ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်ပြည်မှ စူပါမာ့ကက်ပိုင်ရှင်တစ်ဦးက ၎င်း၏ ဝန်ထမ်းများကို အလုပ်-ဘဝ မျှခြေကောင်းမွန်စွာ ရရှိရန်အတွက် စိတ်ညစ်နေပါက ခွင့်ယူနိုင်သော “စိတ်မပျော်ခွင့်” (unhappy leave) ကို စတင်ကျင့်သုံးလျက်ရှိသည်။
၂၀၂၄ ခုနှစ် မတ်လကုန်ပိုင်းက ကျရောက်ခဲ့သော တရုတ် စူပါမာ့ကက် ရက်သတ္တပတ် (China Supermarket Week) တွင် တရုတ်ပြည်အလယ်ပိုင်း ဟီနန်ပြည်နယ်မှ နာမည်ကြီး စူပါမာ့ကက်အုပ်စုဖြစ်သော Pang Dong Lai ကို တည်ထောင်သူ၊ ဥက္ကဌ ယူတုံ့လိုင် (Yu Donglai) က ဝန်ထမ်းများအနေဖြင့် ပုံမှန်ခွင့်ရက်များအပြင် လိုအပ်ပါက ခွင့် ၁၀ ရက် ထပ်မံတောင်းခံနိုင်ကြောင်း ကြေညာခဲ့သည်။
“ဝန်ထမ်းတိုင်း လွတ်လပ်ခွင့် ရကြစေဖို့ ကျွန်တော်လိုလားပါတယ်။ လူတိုင်းမှာ စိတ်မပျော်တဲ့အချိန်တွေ ရှိကြပါတယ်။ ဒါကြောင့် စိတ်မပျော်တဲ့အခါ ခွင့်ယူနိုင်ပါတယ်” ဟု သူဌေး ယူတုံ့လိုင်က ပြောသည်။
ယူ သူဌေးက ဝန်ထမ်းများကို မိမိအနားယူမည့်အချိန်ကို မိမိဘာသာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရစေလိုသည်။ လုပ်ငန်းခွင်၏ ပြင်ပတွင် လုံလောက်သော အပန်းဖြေချိန် ရှိစေလိုသည်။
“စိတ်မပျော်ခွင့်ရက်ကို စီမံခန့်ခွဲရေးအဖွဲ့က ငြင်းပယ်ခွင့် မရှိပါဘူး။ ငြင်းပယ်တာဟာ ကုမ္ပဏီစည်းကမ်းကို ချိုးဖောက်မှု ဖြစ်ပါတယ်” ဟုလည်း ယူ သူဌေးက အာမခံသည်။
(ဝန်ထမ်းတစ်ဦးအနေဖြင့် စိတ်မပျော်ပါက ခွင့်ယူကာ အနားယူစေလိုကြောင်း ယူတုံ့လိုင်က ပြောသည်။ ဓာတ်ပုံ-Weibo)
“စိတ်မပျော်ခွင့်” ပေးသည့် စိတ်ကူးကို ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့ကြား ထောက်ခံလျက် ရှိကြသည်။
“ဒီလို သူဌေးကောင်းနဲ့ ဒီကုမ္ပဏီရဲ့ culture ကို တနိုင်ငံလုံး အားပေးသင့်တယ်” ဟု Weibo လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးသည်။
“Pang Dong Lai စူပါမာ့ကက်မှာ အလုပ်ပြောင်းလုပ်ချင်လိုက်တာ။ အဲဒီမှာဆိုရင်…ပျော်ရွှင်မှုနဲ့ လေးစားခံရမှုတွေ ပြန်ရလိမ့်မယ်လို့ ခံစားမိတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။
၂၀၂၁ ခုနှစ် လေ့လာချက်တစ်ရပ်အရ တရုတ်ပြည်တွင် ဝန်ထမ်းများ၏ ၆၅ ရာခိုင်နှုန်းမှာ အလုပ်ပင်ပန်းမှုနှင့် မပျော်ရွှင်မှုတို့ ခံစားနေရကြောင်း တွေ့ရှိထားသည်။
