မေး။ လက်ရှိ နေထိုင်တဲ့ အိမ်ပုံစံလေးကို ပြောပြပေးပါဦး။
လက်ရှိနေတဲ့ အိမ်လေးကတော့ ကြည့်လိုက်ရင်တော့ တစ်ထပ်ပုံစံလေးပဲ ဒါပေမယ့် အထဲထဲမှာတော့ နှစ်ထပ်ပုံစံမျိုးပေါ့။ အပြင်က ကြည့်ရင်တော့ တစ်ထပ်ပုံစံမျိုးပဲ မြင်ရတယ်။
မေး။ ဒီအိမ်လေးက တည်ဆောက်ခဲ့တာကြာပြီလား။
အကိုတို့ အိမ်ထောင်ကျပြီး သုံးနှစ်လောက်နေမှ ဒီအိမ်လေးကို ဆောက်ဖြစ်ခဲ့တာပါ။ အိမ်လေးကို ဆောက်တာတော့ သုံးနှစ်လောက်တော့ ရှိပါပြီ။
မေး။ နှစ်ထပ်ပုံစံလေးကို ရွေးချယ်ဖြစ်တာကရော ဘယ်လိုမျိုး စိတ်ကူးရလို့လဲ။
အဓိကကတော့ အကိုက အိမ်ဆိုရင် ကျစ်ကျစ်လျစ်လျစ်ဖြစ်တဲ့အိမ်လေးကိုပဲ သဘောကျတယ်။ အကြီးကြီးဖြစ်တာမျိုးကို မကြိုက်လို့ပါ။
မေး။ အရင်ကတည်းက တည်ဆောက်ချင်တဲ့ အိမ်ပုံစံလေးမျိုးလေးရှိလား။
အကို အမေရိကားသွားတုန်းက တွေ့တဲ့ တစ်ထပ် အိမ်ပုပုလေးတွေကို သဘောကျတယ်။ အရင်ကတည်းက စိတ်ကူးယဉ်ခဲ့တာလည်း အဲဒီလိုပုံစံမျိုးလေးပဲပေါ့။ အဲဒါကြောင့် ဒီအိမ်လေးကို ဆောက်တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်က ပြန်ပြင်တော့လည်း ဘိုဆန်ဆန် ပုံစံလေးဖြစ်အောင် ပြန်ပြင် လိုက်တယ်။
မေး။ Decoration ပိုင်းတွေဆိုရင်ရော ဘယ်လိုပုံစံမျိုးတွေကို သဘောကျလဲ။
Decoration ပိုင်းတွေဆိုရင်တော့ အိမ်အပြင်ဘက်ကို ဟိုအရင်တုန်းကပုံစံမျိုး သစ်သားပြားလေးတွေ ကပ်ထားတဲ့ ပုံစံမျိုးကို သဘောကျတယ်။ နောက်ပြီး အိမ်ကို မှန်တွေနဲ့ ကာထားတဲ့ ပုံစံမျိုးကိုလည်း သဘောကျတယ်။ အိမ်အတွက် အရောင်ဆိုရင်တော့အဖြူရောင်၊ အမဲရောင် ကို သဘောကျတယ်။ အရမ်းကြီး Bright ဖြစ်တဲ့ ကာလာမျိုးကို သဘောမကျဘူး။
မေး။ ဂီတနဲ့ ပတ်သက်တာလေးတွေရော အိမ်မှာလုပ်ထားတာရှိလား။
လုပ်ထားတယ် ။အိမ်မှာ စတူရီယိုလေးလည်း ထည့်လုပ်ထားပါတယ်။ အဓိကကတော့ ကိုယ်စိတ်ထဲမှာ ရှိတဲ့  အချိန်တိုင်း သီချင်းတွေကို ဖန်တီးလို့ ရအောင် ရည်ရွယ်ပြီးစတူရီယိုလေးပါ အိမ်ထဲမှာ ထည့်လုပ်ဖြစ်ခဲ့တာပါ။
မေး။ အိမ်နဲ့ ပတ်သက်တဲ့ ငယ်ဘဝလေးက အမှတ်တရလေးဖြစ်ဖြစ် တစ်ခုခုရှိခဲ့ရင် သိချင်ပါတယ်။
