Beatles တေးဂီတအဖွဲ့ဝင် ရင်ဂိုစတား၏ ငယ်ဘ၀ဖြတ်သန်းခဲ့ရာနေအိမ်ကို အင်္ဂလန်နိုင်ငံ လီဗာပူးမြို့ရှိ Cavern Club တွင် လေလံတင်ခဲ့ရာ Beatles အဖွဲ့၏ အမာခံပရိသတ် တစ်ဦးဖြစ်သည့် လန်ဒန်မှ ဂျက်ကီဟုမ်းအမည်ရှိ အမျိုးသမီးတစ်ဦးက ပေါင် ၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၉,၀၀၀)ဖြင့် လေလံအောင်ခဲ့သည်။
ဒေသစံတော်ချိန် မတ် ၂၄ရက်ညက ပြုလုပ်ခဲ့သော လေလံပွဲ တွင် ယခုအခါ အသက် ၇၅ နှစ်ရှိ ရင်ဂိုစတား အသက် ၃ နှစ်မှ ၂၁ နှစ်အထိ နေထိုင်ကြီးပြင်းခဲ့သော
လီဗာပူးမြို့ရှိ အိပ်ခန်း ၂ ခန်းသာ ပါဝင်သော ယင်းအိမ်ငယ်လေးအား ပေါင် ၁၅,၀၀၀ ဖြင့် လေလံဈေး စဖွင့်ခဲ့ခြင်းဖြစ်သည်။
ဂျက်ကီဟုမ်းသည် ပြီးခဲ့သည့်နှစ်က Beatles အဖွဲ့ဝင် ဂျွန်လင်နွန်၏ မိခင်၏အိမ်ကိုလည်း လေလံဆွဲဝယ်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်ကလည်း Beatles အဖွဲ့ဝင်
ဂျော့ဂ်ျဟာရစ်ဆင်၏ အိမ်ကို ၀ယ်ယူခဲ့သည်။
"အရင် Beatles အိမ်နှစ်အိမ်ကို ပိုင်ရသလိုပဲ အခုနောက်တစ်အိမ်ထပ်ပိုင်ရလို့ ကျမအရမ်းဝမ်း သာပါတယ်။ ဒီအိမ်တွေမှာ ကျမချစ်တဲ့သူတွေရဲ့ သမိုင်းကြောင်းတွေ အများကြီး ရှိပါ တယ်" ဟု ဂျက်ကီဟုမ်း က ပြောကြားခဲ့သည်။
ပေါလ်မက်ကာ့တ်နေ၊ ဂျွန်လင်နွန်၊ ဂျော့ဂ်ျဟာရစ်ဆင်နှင့် ရင်ဂိုစတားတို့ ပူးပေါင်း၍ လီဗာပူးမြို့တွင် ၁၉၆၀ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Beatles အဖွဲ့သည်
အထူးသဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များက ကမ္ဘာတစ်လွှားအလွန်ကျော်ကြားခဲ့ပြီး ဗြိတိန်၏ အအောင်မြင်ဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး ပေါ့ပ်ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်ခဲ့သည်။
ရင်ဂိုစတားသည် ယင်းအဖွဲ့တွင် အဆို၊ အရေးတို့ထက် ဒရမ်တီးခတ်သူအဖြစ် ပိုမိုလူသိများသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)