ရန်ကုန်မြို့တွင်း ဆောက်လုပ်နေသော အဆင့်မြင့် အိမ်ယာ ဈေးကွက်မှ ကွန်ဒိုအခန်း
ဈေးများသည် ၂၀၁၅ နှစ်ဆန်းမှစပြီး ၂၅ ရာခိုင်နှုန်းအထိ ဈေးကျဆင်းသွားကြောင်းနှင့်
အိမ်ရာမြေ ဈေးကွက် ဆပ်ပြာပူဖောင်း စတင် ပေါက်ကွဲနေပြီဟု ဆောက်လုပ်ရေး
အသိုင်းအ၀ိုင်းက သုံးသပ်ချက်များ အရ သိရသည်။
ယင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံမှ အိမ်ရာမြေ လုပ်ငန်း ရင်းနှီးမြုပ်နှံသူ တစ်ဦးကလည်း
“မြန်မာနိုင်ငံမှာ မြေဈေးတွေ မိုးထိုးနေတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးက
မြေဈေးတွေက တိုကျိုနဲ့ နယူးယောက်ထက် များနေတယ်။ ဒါသက်သက်မဲ့ ဈေးဝင်
ကစားသူတွေကြောင့် ဖြစ်တယ်။ ကျွန်တော်ဆိုရင် ရန်ကုန်မှာ မြေနေရာ တစ်ခုကို
ရင်းနှီးမြုပ်နှံဖို့ တင်ဒါဝင်ပြိုင်တယ်။ ကျွန်တော်တို့က MICက သတ်မှတ်တဲ့ နှုန်းထားတဲ့
နဲ့ ၀င်ပြိုင်တာပဲ။ ဒါပေမဲ့ ရသွားတဲ့ ပြည်တွင်း လုပ်ငန်းရှင် တစ်ယောက်က မဖြစ်နိုင်တဲ့
ဈေးဖြစ်တဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၄သန်း မြေငှားခပေးပြီး ရသွားတယ်”
ဟု Tomorrow သို့ သူ၏အတွေ့အကြုံကို ပြောပြသည်။
ရန်ကုန် အင်းယားလမ်းတွင် မြေဈေးမှာ တစ်စတုရန်းပေလျှင် ကျပ်ငါးသိန်း ကျော်နေပြီး
မန္တလေး သိပံ္ပလမ်းရှိ အိမ်တစ်လုံး ရောင်းဈေးမှာလည်း ကျပ်သိန်းလေးသောင်း
(အမေရိကန် ဒေါ်လာ ၄သန်း) ဖြစ်နေသည်ကို အဆိုပါ ဂျပန်လုပ်ငန်းရှင်က ထောက်
ပြသည်။ ထို့အပြင် ကွန်ဒို ၀ယ်ယူသူတို့သည် အခန်းသာ ပိုင်ပြီး မြေမှာ အစိုးရထံမှ
နှစ်ရှည်ငှားရမ်းထားသည့် အတွက် မြေကိုဝယ်သူက မပိုင်ခြင်းမှာလည်း အနာဂတ်
ကာလကို တွက်တတ်သော ရင်းနှီးမြုပ်နှံသူများ ထည့်သွင်းစဉ်းစားသည့် အချက်
တစ်ခု ဖြစ်လာသည်။
“အခုကွန်ဒိုတွေ ဘယ်နှခန်းပဲ ကျန်တော့တယ်လို့ ကြေညာတာတွေ အလိမ်အညာတွေ၊
တစ်ချို့ဆိုရင် တစ်ခန်းမှ ရောင်းမထွက်ဘူး။ ကွန်ဒိုတွေရဲ့ ဈေးနှုန်းက သိန်းလေးထောင်
ကနေ သိန်းတစ်သောင်း အထက် ရှိနေတယ်။ ဒီငွေနဲ့ နယူးယောက်လို နေရာမှာ
လုံးချင်းအိမ်တောင် ၀ယ်နိုင်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဒီလို အဆင့်မြင့် ကွန်ဒိုတွေ
ဝယ်နိုင်တာက လက်တစ်ဆုပ်စာ လူတစ်စုပဲရှိတယ်။ မြန်မာ့ အိမ်ယာမြေ ဈေးကွက်ကို
လာပြီး ဈေးကစားနေတာက တရုတ်တွေပဲ။ အခုနိုင်ငံရေး အခြေအနေနဲ့ တရုတ်
ဆန့်ကျင်ရေး အယူဝါဒတွေ မြန်မာနိုင်ငံမှာ ခေါင်းထောင်လာတော့ တစ်ချို့က ပြန်သွား
ကြတယ်။ တစ်ချို့က အခြေအနေ စောင့်ကြည့်နေကြတယ်။ ဒါကြောင့် အိမ်ယာဈေးတွေ
