မြန်မာ-လာအို ချစ်ကြည်ရေးမဲခေါင်မြစ်ကူးတံတားချဉ်းကပ်လမ်းမှာ တည်ဆောက်ထားတဲ့ Border Control Facilities (BCF) အဆောက်အအုံမြေနေရာမှာ ပါဝင်သွားတဲ့လယ်ယာမြေ ၃.၈၁၂ ဧကအတွက် လယ်မြေရှင်တွေကို လျော်ကြေးငွေ ကျပ်သိန်း ၃၈၁.၂ ပေးလျော်လိုက်ကြောင်း သိရပါတယ်။
ယင်းလျော်ကြေးငွေပေးအပ်ခြင်းကို မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး နစ်နာသူတောင်သူလယ်သမား ၁၀ဦးကို ပြည်ထောင်စု အစိုးရရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပေးခဲ့ခြင်းဖြစ်ပါတယ်။
‘ဒီအဆောက်အအုံ ဆောက်တဲ့အခါမှာ တံတားအနီးအနားက လယ်ယာမြေတချို့ပါဝင်သွားပါတယ်၊ ဒါပေမယ့် အလကားမသိမ်းပါဘူး ၊ လျော်ကြေးငွေပြန်ပေးပါတယ် ၊ လျော်ကြေးငွေပေးတဲ့အခါမှာလဲ တောင်သူတွေနဲ့ ဆွေးနွေးကြပြီး ဈေးနှုန်းသတ်မှတ်ပြီးမှ ပေးတာပါ’လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအထူးအဖွဲ့ (၆) ဒုတိယညွန်ကြားရေးမှူးဒေါ်အေးအေးမော်က ပြောပါတယ်။
မြေယာသိမ်းဆည်းခံရတဲ့ နစ်နာသူတွေကို တစ်ဧက ကျပ်သိန်း ၁၀၀ သိန်းနှုန်းဖြင့် လျော်ကြေးငွေပေးခဲ့ကြောင်း သိရပါတယ်။
၂၀၁၅ ခုနှစ်အတွင်းမှာ မြန်မာ-လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
Credit: The Kumudra