ကျယ်လောင်သည့် နာရီနှိုးစက်သံနှင့်အတူ မနက်အရုဏ်မတက်မီ မစန္ဒီတစ်ယောက်အိပ်ချင်
မပြေသေးသည့် စိတ်ကိုဖျောက်ကာ မြေညီထပ်လှေကားအောက်အခန်း၏ ရေမော်တာဆီသို့
ရေချူဖို့ဆင်းလာနေသည်။
နံနက်အစောဆုံး အခန်းနီးချင်းတွေမနိုးမီ ရေမော်တာဖွင့်ရမည်ကို အားနာမိသော်လည်း
မည်သူတစ်ဦးတစ်ယောက်မျှ ရေမတင်သည့်အချိန်က ရေရရှိမှုအကောင်းဆုံးအချိန်
ဖြစ်သကဲ့သို့၊ ဒီအချိန်မှာ မတင်ဘဲ နေ့လယ်နေ့ခင်း၊အခြားသူတွေနှင့်အတူတူ ရေတင်ပါက
သူတို့နေထိုင်သည့်သုံးလွှာကို ရေရရှိဖို့က မသေချာသလောက်ဖြစ်ရသည်။
ရန်ကုန်မြို့ရှိ အဝီစိရေတွင်းမှရေကိုအသုံးပြုနေသည့် အထပ်မြင့်တိုက်အချို့ ရေရရှိမှု
အခြေအနေ တစ်နှစ်ထက်တစ်နှစ်ခက်ခဲလာသည့်အခြေအနေတွင် ရှိနေကြောင်း အထပ်မြင့်
တိုက် နေထိုင်သူအချို့မှ မြန်မာတိုင်း(မ်) ကို ပြောသည်။
အထပ်မြင့်တိုက်အများစု၏ ရေသုံးစွဲရရှိမှု အခြေအနေမှာ စက်ရေတွင်းနှင့် စည်ပင်က
ပေးသည့် ဂျိုးဖြူရေကိုသိုလှောင်သုံးစွဲကြခြင်းဖြစ်သည်။ လက်တလောဂျိုးဖြူရေ
သုံးစွဲမှုတွင် လျှပ်စစ်မီးပုံမှန်ရရှိပါက ပြဿနာ မရှိသော်လည်း စက်ရေတွင်းနှင့် အဝီစိရေကို
အသုံးပြုရသူတို့မှာ မြေအောက်ရေပြဿနာကြောင့် ရေမော်တာနှင့်ရေတင်ရာတွင် မရရှိသည့်
ပြဿနာ၊ ရေကို စောင့်ပြီး တင်ရသည့်ပြဿနာများ ကြုံတွေ့နေရသည်။
အလုံမြို့နယ် စောရန်အောင် အရှေ့ရပ်ကွက်တွင် နေထိုင်သည့် မစန္ဒီက'' အစ်မတို့က
သုံးလွှာမှာနေတာ၊ ရေက ဒီနောက်ပိုင်း ခလုတ်နှိပ်လိုက်တာနဲ့တင်လို့ရတဲ့ အခြေအနေ
မဟုတ်တော့ဘူး။ လွယ်ကူမှု မရှိတော့ဘူး။ မနက်အစောကြီး ၃ နာရီ ၄ နာရီလောက်
ထတင်ရတာ။ ညပိုင်း ၁ဝ နာရီ ၁၁ နာရီကျော် လောက်မှရေတင်လို့ရတာမျိုးတွေ
ဖြစ်လာတယ်။ မနှစ်ကနွေတုန်းကဆို တစ်ခါတလေ ရေပြန်ချူပေးရတာ၊ နှစ်ရက်
သုံးရက်လောက်ရေမရတွေပါကြုံရတယ်၊ ဒီနှစ်တော့ ဘယ်လိုလာမယ်မသိဘူး''ဟု
သူကြုံတွေ့ရတာကို ပြောသည်။
ယခုနှစ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်လည်း ကျရောက်နေသည့်အတွက်
အယ်လ်နီညိုကြောင့် အပူချိန်တိုးခြင်း၊ မိုးနည်းခြင်းများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒပညာရှင် အချို့ကခန့်မှန်းချက်ထုတ်ထားကြသည်။
အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာပါက အပူရှိန်ကြောင့် ကျန်းမာရေး ထိခိုက်မှု၊ ရေငွေ့
ပျံနှုန်းများလာမှု၊ မြေအောက်ရေခန်းခြောက် ဆုံးရှုံးနိုင်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း
