လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဈေးကွက်စီးပွားရေး စနစ်သို့ ကူးပြောင်းလာခဲ့သည်။ အကူးအပြောင်းများနှင့်အတူ ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ စသဖြင့်တို့သည် ခြေလှမ်းစိတ်စိတ်ဖြင့် လှုပ်ရှားလာကြသည်။ ယင်း တို့နှင့်အတူ ပို၍ရိုက်ခတ်လာသည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများပင်ဖြစ်သည်။
ယခင်က နိုင်ငံတော်လုပ်ငန်းစုများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော ကုမ္ပဏီများ၏ လုပ်ငန်းစုများဖြင့်သာ ရှင်သန် ကျင်လည်လာခဲ့ရာမှ ယခုအခါ ပြောင်းလဲလာသော စီးပွားရေးမြင်ကွင်းကျယ်များကြောင့် အဆိုပါ လုပ်ငန်းစု တို့သည် ပြောင်းလဲလာခြင်း၊ စီမံခန့်ခွဲမှု သဘောတရား မူဝါဒများ ပုံစံပြောင်းလဲခြင်းတို့ ဖြစ်ပေါ်လာခဲ့ပြီး ယခင် အတိုင်းတည်ရှိနေသော လုပ်ငန်းစုတို့မှာမူ ပြောင်းလဲလာသော ၀န်ထမ်းငွေကြေးသဘောတရားများကို အမှီ မလိုက်လာနိုင်ခြင်း၊ မြင့်တက်လာသော လူနေမှုတို့ကြောင့် ၀န်ထမ်းတို့၏ တောင်းဆိုမှုများကလည်း မြင့်တက် လာခဲ့သည်။
ဝန်ထမ်းတို့ တောင်းဆိုချက် ဘာကြောင့် မြင့်မားလာသနည်း
ဝန်ထမ်းတို့၏ တောင်းဆိုမှု မြင့်မားလာခြင်းဆိုရာတွင် ကဏ္ဍများတစ်ခုနှင့် တစ်ခု ချိတ်ဆက်နေကြသည်။ နိုင်ငံတွင်း ငွေကြေးစီးဆင်းမှု တန်ဖိုးမတည်ငြိမ်ခြင်း၊ ကုန်သည်ကြီးများ၏ ကုန်ပစ္စည်း လက်ဝါးကြီး အုပ်ချယ်လှယ်မှုကို မထိန်းချုပ်ပေးနိုင်ခြင်း၊ ခေတ်နှင့် မလျော်ညီတော့သော လစာငွေပေးချေမှုများ၊ ထူထပ်လာသော လူနေမှုများကြောင့် နေထိုင်စရိတ်မြင့်တက်လာခြင်းစသဖြင့်သော အခြေခံအကြောင်းတရား များဖြင့် ရစ်သိုင်းလွှမ်းခြုံလာမှုတို့က ကုမ္ပဏီပိုင်ရှင်များနှင့် ဝန်ထမ်းများကို စိန်ခေါ်လာသောအကြောင်းများပင် ဖြစ်ပေသည်။ ထိုသို့သော အချက်များကြောင့်လည်း ဝန်ထမ်းတို့၏ တောင်းဆိုချက် မြင့်မားလာခြင်းဖြစ်သည်။
ဝန်ထမ်းများနှင့် အခြေခံလူတန်းစားတို့ကို တိုက်ခိုက်နေတာ ဘာလဲ
ဝန်ထမ်းများနှင့် အခြေခံလူတန်းစားတို့ကို အဓိကတိုက်ခိုက်နေသည်မှာ နေထိုင်မှုစရိတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ကြီးများဖြစ်သည့် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့တွင် ရန်ကုန်မြို့သည် လူနေမှု အထူထပ်ဆုံးနှင့် နေထိုင်စရိတ်အမြင့်မားဆုံးမြို့တော် ဖြစ်သည်။
ပုံမှန် (ပျှမ်းမျှအားဖြင့်) ၈၀၀၀၀ - ၁၀၀၀၀၀ ရရှိနေသော ဝန်ထမ်းများအတွက် နေထိုင်စရိတ် ကုန်ကျငွေသည် ၂၀၀၀၀ - ၃၀၀၀၀ ကြားရှိနေတတ်ပေရာ လောက်ငရုံမျှသာရှိ၍ ဖူလုံသည်ဟု မဆိုသာပေ။ ယင်းတို့ကို အခြေခံ၍ လူတစ်ဦးချင်းစီ၏ GDI( Gross Domestic Income) ကို တွက်ကြည့်လိုက်လျှင်နည်းပါးနေပေသေးရာတစ်ဦးချင်းစီမှ ရရှိနိုင်သော နိုင်ငံတော်၏ အခွန်ငွေသည်လည်း နိမ့်ကျနေသေးသည်။ ထိုအချက်များကြောင့်ပင် နိုင်ငံတော်၏ ဘဏ္ဍာငွေသည် နှစ်စဉ်လိုငွေပြလာနိုင်ပေသည်။
