အိမ်ရာပရော့ပါတီ(Property)လုပ်ငန်း အပါအဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ခွင့် အဆင့်သတ်မှတ်ချက်ကို ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ရာမှာ စင်ကာပူက အဆင့်(၁) နေရာ ချိတ်ခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းက အဆင့်(၄၉) နေရာမှာ ရှိပါတယ်။ အာရှပစိဖိတ်ဒေသက ထိပ်ဆုံး နိုင်ငံ ၂ဝ ထဲမှာ ပါဝင်ခဲ့တဲ့ နောက် အာဆီယံနိုင်ငံတစ်ခုက မလေးရှား ဖြစ်ပြီး အဆင့်(၁၈) ရှိပါတယ်။ တောင်ကိုရီးယား နံပါတ်(၄)၊ ဟောင်ကောင် အဆင့်(၅)၊ ထိုင်ဝမ် အဆင့်(၁၁) တို့ဖြစ်ပါတယ်။
စင်ကာပူကတော့ မနှစ်ကလိုပဲ ဒီနှစ်မှာလည်း အဆင့်(၁) နေရာ ချိတ်ခဲ့တာပါ။
ကမ္ဘာ့ဘဏ်ရဲ့ ထိုင်းနိုင်ငံ ဒါရိုက်တာ အူးလ်ရာစ်ခ်ျဆက်ဟူးက အနာဂတ်မှာ ထိုင်းဟာ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် ဆက်လက်တိုးတက်နိုင်ကြောင်း၊ မြေယာအုပ်ချုပ်မှု အရည်အသွေးတိုးတက်လာတာအပါအဝင် ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ခွင့် သတ်မှတ်ချက် ထုတ်ပြန်မှုမှာ မြန်မာနိုင်ငံကတော့ နိုင်ငံ ၁၈၉ နိုင်ငံအနက် အဆင့်(၁၆၇)သာ ချိတ်ခဲ့တာပါ။ ကျန်အာဆီယံနိုင်ငံတွေထဲမှာ ဗီယက်နမ်က အဆင့်(၉ဝ) ဖြစ်ပြီး ဖိလစ်ပိုင်(၁ဝ၃)၊ အင်ဒိုနီးရှား(၁ဝ၉) နဲ့ ကမ္ဘောဒီးယားက(၁၂၇) ချိတ်ခဲ့ကြောင်းပါ။
Credit: ဈေးကွက်ဂျာနယ်