ထိုးကျလာတာ” ဟု မြန်မာစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ယင်းမှ ဆက်လက်ပြောကြားရာတွင် “အခုဆောက်နေတဲ့ ကွန်ဒိုတွေ တစ်လုံးချင်းသုံးမဲ့
လျှပ်စစ်မီးက ဓါတ်အားခွဲရုံ တစ်ရုံစာလောက်စီ ရှိနေတယ်။ အဲဒီလျှပ်စစ်ကို ဘယ်လို
သွယ်တန်းမှာလဲ၊ အစိုးရကရော ပေးနိုင်မှာလား။ မီးပျက်ရင် ဒီလောက်ကြီးတဲ့ ကွန်ဒို
အတွက် မီးစက်က ဘယ်နေရာမှာ ထားမှာလဲ။ အဆင့်မြင့် ကွန်ဒိုဆိုကတည်းက
အခန်းတိုင်းမှာ လေအေးပေးစက် သုံးလုံး အထက်ပါမယ်။ လျှပ်စစ်မီးဖို၊ အ၀တ်လျှော်
စက်၊ ကွန်ပျူတာ၊ တီဗီတွေသုံးမယ်။ ဓာတ်လှေကားတွေ အများကြီး ပါလာမယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ် ဓာတ်အားဖြန့်ဝေမှု အခြေအနေက ဒီလောက်လုံလောက်ပြီ
လား ဆိုတာ စဉ်းစားရမယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကတော့ နှစ် ၅၀ ‘၁၀’ ၁၀နဲ့
နှစ် ၇၀ ပဲရတာ။ နှစ် ၇၀ ပြည့်ရင် ပြန်အပ်ရမယ်ဆိုတာ ပြည်သူတွေ သဘောပေါက်
လာကြပြီ”ဟုဆိုသည်။
စီးပွားရေး ပညာရှင် တစ်ဦးကမူ “အစိုးရက မြေတွေကို ပုဂ္ဂလိက ပိုင်ပြုရေးဆိုပြီး
လက်သင့်ရာ ရောင်းတယ်။ ၀ယ်ခွင့်ရသူတွေက အစိုးရကို ငွေနည်းနည်းပဲ သွင်းပြီး
ဂရံထုတ်၊ အဲဒီဂရံကို ဘဏ်မှာပေါင်၊ ပြီးတာနဲ့ ဘာမှမလုပ်တတ်တော့ အဆင့်မြင့်
ကွန်ဒိုဆိုပြီး ဆောက်ကြတယ်။ ရပ်ကွက်ထဲက မုန့်ဟင်းခါးဆိုင်တွေလိုပါပဲ။ ခပ်ညံ့ညံ့
အစိုးရနဲ့ တစ်နပ်စား စီးပွားရေးသမားတွေ ပေါင်းမိကြတာပေါ့။ တစ်ချို့ စီးပွားရေး
သမားလေးတွေဆိုရင် နို့နံ့တောင် မစင်သေးဘူး။ ဒါပေမဲ့ သူတို့ ရထားတဲ့ လုပ်ငန်းတွေ
မြေတွေ ကြောက်ခမန်းလိလိပဲ။ သူတို့မှာ ဘာအတွေးအခေါ် ဘာအတွေ့အကြုံမှ
မရှိသေးတော့ ပြန်ရောင်းစားကြတာပဲ။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းသလဲ
ဆိုရင် ဒီနေ့ သူတို့လုပ်ပိုင်ခွင့်ရတယ်။ နောက်နေ့ လိုက်ရောင်းနေပြီ။ ဒီတော့
ပေါချောင်ကောင်း ကွန်ဒိုတွေ ဆောက်ရင်း ဈေးကွက် ပျက်တော့တာပဲ။ တကယ့်
နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေက မြန်မာ နိုင်ငံရဲ့ မိုးထိအောင် တက်နေတဲ့ ဆပ်ပြာ
ပူဖောင်း မြေဈေးကွက်ကို စိတ်တောင် မ၀င်စားဘူး။ စိတ်ဝင်စားတာက တရုတ်၊
ထိုင်း၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်က တရုတ်တွေ။ ကြာရင် မြန်မာနိုင်ငံရဲ့ မြေတွေက
အဲဒီတရုတ်တွေ လက်ထဲပဲ ရောက်သွားကြတော့မှာ။ အခုလဲ ရောက်နေပါပြီ”ဟု
ပြောပြခဲ့သည်။
Credit: Tomorrow