အလုပ်ချိန် တာရှည်စွာ လုပ်ကိုင်နေစေသည့် တရုတ်ပြည်မှ သူဌေးတို့အပေါ် ယူတုံ့လိုင်က ဝေဖန်ရှုတ်ချထားသည်။
“ဝန်ထမ်းတွေကို အချိန်ပိုခိုင်းတာဟာ လူ့ကျင့်ဝတ်နဲ့ မလျော်ညီပါဘူး။ ဒါက တခြားသူရဲ့ တိုးတက်ဖို့ အခွင့်အရေးကို သိမ်းယူလိုက်တာ ဖြစ်ပါတယ်” ဟု ယူ သူဌေးက ပြောသည်။
ယူတုံ့လိုင်၏ ကုမ္ပဏီတွင် တစ်ရက်လျှင် အလုပ်ချိန် ၇ နာရီသာ သတ်မှတ်ထားသည်။ စနေ၊ တနင်္ဂနွေရက်များ အလုပ်ပိတ်ပြီး တစ်နှစ်တာအတွက် (annual leave) ခွင့်ရက် ၃၀ မှ ၄၀ ကြားပေးသည့်အပြင် တရုတ်နှစ်သစ်ကူးအတွက်လည်း ခွင့် ၅ ရက်ပေးသည်။
ကုမ္ပဏီ၏ အနာဂါတ်နှင့် စပ်လျဉ်းပြီး ယူတုံ့လိုင်က “ကျွန်တော်တို့ ဒိတ်ဒိတ်ကြဲဖြစ်လာဖို့ မလိုအပ်ပါဘူး။ ဝန်ထမ်းတွေ ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုးရစေဖို့ပဲ လိုလားပါတယ်။ ဝန်ထမ်းတွေ ပျော်ရွှင်ရင် ကုမ္ပဏီလည်း ထပ်တူပါပဲ” ဟု ပြောသည်။
Pang Dong Lai စူပါမာ့ကက်၏ အတွေးအခေါ်မှာ “လွတ်လပ်မှုနှင့် ချစ်ခြင်းမေတ္တာ” ဖြစ်ကြောင်း ယူသူဌေးက ပြောသည်။
ယူသူဌေး၏ ကုမ္ပဏီတွင် ဝန်ထမ်းများ၏ ပျမ်းမျှလစာမှာ ယွမ် ၇၀၀၀ (ဒေါ်လာ ၉၇၀) ဖြစ်သည်။
တရုတ်ပြည်ရှိ အခြားသော စူပါမာ့ကက်များတွင် ပျမ်းမျှလစာ ယွမ် ၃၅၆၆ သာ ရကြသည်။
(ယူသူဌေး၏ စူပါမာ့ကက်မှာ ဝန်ဆောင်မှု အလွန်ကောင်းကြောင်းလည်း တစ်နိုင်ငံလုံးတွင် သတင်းမွှေး နေသည်။ ဓာတ်ပုံ-Shutterstock)
“အရည်အချင်းရှိတဲ့ ခြံစောင့်တစ်ယောက်တောင် တစ်နှစ်ဝင်ငွေ ယွမ် ၅၀၀,၀၀၀ (ဒေါ်လာ ၇၀,၀၀၀) ရကြတယ်” ဟု ယူတုံ့လိုင်က ပြောသည်။
ယူတုံ့လိုင်၏ စူပါမာ့ကက်အုပ်စုသည် ဟီနန်ပြည်နယ်ရှိ တတိယတန်းစား မြို့များဖြစ်သော ရှူချန်းနှင့် ရှင်းရှန်မြို့တို့တွင် စူပါ့မာ့ကက်ခွဲ ၁၃ ခုသာ ရှိသော်လည်း ၂၉ နှစ်တာ သက်တမ်းအတွင်း ဝန်ဆောင်မှု အလွန်ကောင်းသည်ဟု သတင်းမွှေးနေကာ တရုတ်ပြည် စူပါမာ့ကက်လောက၏ ခေါင်မိုးဟု တနိုင်ငံလုံးက အသိအမှတ်ပြုခြင်းခံထားရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Not happy, do not come to work’: China retail tycoon introduces ‘unhappy leave’
Photo Credit-Shutterstock, Weibo