ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်း စိုက်ပျိုးသည့် ခြံမြေများကို ဆိုလိုပါသည်။
အဆိုပါမြေများကို လက်ငုတ်လက်ရင်းလုပ်ကိုင်သူ တောင်သူလယ်သမား မိသားစုထဲတွင် ပါဝင်သူမှ လယ်နီးချင်း (၂)ဦး၏ ထောက်ခံချက်ဖြင့် လယ်ယာမြေဥပဒေနည်းဥပဒေပုဒ်မ - ၄၀ နှင့် အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ရရှိရန် လျှောက်ထားနိုင်ပါသည်။ အဆိုပါလယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ-၇ ကို အစိုးရဘဏ် (သို့) အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်ပေါင်နှံခြင်းလဲ ပြုနိုင်ပါသည်။
လယ်ယာမြေအား လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းပြုသည့်အခါ သတ်မှတ်တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်တင်ခသို့ ထမ်းဆောင်ပြီး သက်ဆိုင်ရာ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။
လယ်ယာမြေအား အခြားသီးနှံပြောင်းလဲ စိုက်ပျိုးလိုလျှင်လဲ လယ်ယာမြေဥပဒေပုဒ်မ - ၂၈ နှင့်အညီ တင်ပြရမည်ဖြစ်ပြီး သတ်မှတ်ချက်ကိုက်ညီပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုပေးနိုင်ပါသည်။
ထို့ပြင် လယ်ယာမြေကို အခြားနည်းအသုံးပြုမှု ဆောင်ရွက်လိုသည့်အခါတွင်လဲ လယ်ယာမြေဥပဒေပုဒ်မ -၂၉ နှင့်အညီ သဘောထားမှတ်ချက်များရယူပြီး လယ်ယာမြေဥပဒေပုဒ်မ- ၃၀(ခ)အရ အခြားနည်းအသုံးပြုခွင့် လျှောက်ထားရယူရမည်ဖြစ်ပါသည်။
လယ်ယာမြေအငြင်းပွှားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင်လဲ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ဖွဲ့စည်းထားပါသည်။ ရက်ကွက်ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အမိန့်အား မကျေနပ်လျှင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ရက်ပေါင်း-(၃၀)အတွင်း အယူခံဝင်နိုင်ပါသည်။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အမိန့်ကို မကျေနပ်လျှင် ရက်ပေါင်း -(၃၀)အတွင်း ခရိုင်ရုံးသို့ အယူခံတင်ပြနိုင်ပြီး ခရိုင်ရုံးမှ အမိန့်အား အယူခံဝင်လိုလျှင်လဲ ရက်ပေါင်း (၆၀)အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက် နိုင်ပါသည်။
လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ အမိန့်အား မလိုက်နာသူအား လယ်ယာမြေဥပဒေပုဒ်မ-၃၅ အရ တရားရုံးသို့ အရေးယူနိုင်ရန် ဦးတိုက်လျှောက်ထားခြင်းပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။