ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တရုတ်ပြည်တွင် စတုရန်း ၅ မီတာသာရှိသော အလွန်တရာ ကျဉ်းမြောင်းလှသည့် အခန်းကျဉ်းလေးများနှင့် စပ်လျဉ်းပြီး အမျိုးမျိုးအဖုံဖုံ ဆွေးနွေးငြင်းခုံကြလျက် ရှိနေသည်။
ရှန်ဟိုင်းမြို့ကြီးရှိ ကျောချစရာ တစ်နေရာသာရှိသော အခန်းကျဉ်းလေးများမှာ တစ်လလျှင် ယွမ် ၁၆၀၀ (၂၂၃ ဒေါ်လာ) အိမ်လခ ပေးရသည်။
ထိုအခန်းကျဉ်းလေးများနှင့် ပတ်သက်ပြီး ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့ကြား သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေသည်။
စင်္ကာပူမှ အလွန်ကျဉ်းလှပါသည်ဆိုသော ဖိနပ်ပုံး ကွန်ဒိုခန်းများသည်ပင်လျှင် စတုရန်း ၄၆ မီတာရှိကြောင်း Edgeprop အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အချက်အလက်များတွင် ဖော်ပြသည်။
Weibo လူမှုကွန်ရက်တွင် “Star Video” (星视频) အမည်ရှိအကောင့်က တင်ခဲ့သော စက္ကန့် ၅၀ ကြာ ဗွီဒီယိုဖိုင်တစ်ခုတွင် အိမ်ငှားဟု ယူဆရသော အမျိုးသားတစ်ဦးက ရှန်ဟိုင်းမှ အလွန်တရာ ကျဉ်းမြောင်းလှသော အခန်းလေးအား ပြသနေပုံ တွေ့ရသည်။
၎င်းက အခန်းပိုင်ရှင်၏ အတွင်းပိုင်းဖွဲ့စည်းထားပုံကို ဉာဏ်ကောင်းသည်ဟု ချီးကျူးစကားပြောထားသည်။
“တံခါးမကြီးကနေ ဝင်လိုက်ရင် ဘယ်ဘက်မှာ လှေကားငယ်တစ်ခု ရှိပါတယ်” ဟု ဗွီဒီယိုထဲတွင် ရှင်းပြထားသည်။
“လှေကားကနေတက်လိုက်ရင် အိပ်ဖို့နေရာရှိပါတယ်။ အိပ်ယာရဲ့ အပေါ်ဘက်မှာ အဝတ်ဗီရိုနေရာ ၂ ခုရှိတယ်။ ဗီရိုတွေဘေးမှာ တွဲလောင်းဆွဲ လေအေးပေးစက် တစ်ခုရှိတယ်”
(အိပ်ရာ၏ အပေါ်ဘက်တွင် အဝတ်ဗီရို ၂ ခုရှိပြီး သီးသန့်အိမ်သာတစ်ခုလည်းပါသည်။ ဓာတ်ပုံ-星视频/Weibo)
အခန်းထောင့်တွင်မူ စားပွဲငယ်လေးတစ်ခုရှိနေသည်။
“စားပွဲလေးရဲ့ဘေးမှာ အိမ်သာရေချိုးခန်းရှိပြီး အဝတ်ကတော့ ပြတင်းပေါက်ကနေ အဝတ်လှန်းရမှာ ဖြစ်ပါတယ်”
“ရေချိုးခန်းဘေးမှာ အဝတ်လျှော်စက်တစ်ခုနဲ့ ချက်ပြုတ်ဖို့နေရာလည်း ပါပါတယ်” ဗွီဒီယိုအဆုံးတွင် “ခင်ဗျားတို့ ဘယ်လိုထင်လဲ” ဟု ထိုအမျိုးသားက မေးခွန်းထုတ်ထားသည်။
ထိုဗွီဒီယိုသည် Weibo လူမှုကွန်ရက်တွင် ဂယက်ရိုက်လျက်ရှိပြီး လက်ရှိအချိန်ထိ ကြည့်ရှုမှုအကြိမ်ရေ ၆၇၀,၀၀၀ ရှိကာ Like ပေးသူ ၃၉၄၅ ဦးရှိနေသည်။
လူမှုကွန်ရက် အသုံးပြုသူများစွာက အခန်း၏ အလွန်ကျဉ်းမြောင်းမှုအပေါ် စိတ်ပျက်နေကြပြီး အသက်ရှူကျပ်ကာ အားငယ်စရာဖြစ်ကြောင်း ပြောဆိုကြသည်။
“တရုတ်ပြည်မှာ မြေရှား၊ အိမ်ရှားနေပြီလား” ဟု Weibo သုံးစွဲသူတစ်ဦးက မေးခွန်းထုတ်သည်။
“သေသွားတဲ့အခါ ခေါင်းထဲမှာ နေရတာနဲ့ ဘာများ ထူးသေးလို့လဲ” ဟု အခြားတစ်ဦးက စိတ်ပျက်စွာ မှတ်ချက်ပေးသည်။
အချို့သူတို့ကမူ ဗွီဒီယိုရိုက်ကူးသူမှာ အကျယ်ချဲ့ထားသည့် မှန်ဘီလူးများ အသုံးပြုကာ ရိုက်ကူးထားခြင်းကို ဝေဖန်ကြသည်။ ပုံမှန်ရှိသည်ထက် ပိုမိုကျယ်ဝန်းပုံပေါ်စေရန် မှန်ဘီလူးဖြင့် ရိုက်ထားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
သို့သော် အကောင်းမြင်ရှုထောင့်မှ ရှုမြင်သူများလည်း ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘Genius’ design or living in a ‘coffin’? Micro flat in Shanghai measuring 5sqm sparks debate