“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com

“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ်

Posted by Phoo Phoo (iMyanmarHouse.com)

မေး- အရင်ဆုံး မိသားစုလေးနဲ့နေထိုင်နေတဲ့ အိမ်ပုံစံလေးကိုပြောပြပေးပါလား။

အခု အိမ်ပုံစံကတော့ ကွန်ဒိုဆိုတော့ အရမ်းကြီး ရှုပ်ယှက်ခတ်နေတာမျိုးတော့  မဟုတ်ဘူး။ ညီမကိုယ်တိုင်လည်း အဲဒီိလိုမျိုး ရှုပ်ယှက်ခတ်နေတာဆို မကြိုက်ဘူး။ ဆေးအရောင်တွေကအစ အဖြူဘက်သွားတာတို့ မီးခိုးရောင်ဘက်သွားတဲ့ အရောင်မျိုးကို ပိုကြိုက်တာဆိုတော့ ညီမတို့အခု လက်ရှိနေတဲ့ အိမ်ပုံစံလေးကလည်း ရိုးရိုးပုံစံလေးပါပဲ။ Simple ဖြစ်တဲ့ အိမ်ပုံစံမျိုးပေါ့။

မေး- စိတ်ကူးထဲက အိမ်ပုံစံလေးကို သိချင်ပါတယ်။

အဲဒါကတော့ အေးအေးချမ်းချမ်းလေးနဲ့ အရမ်းကြီးလည်း ကျယ်စရာမလိုဘူး။ အိမ်ပုံစံသေးသေးလေးနဲ့ အတွင်းထဲမှာ ရှင်းရှင်းလေးနဲ့ လှနေတဲ့ ပုံစံမျိုးပေါ့။ အဲဒါကတော့ စိတ်ကူးထဲမှာ ရှိတဲ့ အိမ်ပုံစံလေးပေါ့။ အခုကျတော့ ညီမတို့က သားအမိနှစ်ယောက်တည်း ဖြစ်တယ်။ အမေနဲ့နေတဲ့အခါကျတော့ ရိုးရိုးရှင်းရှင်းလေးပဲ နေဖြစ်တာပေါ့။

မေး- အိမ်ဆိုရင် တစ်ချို့က အထပ်မြင့်လေးတွေကြိုက်တယ်။ သန္တာဗိုလ်ကရော ဘယ်လိုပုံစံလေးကိုနေရတာ သဘောကျလဲ။

ညီမကတော့ အထပ်မြင့်ထက် ကိုယ်ကလည်း တိရစ္ဆာန်တွေ ဘာတွေ မွေးရတာ ဝါသနာပါတယ်။ အဲဒီတော့ အိမ်လေးသေးသေးလေးနဲ့ ခြံကျယ်ကျယ်လေး မှာ အဲဒီခြံလေးမှာ တိရစ္ဆာန်လေးတွေ မွေးပြီးထားမယ်။ အဲဒီလိုမျိုးပုံစံလေးကို ပိုသဘောကျတယ်။

မေး- Decoration အပိုင်းမှာရော ဘယ်လိုမျိုး အလှဆင်ချင်လဲ။ အနုပညာရှင်တွေက အနုပညာနဲ့သက်ဆိုင်တဲ့ ပစ္စည်းလေးတွေထားချင်ကြတယ်။ သန္တာဗိုလ် ရဲ့ စိတ်ကူးလေးကရော ။

အဲဒါကတော့ ဘယ်သူမဆို သူ့စိတ်ကူးနဲ့သူတော့ရှိတာပေါ့။ မလုပ်ဖြစ်သေးတာပဲ ရှိတာပါ။ ညီမကတော့ အရမ်းကြီး အဲဒီလိုမျိုး အနုပညာဆန်တာထက် Music ပိုင်းကို ပိုကြိုက်တယ်။ အခန်းထဲမှာတစ်ယောက်တည်း သီချင်းနားထောင်ရတာမျိုးကို သဘောကျတော့ အခန်းထဲမှာ Lighting ပုံစံမျိုးလေးတွေ ထားတာတို့ ကိုသဘောကျတယ်။ အဲဒါကြောင့် စဉ်းစားထားတာက ကိုယ့်အိမ် အခန်းထဲမှာဆိုရင် Lighting လေးတွေ အမျိုးမျိုးပြောင်းလို့ရတဲ့ ဟာလေးတွေ ထားမယ်။ ပြီးရင် ရုပ်ရှင်ကြည့်လို့ရှိရင်လည်း မီးအရောင် အရမ်းလင်းနေတာမျိုးကို မကြိုက်ဘူး မီးမှောင်မှောင်လေးနဲ့ ကြည့်ရတာမျိုးကို သဘောကျတဲ့သူဆိုတော့ ညီမအိမ်မှာဆိုရင် မီးကို အရောင်စုံ၊ အမျိုးစုံ ထားမယ်လို့တော့ စဉ်းစားထားတယ်။

