ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အာဖရိကတိုက် နမီးဘီးယားနိုင်ငံမှ နာမစ်သဲကန္တာရသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးနှင့် အခြောက်သွေ့ဆုံး သဲကန္တာရဖြစ်သည်ဟု ဆိုသည်။
ဆန်းကြယ်သည့်အချက်တစ်ခုမှာ ထိုသဲကန္တာရကြီးအလယ်တွင် အမြဲအလုပ်လုပ်နေသော ပန်းရောင်ရေခဲသေတ္တာတစ်လုံး ရှိနေခြင်းပင်။
အာဖရိကမှ သဲကန္တာရတစ်ခုထဲသို့ ဝင်သွားပြီး ရှုလေရာ မျက်စေ့တဆုံး ကျောက်ဆောင်များ၊ တောင်ကတုံးများသာ တွေ့နေရရာမှ ရုတ်တရက် ပန်းရောင်ရေခဲသေတ္တာတစ်လုံး၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံ ၂ လုံးကို တွေ့လိုက်ရသည်ဆိုပါစို့။
ထိုသို့သော မြင်ကွင်းမျိုးကို တွေ့ရလျှင် သင့်အနေဖြင့် သဲကန္တာရများထဲတွင် နာမည်ကြီးသော တံလျှပ်လှည့်စားမှုဟု ယူဆမည်သာ ဖြစ်သည်။
သို့သော် နာမစ် သဲကန္တာရကြီး၏ အလယ်တွင် ပန်းရောင်ရေခဲသေတ္တာတစ်လုံးနှင့် စားပွဲ၊ ကုလားထိုင်များ အမှန်တကယ်ရှိနေပြီး ပိုမိုဆန်းကြယ်သည့်အချက်မှာ ရေခဲသေတ္တာမှာ လူနေရပ်ကွက်များမှ နေအိမ်တစ်လုံးရှိ ရေခဲသေတ္တာကဲ့သို့ အမြဲအလုပ်လုပ်လည်ပတ်နေသည့်အပြင် အအေးဘူးများ အမြဲအပြည့်ရှိနေသည့်အချက် ဖြစ်သည်။
ရေခဲသေတ္တာ၏ တည်နေရာမှာ နာမစ်သဲကန္တာရကို မြောက်မှတောင်သို့ ဖြတ်သန်းဖောက်လုပ်ထားသည့် လမ်းမကြီးမှ မော်တော်ကားဖြင့် မိနစ် ၂၀ ခန့် သွားရသောနေရာတွင် ဖြစ်သည်။
ပန်းရောင်ရေခဲသေတ္တာကို နမီးဘီးယားအစိုးရ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ထားရှိခြင်းဖြစ်ပြီး နမီးဘီးယား၏ အကျော်ကြားဆုံး tourist attraction များတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။
ပန်းရောင်ရေခဲသေတ္တာသည် သဲကန္တာရအတွင်း ရေငတ်ကာ နုံးခွေနေသူတို့အတွက် အိုအေစစ်တစ်ခု ဖြစ်လာသည်။
(ဓာတ်ပုံ-Namibia Tourist Board)
အဆိုပါ ပန်းရောင်ရေခဲသေတ္တာကို နေစွမ်းအင်ဖြင့် ဓာတ်အားပေးထားပြီး ခရီးသွားတို့အား အခမဲ့ ထောက်ပံ့ကူညီပေးထားခြင်းဖြစ်ကာ ဧည့်ဝတ်ကျေမှုကို ပြသထားသည်။
သတင်းရင်းမြစ် များစွာ၏ ပြောကြားချက်အရ ရေခဲသေတ္တာထဲတွင် ရေသန့်ဘူး၊ ရေခဲစိမ် လဘက်ရည်အစရှိသည်တို့ကို တစ်ရက်လျှင် အကြိမ်ကြိမ် ပြန်လည်ဖြည့်တင်းပေးထားသည်ဟု ဆိုသည်။
ပန်းရောင်ရေခဲသေတ္တာမှာ ကမ္ဘာလှည့်ခရီးသည်တို့အကြား အလွန်ကျော်ကြားနေသောကြောင့် ထည့်သွင်းထားသော ရေသန့်များ၊ လဘက်ရည်များ ဖြည့်သွင်းပြီး များမကြာမီ ကုန်သွားလေ့ရှိသည်။
ကနဦးတွင် သဲကန္တာရအလယ်ခေါင်ကြီးတွင် ရေခဲသေတ္တာတစ်လုံး မမျှော်လင့်ဘဲ တွေ့ရှိရမှုနှင့် အတွင်းမှ အအေးဘူးများအပေါ် သံသယရှိကာ မသောက်သုံးရဲကြချေ။
သို့သော် အင်စတာဂရမ်ကဲ့သို့ လူမှုကွန်ရက်များတွင် ဟိုးလေးတကြော်ဖြစ်လာပြီးနောက်ပိုင်း ကမ္ဘာတဝန်းမှ ကမ္ဘာလှည့်ခရီးသည်များ နမီးဘီးယားသို့ ရောက်ရှိလာကြကာ ကန္တာရအလယ်မှ ရေခဲသေတ္တာကို ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်နိုင်ရန် လာရောက်ကြည့်ရှုကြသည်။
ပန်းရောင်ရေခဲသေတ္တာကို တောင်ကုန်းငယ်တစ်ခုထိပ်တွင် ထားရှိရာ အနီးဝန်းကျင်ရှိ နာမစ်သဲကန္တာရအလှကို ကြည့်ရှုရန် ပြီးပြည့်စုံသော နေရာလည်း ဖြစ်ပြီး ဆည်းဆာချိန်များကို ခံစားရန် အလွန်ကောင်းမွန်သည်။
သို့သော် ပန်းရောင်ခုံလေးများတွင် ထိုင်ကြည့်လိုသည်ဟု စိတ်ကူးပါကမူ မထိုင်မီ ခုံကို လက်ဖြင့် စမ်းကြည့်သင့်သည်။
သဲကန္တာရအလယ် ခြစ်ခြစ်တောက်ပူပြင်းသော အပူချိန်တွင် အကာအကွယ်မဲ့ ရှိနေသောကြောင့် ထိုင်ခုံမှာ အလွန်ပူခြစ်နေနိုင်သောကြောင့် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Pink Refrigerator in the Middle of the Namibian Desert Is a Modern Oasis