ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
လူအများစုအတွက် အိမ်ခြံမြေဝယ်ယူနိုင်ရန် ငွေရရှိရေးမှာ အိမ်ခြံမြေချေးငွေရယူကာ နှစ်ရှည်ပြန်ဆပ်သည့် နည်းသာ ရှိသည်။
၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်ကာလအတွင်း အမေရိကန်ပြည်မှ အလတ်စား အိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၀၃၈၀၀ ဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်၏ အချက်အလက်များတွင် ဖော်ပြသည်။
၂၀၂၄ ခုနှစ်၊ နောက်ဆုံး ၃ လပတ်ကာလအတွင်း အမေရိကတွင် အလယ်အလတ်တန်း တစ်နှစ်တာ လုပ်ခဝင်ငွေမှာ ကန်ဒေါ်လာ ၆၁၉၈၄ သာဖြစ်ရာ အခြေခံလူတန်းစား အမေရိကန်တို့အတွက် ယနေ့ခေတ်တွင် အိမ်ခြံမြေချေးငွေဖြင့် အိမ်ဝယ်မည်ဆိုပါက down payment ပေးသွင်းနိုင်ရန်ပင် မလွယ်ကူသည်ကို ထင်ရှားစွာ တွေ့နိုင်သည်။
ထို့ကြောင့် ငွေအကြေချေကာ ဝယ်ယူရန်ဟူသည်ကား စိတ်ပင်မကူးအပ်သော အကြောင်းရပ်သဖွယ် ဖြစ်သည်။
သို့သော် ကျိကျိတက် ချမ်းသာသော သူဌေးကြီးများတွင်လည်း ကိုယ့်အကြောင်းနှင့်ကိုယ် ရှိနေသည်။
၎င်းတို့အနေဖြင့် အိမ်ခြံမြေချေးငွေယူနေစရာမလိုဘဲ လက်ငင်းငွေချေကာ ဝယ်ယူနိုင်သည်မှာ အမှန်ပင်။
သို့စေကာမူ Mark Zuckerberg, Elon Musk နှင့် Jay-Z တို့ကဲ့သို့ ဒိတ်ဒိတ်ကြဲများမှာ နေအိမ်များ ဝယ်ယူရာတွင် အိမ်ခြံမြေချေးငွေဖြင့်သာ ဝယ်ယူကြသည်။
ထိုသို့ ဝယ်ခြင်းမှာ ငွေမတတ်နိုင်သောကြောင့်မဟုတ်။ ချေးငွေဖြင့် အိမ်ဝယ်ခြင်းတွင် အကျိုးကျေးဇူးများ ရှိနေသောကြောင့် ဖြစ်သည်။
■ ငွေစီးဆင်းမှု အခွင့်အလမ်းနှင့် ငွေဖြစ်လွယ်မှု
မိမိ၏ ငွေကို အိမ်ခြံမြေကဲ့သို့ illiquid asset (ငွေအိပ်သည့်အရာ) မျိုးတွင် တလုံးတခဲတည်း သုံးမည့်အစား ချေးငွေဖြင့်သာ ဝယ်ယူကာ အိမ်ဝယ်ရာတွင် သုံးမည့်ငွေကို အခြားသော ရင်းနှီးမြှုပ်နှံမှုများတွင်သာ သုံးစွဲကြသည်။
ဥပမာ- နှစ်ဦးပေါင်း ကြွယ်ဝမှု ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့်ရှိသော Jay Z နှင့် Beyonce တို့ စုံတွဲသည် လော့စ်အိန်ဂျလိမှ ဒေါ်လာ ၈၈ သန်းတန် စံအိမ်ကို ဝယ်ယူရာတွင် ကန်ဒေါ်လာ ၅၂ ဒသမ ၈ သန်း ချေးငွေ ရယူကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
■ အမြတ်အစွန်းများမည့်အရာများတွင် ရင်းနှီးမြှုပ်နှံနိုင်ခြင်း
အိမ်ခြံမြေချေးငွေ အတိုးနှုန်း (mortgage rate) နည်းသည့်အခါမျိုးတွင် ပိုလျှံလာသည့်ငွေကို စတော့ရှယ်ယာ၊ လုပ်ငန်းများနှင့် အခြားသော အမြတ်အစွန်းများမည့် နေရာများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည်။