အခုလက်ရှိလည်း မိဘတွေနဲ့ တူတူနေတယ်။ ငယ်ငယ်တုန်းက နေခဲ့တုန်းကတော့ တစ်နေရာပြီး တစ်နေရာ ပြောင်းနေခဲ့ရတာပေါ့။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီလိုပါပဲ ရုန်းကန်နေရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ကြုံခဲ့တာလည်း အမျိုးမျိုးပေါ့ ။မိဘတွေကိုလည်း ကိုယ်ချင်းစာ စိတ်တော့ ဖြစ်မိတာတွေလည်းရှိပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်တစ်ခုထားတယ်။ ငါတစ်နေ့မှာ အိမ်တစ်လုံး ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ခိုင်ခိုင်မာမာထားတယ်။ ကံလည်း ပါတာပေါ့။ လူတစ်ယောက်ရဲ့ အိမ်ထောင်ကျတဲ့ အချိန်မှာ သူ့ကံနဲ့ ကိုယ့်ရဲ့ ကံနဲ့ နှစ်ယောက်ပေါင်းတဲ့ အခါကျတော့ ကိုယ်မမြင်နိုင်တဲ့ ကံတရားက ဖန်တီးပေးလိုက်တဲ့ အရာတွေလည်းရှိတာပေါ့။ အဲဒါကြောင့် ဒီလိုပဲ အခက်အခဲတွေ ကျော်ဖြတ်ရင်းနဲ့ပဲ ဒီလိုအိမ်လေးကို ပိုင်ဆိုင်လာတာပေါ့။
မေး။ နောက်တစ်လုံး ထပ်ဆောက်ခွင့်ရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးလေး ဆောက်ဖြစ်မှာလဲ။
အခုကလေးတွေလည်း အသက်ကြီးလာပြီဆိုတော့ နောက်တစ်လုံးဆောက်ရင်တော့ သေသေချာချာလေး စနစ်တကျနဲ့ ရေကူးကန် နဲ့ ပြီးရင် ကလေးတွေအတွက် တစ်ယောက်တစ်ခန်း သေသေချာချာ လုပ်ပြီး ဆောက်ဖြစ်မယ်လို့တော့ စဉ်းစားထားပါတယ်။
မေး။ အခုရော အိမ်လေးထပ်ဆောက်ဖို့ နီးစပ်နေပြီလား။
မြေကြီးတော့ ဝယ်ပြီးပြီ။ ကျွန်တော်နေတဲ့ ရပ်ကွက်ထဲမှာပဲ မြေကြီးဝယ်ထားတယ်။ ဒီတစ်ခါ ထပ်ဆောက်ရင်တော့ အိမ်အကြီးကြီး မဟုတ်ပဲနဲ့ ခေါင်းမိုးပေါ်မှာ ရေကူးကန်ပါတဲ့ ဟာမျိုးကို သဘောကျတယ်။ ပြီးရင် အမြင့်ကနေ ကြည့်ရတာမျိုးကိုလည်းသဘောကျတယ်။ အိမ်ကိုအကြီးကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် သုံးထပ်၊ သုံးထပ်ခွဲလောက် အထပ်မြင့်ပုံစံလေး ဆောက်ဖြစ်မယ်ထင်တယ်။
မေး။ အခန်းပုံစံလေးတွေအတွက်ရောဘယ်လိုမျိုး စဉ်းစားထားလဲ။
အဓိကကတော့ တစ်ယောက်တစ်ခန်းရှိမယ်။ ပြီးရင် အိမ်မှာနေတဲ့ သူတွေ မိသားစု တစ်ယောက်တစ်ခန်းရှိမယ်။ ပြီးတော့ ဘုရားခန်း ကောင်းကောင်းရှိမယ်။ စတူရီယိုရှိမယ်။ မီးဖိုချောင်အခန်းလေးရှိမယ်။ ဧည့်သည်လာရင် ဧည့်သည်တွေ အတွက် တစ်ခန်းလောက်ထားမယ်။ အဲ့လောက်ဆိုရင်တော့ လုံလောက်ပါပြီ။