မေး- ငယ်ဘဝတုန်းက အိမ်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေ ရှိခဲ့လား။

ငယ်ဘဝတုန်းက အိမ်နဲ့ ပတ်သက်တဲ့ အမှတ်တရရယ်လို့တော့ အဲဒီလိုမျိုးကြီး ထူးထူးခြားခြားအမှတ်တရတော့ မရှိပါဘူး။ ဒီတိုင်းပုံမှန်အတိုင်းပဲပေါ့နော်။

မေး - ကိုယ့်ရဲ့စိတ်ကူးထဲက အိမ်လေးကို အကောင်အထည်ဖော်ဖို့အတွက်ရော နီးစပ်မှုရှိနေပြီလား။

နီးစပ်နေပြီလားဆိုတော့ အခုတော့ ရထားတယ်လို့ပဲ ပြောရမှာပေါ့။ ကိုယ်နေချင်တဲ့ အိမ်၊ ကိုယ်လိုချင်တဲ့ အိမ်ကို ဝယ်ထားတယ်ဆိုတော့ အခုတော့ ရှိနေပြီလို့တော့ ပြောလို့တော့ ရတာပေါ့။ ဒါပေမယ့် ကိုယ့်အမေနဲ့ နေရတာဆိုတော့ လူကြီးက အကြိုက်တစ်မျိုး ညီမက အကြိုက်တစ်မျိုး ဆိုတော့ ညှိလို့တော့ မရသေးဘူးပေါ့နော်။ နောက်ပိုင်းကျမှ ကိုယ်အိမ်ထောင်ကျတော့မှပဲ Decoration အပိုင်းကိုကိုယ့်စိတ်ကြိုက် လုပ်ရတော့မှာပေါ့။

မေး - အခု ကိုယ့်အခန်းလေးထဲမှာရော ကိုယ်လုပ်ချင်တဲ့ စိတ်ကူးထဲက ပုံစံလေးအတိုင်း လုပ်ထားပြီးပြီလား။

အခု ညီမအခန်းထဲမှာတော့ ထူးထူးဆန်းဆန်းတွေတော့မရှိဘူး။ ရိုးရိုးရှင်းရှင်းလေးပဲထားထားတယ်။ ကိုယ်လုပ်ချင်တဲ့ ပုံစံကတော့ အခုထိတော့မလုပ်ရသေးဘူး။ စိတ်ကူးထားတာပဲ ရှိသေးတာပါ။

မေး - ရန်ကုန်မဟုတ်ဘဲ တစ်ခြားနေရာတစ်ခုမှာ နေခွင့်ရမယ်ဆိုရင် ဘယ်နေရာဒေသမှာ နေချင်လဲ။

မေမြို့ပေါ့။ မေမြို့ကို ကြိုက်တယ်။ မေမြို့ကို ရွေးချယ်ချင်တာက မေမြို့က အစားအသောက်တွေကိုလည်း ကြိုက်တယ်။ အေးလည်းအေးတယ် အဲဒါကြောင့် အဲဒီနေရာလေးမှာပဲ အိမ်လေးဆောက်ပြီးတော့ နေချင်တယ်လို့လည်း စိတ်ကူးမိတယ်။

မေး - အိမ်ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် ဘယ်လိုဖွင့်ဆိုချင်လဲ။

အိမ်ဆိုတာက အေးချမ်းတဲ့နေရာပေါ့နော်။ အလုပ်တွေဘာတွေ ပြန်လာလို့ရှိရင်လည်း အိမ်က အေးချမ်း တဲ့နေရာတစ်ခုပါပဲ။ ခရီးသွားရင်လည်း အလုပ်တွေဘာတွေ ပြီးသွားလို့ ဟိုတယ်မှာ ပြန်ပြီးတော့ နားရတယ် ဆိုတာထက် ကိုယ့်အိမ်နေရာလေးကိုပဲ ပြန်ပြီးတော့ တောင့်တနေမိတယ်။ သတိရနေမိတာပေါ့။ ညီမအတွက်ကတော့ အိမ်ဆိုတာအေးချမ်းတဲ့ နေရာလေးပါ။

