ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွေမှာ အိမ်ခြံမြေသူဌေးတွေက ထိပ်ဆုံးကမဟုတ်ပေမဲ့ အမြဲတမ်းတော့ပါကြတာပါပဲ။ ၂၀၁၄ ခုနှစ်တုန်းက Forbes မဂ္ဂဇင်းကြီးဟာ ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေသူဌေးအယောက်၂၀ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီထဲက ၁၃ ယောက်ဟာ အာရှတိုက်ကဖြစ်ပါတယ်။ ဟောင်ကောင်က ၇ ယောက်၊တရုတ်က ၄ ယောက်နဲ့ စင်္ကာပူက ၂ ယောက်ဖြစ်ပါတယ်။ ဒီထဲကမှ အာရှတိုက်ရဲ့အချမ်းသာဆုံး အိမ်ခြံမြေသူဌေးကြီး ၃ ယောက်ကိုေ ဖ်ာပြပေးလိုက်ပါတယ်။
ဟောင်ကောင်က လီရှူကီဟာ အချမ်းသာဆုံး အိမ်ခြံမြေသူဌေးကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၃၅ လည်းဖြစ်ပါတယ်။ သူပိုင်ဆိုင်တဲ့Henderson Land ကုမ္ပဏီဟာ တရုတ်ပြည်မမှာလည်း ဆောက်လုပ်ရေးပရောဂျက်ပေါင်းများစွာကို ပြုလုပ်နေပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေအခွန်တွေ မြင့်တက်ပြီးနောက်ပိုင်း ဆောက်လုပ်ရေးကဏ္ဍဟာ အနည်းငယ်ကျဆင်းသွားတာကြောင့် သူ့ရဲ့ကြွယ်ဝမှုဟာလည်း ကျဆင်းသွားခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၉.၆ ဘီလျံရှိပါတယ်။
ဒုတိယ အချမ်းသာဆုံးကလည်း ဟောင်ကောင်ကပါပဲ။ သူကတော့ အသက် ၈၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ချင်ယုတန်ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၅၄ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက သူ့ရဲ့ New World Development ကုမ္ပဏီဥက္ကဌရာထူးကို အကြီးဆုံးသားကို လွှဲပေးခဲ့သူလည်းဖြစ်ပါတယ်။ လေဖြတ်ထားတာကြောင့် တက်ကြွမှု လျော့ကျလာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၆.၂ ဘီလျံရှိပါတယ်။
၁၅.၁ ဘီလျံနဲ့ တတိယမြောက်လိုက်သူကတော့ တရုတ်က ဝန်ကျန်လင် ဖြစ်ပါတယ်။ သူက အဆင့်မြင်စတိုးကြီးပေါင်း ၇၅ ခုပိုင်ပါတယ်။ ဈေးဝယ်ပလာဇာပေါင်း ၈၅ ခုနဲ့ ကြယ်ငါးပွင့် ဟော်တယ်ပေါင်း ၅၁ ခုကို ပိုင်ဆိုင်ပါတယ်။ အခြားရင်းနှီးမြှပ်နှံမှုပေါင်းများစွာလည်း ရှိပါတယ်။ သူဟာ တခြားသူဌေးတွေနဲ့မတူဘဲ သူ့ဘဝအစပိုင်းတွေမှာ တော်တော်လေး မှိန်ဖျော့ပါတယ်။ ငယ်ရွယ်စဉ်မှာ စစ်တပ်ထဲဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အသက်၃၅ နှစ်အရွယ်မှာပဲ အဲ့အချိန်တုန်းကတရုတ်အစိုးရပိုင်တဲ့ ဝန်ဒါ အုပ်စုရဲ့ဥက္ကဌ ဖြစ်လာပါတယ်။ အခုဆိုရင်သူဟာ အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီကြီး Dalian Wanda အုပ်စုကို ဦးဆောင်နေသူဖြစ်ပါတယ်။ သူဟာကမ္ဘာ့အချမ်းသာဆုံး အယောက်၆၀ မြောက်လည်းဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)