ဘာတွေ ဖြည့်ဆည်းပေးရမလဲ
အဓိကအားဖြင့် နိုင်ငံတော်မှ အိမ်ရာသစ်များ ဖော်ဆောင်ပေးရေး၊ မြို့ကွက်သစ်များ ဖြစ်ပေါ်လာရေးနှင့် ဖြစ်ပေါ်လာသော အိမ်ရာတိုင်း အဖိုးနှုန်းထားသက်သာရေးတို့ပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်းက ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ပေးခဲ့သည်။ သို့သော် ထင်ထားသည် တို့ထက် ဈေးနှုန်းမြင့်မားနေခြင်းတို့ကြောင့် ဝေဖန်မှုများဖြစ်ပေါ်လာသကဲ့သို့ ဝယ်ယူနိုင်သူအချိုးနှုန်းထား နည်းပါးခြင်း၊ အမှန်တကယ်လိုအပ်သူများ ဝယ်ယူရန် ခက်ခဲခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။
မန္တလေးမြို့တွင် သိန်း ၅၀ - ၇၀ ခန့်သာတန်ဖိုးရှိခဲ့သော်လည်း ရန်ကုန်မြို့တွင်မူ သိန်း ၂၀၀ မှ ၃၀၀ ကြားပေါက်ဈေးဖြစ်ပေါ်လာခဲ့သည်။
ထို့အတူ မြို့ကွက်သစ်များတိုးချဲ့ဖော်ထုတ်ခြင်း စီမံကိန်း (National Housing Policy) နှင့် (Urban Development Policy) ရေးဆွဲပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် မြို့နယ်များတွင် ပြည်ထောင်စုအစိုးရမှ အိမ်ခန်းအရေအတွက် ၂၀၆၄၂ ခန်းနှင့် ဆက်လက်ဖော်ထုတ်ရန်လျာထား အိမ်ခန်းအရေအတွက် ၃၈၀၄၁ခန်း၊ စုစုပေါင်း ၅၈၆၈၃ ခန်းဆောင်ရွက်ထားကြောင်း ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားခဲ့သည်။
အမှန်စင်စစ်အားဖြင့်ဆိုလျှင် ဒုတိယဝန်ကြီးပြောကြားခဲ့သော အိမ်ခန်းပေါင်း ငါးသောင်းကျော်သည် အခြေခံပြည်သူလူထုအတွက် လုံလောက်သော အချိုးအစားတစ်ရပ်တော့ ဖြစ်မလာသေးပေ။ ရန်ကုန်မြို့တွင် နေ့စဉ် လူဦးရေနှစ်သန်းခန့်သွားလာလှုပ်ရှားနေကြရာ ခရီးသွားများနှင့် ဧည့်သည်အချိုးကို ဖယ်လိုက်လျှင် တစ်သန်းကျော်ခန့်မှာ အခြေပြုနေထိုင်သူများဖြစ်နေသည်။
ဤလူဦးရေနှင့် ရရှိသောဝင်ငွေနှုန်းထား၊ လိုအပ်နေသော အိမ်ခန်းအချိုးများကို တွက်ကြည့်လိုက်လျှင် ဝန်နှင့်လားမမျှဖြစ်နေပေသည်။ ထို့ကြောင့် ကူးပြောင်းလာသော ခေတ်စနစ်များနှင့် ပြောင်းလဲလာသော မူဝါဒ အသစ်များကြားတွင် တည်ရှိနေသော ပြည်သူများအတွက် ရရှိသောဝင်ငွေအချိုးပေါ်မူတည်လျက် သင့်တင့် သော နေထိုင်စရိတ်ဖြစ်ပေါ်လာရေးကို မလွှဲမသွေ ဖော်ဆောင်ပေးရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ပြည်သူများတစ်ဦးချင်းဝင်ငွေသည် နေထိုင်စရိတ်တွင်သာ ကုန်ဆုံးသွားနိုင်ပြီး လူနေမှုစနစ်နှင့် ဆင်းရဲချမ်းသာ ကွာဟမှုသည် ယခုထက် ပိုမိုမြင့်တက်လာမည်ဖြစ်ပါကြောင်း။
သုနောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com