မုံရွာမြို့တွင် ဟိုတယ်ဇုန် တစ်ခု တည်ဆောက် သွားမည် ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက ပြောသည်။ အဆိုပါ ဟိုတယ်ဇုန် တည်ဆောက်ခြင်းကို ချင်းတွင်းမြစ် ကမ်းနားပတ်လမ်းနှင့် အိုးဘိုတောင်အင်း မြေနေရာရှိ မြေဧက (၂၀ ဒသမ ၅) ဧကပေါ်တွင် တည်ဆောက် သွားမည် ဖြစ်ပြီး၊ တည်ဆောက်မှုကို တိုင်းဒေသကြီး မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ Town Plan အဖြစ် ရွေးချယ် သတ်မှတ်ကာ အဆိုပြု တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မုံရွာမြို့မှာ ယခင်ကတော့ ဟိုတယ် ဇုန်သီးသန့်ရယ်လို့ မရှိခဲ့ပါဘူး။ အခုတော့ ဟိုတယ်ဇုန် တစ်ခုကို ရွေးချယ်ပြီး တည်ဆောက် သွားမယ်။ မြို့ ရဲ့ ဗဟိုချက်လည်း ဖြစ်ရမယ်။ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းမွန်ရမယ်။ သဘာဝ ပတ်ဝန်းကျင် အပန်းဖြေ နေရာကောင်းတွေ ရှိတဲ့ နေရာမှာ ရွေးချယ်ခဲ့ တာပါ။ အခု တည်ဆောက်မဲ့ ဟိုတယ်ဇုန်ကို ချင်းတွင်း မြစ်ကမ်းနား ပတ်လမ်းနဲ့ အိုဘိုတောင်အင်းဘေးမှာ တည်ဆောက်ပေး သွားမယ်။ ဧက အကျယ်အ၀န်း ကတော့ (၂၀ ဒသမ ၅) ဧက ကျယ်ဝန်း ပါတယ်။ အဆင့်မီ တည်ဆောက်မှုတွေနဲ့ လုပ်ဆောင်ပေး သွားမယ် ဟု တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ဇော်ဦးက The Messenger Media သို့ ပြောသည်။
ယင်းသို့ ဟိုတယ်ဇုန် တည်ဆောက်ရန် အတွက် ယခင်က မြေနေရာ အကျယ်အ၀န်းကို (၅၅) ဧကခန့်အား သတ်မှတ်လျာထားခဲ့ သော်လည်း ယခုအခါ ဧက (၂၀ ဒသမ ၅) ဧကကိုသာ အသုံးပြုပြီး၊ အဆင့်အတန်းမီ ဟိုတယ်များ တည်ဆောက်ပေး သွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးထံမှ သိရ သည်။
ဟိုတယ်ဇုန်တည်ဆောက်ရေးနှင့် မြေနေရာ ရွေးချယ် သတ်မှတ်နိုင်ရေး တို့အတွက် ယခုလ(၂၅) ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပထမ အကြိမ် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီး၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ဇော်ဦး မှ ဟိုတယ် မြေနေရာ အဖြစ် မြေဧရိယာ (၅၅) ဧကခန့်မှ အမှန်တကယ် အသုံးပြုနိုင်သော မြေဧက (၂၀) ကျော်အား ဟိုတယ်ဇုန် အဖြစ် တင်ဒါ ခေါ်ယူကာ လုပ်ငန်းများ စတင်နိုင်ရေးတို့ အတွက် အဆိုပြုခဲ့ခြင်းကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Credit: messenger