ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အိန္ဒိယနိုင်ငံ၊ အော်ဒီးရှားပြည်နယ်၊ Balasore မြို့ရှိ Fakir Mohan Autonomous College တွင် အသက် ၂၀ အရွယ် ဘီအီးဒီ ကျောင်းသူတစ်ဦးသည် ပါမောက္ခက ၎င်းအား မဖွယ်မရာ လုပ်သည့်ကိစ္စကို တိုင်တန်းခဲ့ သော်လည်း အရေးမယူသောကြောင့် မိမိကိုယ်ကို မီးရှို့မှု ဖြစ်ပွားခဲ့ကာ အင်္ဂါနေ့မနက် လင်းအားကြီးအချိန်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့မှုအပေါ် အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်နေသည်။
(အော်ဒီးရှားပြည်နယ်မှ BJD ပါတီဝင်များက မိမိကိုယ်ကို မီးရှို့သွားသော ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပုံ။ ဓာတ်ပုံ-PTI)
အော်ဒီးရှားပြည်နယ်၊ Bhubaneswar မြို့ရှိ အိန္ဒိယဆေးသိပ္ပံအင်စတီကျု (AIIMS) ၏ ထုတ်ပြန်ချက်တွင် အဆိုပါကျောင်းသူ သေဆုံးသွားမှုကို အတည်ပြုထားသည်။ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားသော ကျောင်းသူကို Balasore ခရိုင်ဆေးရုံကြီးမှတဆင့် Bhubanewwar ရှိ AIIMS သို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း လည်း ဖော်ပြထားသည်။
“သူ့ကို မီးလောင်ကျွမ်းမှု အရေးပေါ်ကုသတဲ့ Burns Center ICU ကို ပို့ပေးခဲ့ပါတယ်။ ဒီလူနာကို အကြောဆေး၊ ပဋိဇီဝဆေးတွေနဲ့ အသက်ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ သတိပြန်လည်လာအောင် ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို စက်နဲ့ လုပ်ဆောင်ပေးတဲ့ renal replacement ကုထုံးအပါအဝင် အစွမ်းကုန် ကြိုးစား ပေးခဲ့ပေမယ့် သတိလည်မလာတော့ဘဲ ဇူလိုင်လ ၁၄ ရက် ည ၁၁ နာရီ ၄၆ မှာ ကွယ်လွန်သွားခဲ့ ပါတယ်” ဟု AIIMS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အော်ဒီးရှားပြည်နယ် ဝန်ကြီးချုပ် မိုဟန်း ချရန်း မာ့ချီ (Mohan Charan Majhi) က ယခုဖြစ်ရပ်အပေါ် အလွန်ဝမ်းနည်းကြေကွဲမိကြောင်း ပြောကြားခဲ့ပြီး အပြစ်ရှိသူအားလုံးကို ဥပဒေအရ အပြင်းထန်ဆုံး အပြစ်ပေးမည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုကို အခိုင်အမာပြောကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် မိုဟန်းက X လူမှုကွန်ရက်တွင် “Fakir Mohan Autonomous ကောလိပ်က ကျောင်းသူ သေဆုံးသွားတဲ့ သတင်းတွေကြားရတာ တော်တော်ဝမ်းနည်းမိပါတယ်။ အစိုးရအဖွဲ့အနေနဲ့ တာဝန်ယူ တာဝန်ခံမှုတွေနဲ့ အပြည့်အဝ ကြိုးစားပေးခဲ့ပြီး ကျွမ်းကျင်ဆေးပညာရှင်တွေ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် သူ့အသက်ကို မကယ်နိုင်ခဲ့ဘူး။
မိန်းကလေးရဲ့ ဝိဉာဉ် ငြိမ်းချမ်းပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ရတဲ့ ကျန်ရစ်သူမိသားစုကို ဂျဂန်းနာ့ နတ်မင်းကြီးက ခွန်အားတွေ ပေးသနားဖို့ တောင်းခံပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
(မှတ်ချက်။ ဂျဂန်းနာ့ နတ်မင်းမှာ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသော နတ်မင်းဖြစ်သည်။ နတ်များ၏ အကြီးအမှူးဖြစ်ပြီး ဗုဒ္ဓဘာသာတွင် သိကြားမင်းနှင့် အလားတူသည်။ ဗိဿနိုးနှင့် ကရစ်ရှနကို ကိုးကွယ်သူများမှာ ဂျဂန်းနာ့ကိုလည်း ကိုးကွယ်ကြသည်)
“ဒီအမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို ကျွန်တော်ကိုယ်တိုင် လမ်းညွှန်ချက်တွေ ပေးထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ကျန်ရစ်သူမိသားစုဘက်ကနေ အခိုင်အမာ ရပ်တည်နေပါတယ်” ဟု အော်ဒီးရှား ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါကောလိပ်၏ ကျောင်းအုပ်ကြီး ဒီလစ် ဂုစ်ကို ရာထူးမှ ဆိုင်းငံ့ကာ ဖမ်းဆီးထားသည်။
အော်ဒီးရှားပြည်နယ် အဆင့်မြင့်ပညာရေးဌာနက ကောလိပ်ကျောင်းအုပ်ကြီးကို ယခုပြဿနာအား ကောင်းစွာ မကိုင်တွယ်ခဲ့ခြင်းအတွက် ရာထူးမှ ဆိုင်းငံ့သည့်အမိန့် ထုတ်ပြန်ခဲ့သည်။
ပြစ်မှုကျူးလွန်သည့် ဌာနမှူးကို အကာအကွယ်ပေးထားမှုဖြင့်လည်း ကျောင်းအုပ်ကြီးအား စွပ်စွဲထားသည်။
ကျူးလွန်သူဌာနမှူးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်သည်။
တစ်နိုင်ငံလုံး ဒေါသထွက်နေသော ယခုအမှုကို ဒုစရိုက်နှိမ်နင်းရေးဌာနမှ အဖွဲ့ဝင် ၂ ဦးက ကိုင်တွယ်စစ်ဆေးနေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Balasore Student, Who Set Herself on Fire Over Inaction Against Harassment By Professor, Dies