မေး - ဒါဆို ခရီးထွက်ရတိုင်း အိမ်လွမ်းနေရတာပေါ့။

ဟုတ်တယ်။ အိမ်ကိုပဲ မျှော်လင့်နေတာပေါ့။ ဘယ်လိုဖြစ်တာလည်းတော့ ညီမလည်း မပြောတတ်ဘူး။ အိမ်ကအခန်းထဲက အိပ်ယာမှာပဲ အိပ်လိုက်မှပဲ ပိုပြီးတော့ စိတ်ချမ်းသာသွားသလို ခံစားရတယ်။

မေး- ကိုယ်တိုင် ဖန်တီးချင်တဲ့ မိသားစုပုံစံလေးရော ရှိလား။

ဒါကတော့ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှ့င်နဲ့ပဲ ဖြတ်သန်းချင်တဲ့ မိသားစုဘဝပုံစံလေးပါပဲ။ အဓိက ကတော့ စိတ်ချမ်းသာဖို့ကတော့ အဓိက ပဲ လို့မြင်မိတယ်။ အရမ်းကြီးတော့ ညီမက ကြိုပြီးတော့ စိတ်ကူးယဉ်ထားတာမျိုးတော့ မရှိဘူး။ ဖြစ်လာမှပဲ တွေးလိုက်တာတော့ ရှိတယ်။ အရှေ့မှာ အရမ်းကြီး စိတ်ကူးယဉ်ရင် ပြတ်တတ်လို့နောက်ပိုင်း စိတ်ကူးမယဉ်တော့ဘူး။

မေး- ကိုယ်လိုချင်တဲ့ ပုံစံလေးတွေရော ချစ်သူ ကောင်းပြည့်ကိုရော ပြောပြထားလား။

ပြောပြထားလားဆိုတော့ သူ့အကြိုက်ရော ကိုယ့်အကြိုက်ရော အဲဒီလိုမျိုးလေးတွေတော့ တွေးထား တာလေးတော့ ရှိတာပေါ့။ သူ့အကြိုက်နဲ့ညီမရဲ့ အကြိုက်ကလည်း တူတူပဲ ။ အေးအေးချမ်းချမ်း ရိုးရိုးရှင်းရှင်းလေး ၊ သူကလည်း အေးတဲ့နေရာကို ပိုကြိုက်တယ်။ ဖြစ်နိုင်လို့ရှိရင် တောင်ပေါ်ဒေသလို နေရာမျိုးမှာ သီးသန့်အိမ်လေးနဲ့ နေချင်တာပေါ့။ ဘယ်သူမှ မရှိတဲ့ နေရာ၊ လူမရှုပ်တဲ့နေရာပေါ့ အဲဒီလိုမျိုးမှာ နေချင်တာဆိုတော့ သူနဲ့ကိုယ်ကတော့ အကြိုက်ချင်းတူတယ်။

မေး- နောက်ဆုံးအနေနဲ့ချစ်တဲ့ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုလေးတွေ ရှိရင် ပြောပြပေးပါဦး။

ညီမကတော့ ဒီကြားထဲမှာ ဖေ့ဘွတ်ခ် Post ပေါ့ ။ ဖေ့ဘွတ်ခ် ကြော်ငြာလေးတွေတော့ အဓိကလုပ်ဖြစ်တယ်။ ရှိုးလျှောက်ဖြစ်တယ်။ မိုးတွင်းလည်းဖြစ်နေတော့ အလုပ်တွေက နည်းနည်းတော့ ပါးတာပေါ့။ ကားရိုက်တာကတော့ မရှိပါဘူး။ အဲဒါလေးတွေတော့ လုပ်ဖြစ်နေတယ်။ ညီမကို ဆက်ပြီး အားပေးနေတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။


ဖူးဖူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာ အေးချမ်းတဲ့ နေရာလေးပါ” လို့ ဆိုတဲ့ သရုပ်ဆောင် သန္တာဗိုလ် - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)