏ အခြေအနေကို များစွာလေ့လာခဲ့သူ ဖြစ်သည်။
Bellesi နှင့် သူ၏အဖွဲ့က စိတ်ကြိုက်အိပ်ခွင့်ပေးထားသော ကြွက်များနှင့် ၅ ရက်ဆက်တိုက် မအိပ်စေဘဲ ထားရှိသော ကြွက်တို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။
Bellesi တို့အဖွဲ့သည် ဦးနှောက်ထိန်းသိမ်းမှု လုပ်ဆောင်သည့် ကွန်ရက်ဆဲလ် (glial cell) တို့ကို လေ့လာခဲ့ကြသည်။
အစောပိုင်းသုတေသန တွေ့ရှိချက်အရ ထိုဆဲလ်တို့၏ လုပ်ဆောင်မှုကို ထိန်းချုပ်ထားသည့် မျိုးဗီဇတစ်မျိုးမှာ ကောင်းစွာမအိပ်စက်သည့်အခါမျိုးတွင် ပိုမိုတက်ကြွလှုပ်ရှားမှုရှိသည်ကို တွေ့ရှိခဲ့သည်။
Astrocyte ဟုခေါ်သော ကွန်ရက်ဆဲလ်တစ်မျိုးသည် မလိုအပ်သော နာဗ်ကြောဆက်တို့ကို ဖယ်ရှားပြီး ဦးနှောက်ကို ပြန်လည်ချိတ်ဆက် ဆက်သွယ်မှုများ ပြုလုပ်ပေးသည်။
အခြား “ကွန်ရက်ဆဲလ်” တစ်မျိုးဖြစ်သော microglial cell မှာ ဦးနှောက်အတွင်းသွားလာကာ ပျက်စီးနေသော ဆဲလ်များနှင့် အမှိုက်များကို ရှာဖွေသည်။
Bellisi ၏ အဖွဲ့ တွေ့ရှိချက်အရ အိပ်ရေးဝဝ အိပ်ရသော ကြွက်တို့တွင် Astrocyte တို့သည် ဦးနှောက်အတွင်းရှိ နာဗ်ကြောဆက် ၆ ရာခိုင်နှုန်းဝန်းကျင်ခန့်တွင် တက်ကြွလှုပ်ရှားမှုရှိနေသည်ကို တွေ့ရသည်။ သို့သော် အိပ်ရေး ဝဝ မအိပ်ရသော ကြွက်များတွင်မူ Astrocyte တို့၏ လှုပ်ရှားမှုများ ပိုမိုများပြားနေသည်။
အလွန်အမင်း အိပ်ရေးပျက်နေသူတို့၏ ဦးနှောက်တွင် Astrocyte တို့သည် နာဗ်ကြောဆက်၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လှုပ်ရှားမှုရှိနေသည်ကို တွေ့ရသည်။
ထို့ကြောင့် အိပ်ရေးဝဝ မအိပ်ရပါက Astrocyte တို့သည် ဦးနှောက်၏ ဆက်သွယ်မှုများကို ပိုမိုထိခိုက်စေပြီး အပျက်အစီးများ ဖယ်ရှားမှု ပိုမိုလှုပ်ဆောင်လာသည်။
“အိပ်ရေးဝဝ မအိပ်ရရင် နာဗ်ကြောဆက်တွေ စားသောက်ခံရတယ်ဆိုတာ ပထမဆုံးအကြိမ် သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်” ဟု Bellesi က ပြောသည်။
ထိုသို့ မကောင်းသော ဆဲလ်များကို စားသောက်ပစ်ခြင်းမှာ ကောင်းမွန်သောအရာဖြစ်သည်ဟု လက်ခံရမည်သာဖြစ်သည်။
“အဲဒါတွေက အိမ်ထဲက အမှိုက်တွေလိုပါပဲ။ ဒါတွေကို ရှင်းဖို့လိုမှာပါ” ဟု Bellesi က ပြောသည်။
သို့သော် အလွန်အိပ်ရေးပျက်သည့်အခါမျိုးတွင် microglial cell များလည်း ပိုမိုလှုပ်ရှားမှုရှိသည်ကို တွေ့ရှိလာသည်။
ထိုအချက်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း Bellesi က ဆိုသည်။
Microglial cell တို့ အလွန်လှုပ်ရှားလာခြင်းမှာ ဦးနှောက်လုပ်ဆောင်ချက် ဖောက်လွဲဖောက်ပြန် ဖြစ်မှုများနှင့် ဆက်နွှယ်နေသည်။
အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားသူတို့တွင် microglial cell တို့ လှုပ်ရှားမှုရှိသည်ကို ဆေးသိပ္ပံတွင် အများ သိရှိထားပြီးဖြစ်ကြောင်း၊ အာရုံကြော ဖောက်လွဲဖောက်ပြန်ဖြစ်သည့် အခြားရောဂါပြဿနာများတွင်လည်း microglial cell တို့၏ လှုပ်ရှားမှုနှင့် ဆက်စပ်နေကြောင်း Bellesi က ပြောပြသည်။
အိပ်ရေးအလွန်ပျက်သူတို့သည် စိတ်ဖောက်ပြန်သည့် ရောဂါဖြစ်လာနိုင်ခြေ အဘယ်ကြောင့် များပြားသည်ကို ယခုတွေ့ရှိချက်က သက်သေတစ်ရပ်ဖြစ်နေကြောင်း ပြင်သစ်နိုင်ငံ၊ University of Bordeaux မှ Agnes Nadjar က ပြောသည်။
အိပ်ရေးအလွန်ပျက်ခြင်း၏ ဆိုးကျိုးများ မည်မျှတာရှည်သွားသည်ကို ဆက်လက်လေ့လာရန်လည်း စီစဉ်နေကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Brain Literally Starts Eating Itself When It Doesn't Get Enough Sleep