သတိပေးကြသည်။
အိမ်နီးချင်းနိုင်ငံအချို့နှင့် ဥရောပနိုင်ငံများတွင် ရေရှားပါးပြတ်လပ်မှုပြဿနာများနှင့်
ကြုံတွေ့နေရပြီး နောင် နှစ် ၂ဝအတွင်းမြေအောက်ရေခန်း ခြောက်မှုပြဿနာများလည်း
ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များကလည်းသုံးသပ်ကြသည်။
''မြန်မာပြည်မှာလည်း ရေသယံဇာတအားလုံးက နည်းနေတယ်၊ ရေသယံဇာတက
သုံးမျိုးပဲရှိတယ်။ ပထမတစ်မျိုးက ရေခဲမြစ်တွေလျှော့နည်းလာတာ။ ဒုတိယတစ်မျိုးက
မုတ်သုံမိုးတွေ လျော့နည်းလာတယ်။ တတိယက မြေအောက်ရေကလည်း မြန်မာပြည်က
တော်တော်ဆုတ်နေပြီ၊ အကြောင်းက နှစ်ခုရှိတယ်၊ မြန်မာနိုင်ငံရဲ့အပူချိန်ကလည်း
တဖြည်းတိုးတိုးနေတယ်။ ရေသယံဇာတ သုံးခုစလုံးက လျော့နေတယ်။ ရေက
ပြဿနာဖြစ်နေပြီ။ မြန်မာပြည်မှာ အနည်းဆုံးငါး နှစ်ခြောက်နှစ်ရှိပြီ။ ခြောက်သွေ့ရာသီ
ရောက်လိုက်တာနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေဆိုရင် စိုက်ရေပျိုးရေတင် မဟုတ်ဘူး
သောက်သုံးရေပါ မရတော့ဘူး။ ဒီနှစ်အယ်လ်နီညိုကလာဖြစ်တော့ မိုးကပုံမှန်ထက်လျှော့မယ်။
အပူချိန်တိုးလာတော့ အငွေ့ပြန်တာကများမယ်။ ဒီတော့အဝင်ကနည်းပြီးအထွက်က
များမယ်ဆိုတော့ ရေရှားပါးမှုပြဿနာက ပိုဆိုးဖို့ပဲရှိမယ်''ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင်
ဒေါက်တာထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံတွင် လာမည့်နွေရာသီ၌သောက်သုံးရေရှားပါး ပြတ်လပ်မှုပြဿနာကို
တစ်ထောင့်တစ်နေရာမှ ဖြေရှင်းနိုင်ဖို့မင်္ဂလာမြန်မာမှ သြစတြေးလျနိုင်ငံ SFCU အဖွဲ့နှင့်
ပူးပေါင်းကာ ရန်ကုန်မြစ်ရေကို ရေချိုအဖြစ် သန့်စင်စစ်ထုတ်နိုင်သော ရေသန့်စက်များဖြင့်နှစ်စဉ်
ရေအခက်အခဲကြုံတွေ့ရသော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင်တပ်ဆင်ပေး
သွားရန် လျာထားလျက်ရှိကြောင်း မင်္ဂလာမြန်မာမှ တာဝန်ရှိသူက ပြောသည်။
ကမ္ဘာပေါ်တွင် ရေထုအများစုတည်ရှိရာ ပင်လယ်ရေငန်များကို ရေချိုအဖြစ် ချက်လုပ်ပြောင်းလဲ
အသုံးပြုလျက်ရှိနေပြီး ငွေကြေးတတ်နိုင်သော၊ စွမ်းအင်ပေါကြွယ်ဝသော နိုင်ငံများတွင် ရေချို
စက်ရုံများ အများအပြားရှိနေကြောင်း၊ ကမ္ဘာ့နိုင်ငံ ၁၂ဝ ကျော်တွင် တည်ဆောက်သုံးစွဲနေကြပြီး
အရှေ့အလယ်ပိုင်းဒေတွင် အများဆုံးတည်ရှိကြောင်း ၂ဝ၁၂ ခုနှစ်၏ အမျိုးသားစာပေဆုနှင့်