မေး။ အခုကတည်းက ဒီဇိုင်းပုံစံတွေရော လေ့လာထားတာရှိနေပြီလား။
အဲ့လိုမျိုးတော့ မရှိပါဘူး။ လတ်တလောတော့ မရှိသေးပါဘူး။ အခုကတော့ ထွေနေတာပေါ့။ ဟိုပုံလည်း ကြိုက်၊ ဒီပုံလည်း ကြိုက်ဖြစ်နေတယ်။ တကယ့်တကယ် သေသေချာချာလေး ပိုက်ဆံ လက်ထဲပြည့်သွားပြီဆိုရင်တော့ ရွေးမှာပေါ့။
မေး။ ရန်ကုန်မဟုတ်ရင်ရော ဘယ်နေရာဒေသမှာ နေချင်လဲ။
ရန်ကုန်မဟုတ်ရင်တော့ အေးတဲ့ အရပ်ရှမ်းပြည်ဘက်တွေမှာနေရတာကို ကြိုက်တယ်။ အဲဒီဘက်မှာ အေးတော့ အဲဒီလိုမျိုး အေးတဲ့နေရာမှာ နေရတာကို သဘောကျတယ်။
မေး။ အိမ်ဆိုတာကို စကားဖွဲ့နွဲ့လို့ ရမယ်ဆိုရင် ဘယ်လိုမျိုး ဖွဲ့နွဲ့ချင်လဲ။
အိမ်ဆိုတာကတော့ ကြိုက်တဲ့နေရာ အကောင်းဆုံး ဘယ်နေရာပဲ သွားသွား၊ အကောင်းဆုံး ဟိုတယ်ကိုပဲ သွားသွား ကိုယ့်အိမ်က အိပ်ယာလောက် အရသာရှိရှိ အိပ်ရတာမျိုး မရှိဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်အိမ်လေးကသာ လုံခြုံပြီး စိတ်ချရတဲ့ နေရာလေးပါ။ အဲဒီအတွက်ကြောင့် အိမ်ဆိုတာက တိုက်ကြီးကြီးတွေနဲ့ အရမ်းကြီး ခမ်းနားနေမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အိမ်ပိုင်၊ ကိုယ့်ရဲ့နေရာထိုင်ခင်းလေးမှာ အေးချမ်းတဲ့ မိသားစု၊ ရှိတဲ့ မိသားစုနဲ့ နွေးနွေးထွေးထွေး ပြသနာမရှိဘဲနဲ့ နေရမယ်ဆိုရင် အိမ်က တကယ့်ကို အကောင်းဆုံးနဲ့ လုံခြုံဆုံးနေရာပါပဲ။
မေး။ ဂီတလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေများ ပြောချင်တာရှိဦးမလဲ။
သီချင်းတွေတော့ ပြင်ဆင်နေပါတယ်။ အခုလတ်တလောတော့ မထွက်ဖြစ်ဘူးပေါ့။ ထပ်ပြီးတော့ ကြိုးစားနေပါဦးမယ်။
မေး။ အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။
အားပေးနေတဲ့ ပရိသတ်တွေအားလုံးလည်း မိသားစုတိုင်း အိမ်ပိုင်ယာပိုင်နဲ့ အိမ်အကြီးကြီးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ပြောချင်ပါတယ်။
ဖူးဖူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com