ဥပမာ-Mark Zuckerberg သည် ၂၀၁၂ ခုနှစ်အတွင်း Palo Alto ရှိ အိမ်ခြံမြေချေးငွေဖြင့် ဝယ်ယူထားသောအိမ်ကို ကိန်းရှင်အတိုးနှုန်း ၁ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့် refinance ပြန်လည်ပြုလုပ်ခဲ့သည်။
(မှတ်ချက်။ ဤနေရာတွင် ကိန်းရှင်အတိုးနှုန်းနှင့် refinance တို့အကြောင်း အနည်းငယ် ရှင်းပြရန် လိုအပ်လာသည်။ refinance ဟူသည်မှာ အိမ်ခြံမြေချေးငွေစာချုပ်ကို အိမ်ခြံမြေချေးငွေ အတိုးနှုန်း နည်းပါးချိန်မျိုးတွင် ချေးငွေစာချုပ်သစ် ပြန်လည်ချုပ်ဆိုခြင်းဖြစ်ပြီး ပြောင်းလဲပြင်ဆင်သည့်အရာများမှာ အတိုးနှုန်း၊ ပြန်လည်ပေးဆပ်မည့်ကာလအပိုင်းအခြား၊ ကိန်းသေ ကိန်းရှင် အတိုးနှုန်းစနစ် ပြောင်းလဲခြင်း အစရှိသည်တို့ ပါဝင်လေ့ရှိသည်။
ဥပမာ-သင်သည် ဒေါ်လာ ၃၀၀၀၀၀ အိမ်ခြံမြေချေးငွေ ရယူထားသည်ဆိုပါစို့။ အရစ်ကျပေးဆပ်မည့်ကာလ နှစ် ၃၀ အတွက် အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းပေးရလျှင် လစဉ် ပေးသွင်းရငွေမှာ ဒေါ်လာ ၁၆၁၀ ဖြစ်သည်။ ချေးငွေစာချုပ်သစ် ပြန်လည်ချုပ်ဆိုချိန်တွင် အတိုးနှုန်း ၄ ရာခိုင်နှုန်းဆိုပါက လစဉ် ပေးသွင်းရငွေမှာ ၁၄၃၂ ဒေါ်လာသာဖြစ်ရာ တစ်လလျှင် ၁၇၈ ဒေါ်လာ သက်သာသွားမည်ဖြစ်ပြီး နှစ် ၃၀ အတွက် ၆၄၀၈၀ ဒေါ်လာ သက်သာသွားမည် ဖြစ်သည်။ ကိန်းသေအတိုးနှုန်းနှင့် ကိန်းရှင်အတိုးနှုန်းတွင် ကိုယ်စီ အားသာချက်များရှိသည်။ ကိန်းရှင်အတိုးနှုန်းတွင် အတိုးနှုန်းနည်းပါးသည်။ သို့သော် ၅ နှစ်ကြာလျှင် အတိုးနှုန်း မြင့်တက်လာသည်။ ကိန်းသေ အတိုးနှုန်းမှာမူ တသမတ်တည်း ပုံသေကောက်ခံသော အတိုးနှုန်းဖြစ်သည်။)
သို့သော် အမေရိကတွင် အိမ်ဝယ်မည်ဆိုပါက ဒိတ်ဒိတ်ကြဲသူဌေးတစ်ဦးမဟုတ်သည့်တိုင် အတိုးနှုန်းနည်းပါးသော အိမ်ခြံမြေချေးငွေကို လေ့လာရှာဖွေ ရရှိနိုင်သည်။
အဓိကသတိပြုရမည်မှာ ပထမဆုံး တွေ့ကြုံရသည့် အိမ်ခြံမြေချေးငွေပေးသူကိုသာ အားမကိုးဘဲ အခြားသော အိမ်ခြံမြေချေးငွေ ထုတ်ပေးသူတို့ထံတွင်လည်း လိုက်လံလေ့လာစုံစမ်းပါက အတိုးနှုန်းနည်းပါးသော ချေးငွေထုတ်ပေးသူကို တွေ့ရနိုင်ပါသည်။
LendingTree မှ ပြုလုပ်ခဲ့သော လေ့လာချက်တစ်ရပ်အရ အမေရိကတွင် အိမ်ဝယ်သူ ၄၅ ရာခိုင်နှုန်းသည် ပထမဆုံး တွေ့ခဲ့ရသော အိမ်ခြံမြေချေးငွေ ထုတ်ပေးသူအောက် အတိုးနှုန်း နည်းပါးသော ချေးငွေထုတ်ပေးသူနှင့် ဆုံစည်းရကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Super-rich Americans like Mark Zuckerberg and Jay-Z have taken out mortgages for homes — here’s why