အကောင်းဆုံး ထုတ်ဝေသူဆုရရှိထားပြီး ရေရရှိရေးနှင့် သန့်ရှင်းမှုဘာသာရပ် ဘွဲ့ကြိုနှင့်
ဘွဲ့လွန်အဆင့်အထိ သင်ယူခဲ့သူဦးကျော်ဦး ရေးသားထားသည့် ရေကြည်တစ်ပေါက်စာအုပ်တွင်
ဖော်ပြထားသည်။
''ပညာရှင်တွေကတော့ ကြိုမြင်လို့ တော့သတိတွေပေးနေတာပဲ။ ထိုင်းနိုင်ငံမှာဆိုလည်း
ရေပြဿနာကကြုံနေရပြီ၊ ဒါ့ကြောင့်သူတို့တွေကတော့ ကြိုတင်ပြင်ဆင်စေချင်ကြတာပေါ့။
ပြည်သူဆိုတာကတော့ နဖူးတွေ့၊ဒူးတွေ့ကြုံမှ ရေရှားပြီလို့ သိကြတာ။ မြို့နေလူထု
အနေနဲ့ ဆိုရင်လည်း အခုထိ ခါးသီးတဲ့အတွေ့အကြုံမျိုး မကြုံရသေးတော့ အပြုံးမပျက်ကြ
သေးဘူး။ ဒါကြောင့်နှိုးဆော်ရုံနဲ့မရနိုင်ဘူး။ ပြည်သူသိအောင် ထိထိရောက်ရောက်အသိပေးဖို့
တွေ လိုလာပြီ''ဟု ရန်ကုန်မြို့ လမ်းမတော် ၉ လမ်းတွင် နေထိုင်သည့် စာရေးဆရာ
မောင်ကြင်နာက ဆိုသည်။
ရေပြဿနာသည် အချို့သောဖွံ့ဖြိုးပြီးနိုင်ငံများမှအပ နိုင်ငံတိုင်းလိုလို မြို့ပြ ကျေးလက်မခွဲဘဲ
အနည်းနှင့်အများ ရင်ဆိုင်နေရကြောင်း၊ ထို့ပြင်မြို့ပြများ၏ ရေရရှိရေး အခြအနေ
မကောင်းသည့်ကြားကပင် မြို့ပြများသို့ ပြောင်းရွှေ့နေထိုင်သူဦးရေသည် နိုင်ငံတိုင်းလိုလိုတွင်
တစ်နေ့ထက် တစ်နေ့ပိုမိုများပြားလာနေကြောင်း ကမ္ဘာပေါ်ရှိ မြို့နေ လူဦးရေ ၁၄၁ သန်း
တို့သည် ဘေးကင်းသောရေကို သောက်ခွင့်မရကြဘဲ သန်း၈ဝဝ နီးပါးသောမြို့နေ လူဦးရေ
တို့မှာ စနစ်ကျသော သန့်ရှင်းမှုတို့နှင့် ကင်းဝေးနေသေးကြောင်း ဦးကျော်ဦး၏ စာအုပ်တွင်
ဖတ်မှတ်ရသည်။
နှစ်စဉ်တိုးလာနေသော လူဦးရေနှင့်အညီ ရေရရှိနိုင်ရေး။ သောက်သုံးရေဖူလုံမှုရှိစေရေးတို့
ကို ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီက အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေ
သော်လည်း နှစ်စဉ်နွေရာသီရောက်တိုင်း ရေပြတ်လပ်မှုပြဿနာနှင့်ရေအရည်အသွေး
ပျက်ယွင်းမှုတို့ကို ကြုံနေကြရပြီး သက်ဆိုင်ရာက နွေမရောက်မီ အဖြေရှာသင့်ကြောင်း
အထပ်မြင့်တိုက်များတွင် နေထိုင်သူများက ပူပင်စိုးရိမ်စွာဖြင့် ပြောသည်။
''ရေကို အဲဒီလိုခက်ခက်ခဲခဲ တင်ပြီးသုံးနေရပေမယ့် အစားအသောက်ချက်တဲ့ နေရာနဲ့၊
အဝတ်ဖြူတွေလျှော်တဲ့အခါမှာတော့ ရေသန့်ဝယ်ပြီးသုံးနေရတယ်၊ ရေက အရောင်အနံ့
သိပ်မကောင်းတော့ဘူး၊ အရင်ကတော့ ရေကောင်းတယ်။ ဒီမှာနေတာ ၁ဝ နှစ်ကျော်ပြီ၊
ရေအာနိသင်ပြောင်းတာ နှစ်နှစ်လောက်တော့ရှိတော့မယ်ထင်တယ်'' ဟု မစန္ဒီက ကြုံတွေ့
နေရသည်များကို ပြောသည်။
Credit: mmtimes