ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကျွန်တော့်နာမည် မနော့ဂျ်ပါ။ အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ် မြို့လေးတစ်မြို့က ရေသန့်လုပ်ငန်းငယ်လေးတစ်ခုမှာ အလုပ်လုပ်သူပါ။
အလုပ်က ပင်ပန်းပေမယ့် နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်တယ်လေ။
ကျွန်တော့်ဆီက ရေမှာသူတွေထဲမှာ အသက် ၇၅ နှစ်အရွယ် အဘိုးတစ်ဦး ပါပါတယ်။
သူက နေ့တိုင်း ၂၀ လီတာဘူးကြီး ၁၄ ဘူးမှာပါတယ်။ တစ်ရက်မှ ရက်ပျက်မရှိခဲ့ဘူး။
ပထမဆုံးရေမှာတဲ့အချိန်မှာ စားသောက်ဆိုင်တစ်ခုဖြစ်မယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် လိပ်စာအတိုင်း ရောက်သွားတော့ လမ်းလေးတစ်ခုရဲ့အဆုံးက အိမ်အိုလေးတစ်လုံးဖြစ်နေတယ်။
ဆန်းတာက သူက ကျွန်တော့်ကို တခါမှ အိမ်ထဲ မဝင်ခိုင်းတာပါ။
တံခါးကို နည်းနည်းလေးပဲဖွင့်ပြီး ရေဖိုးကို စာအိတ်ထဲမှာ ထည့်ပေးတယ်။
ကျွန်တော်က ရေ ၁၄ ဘူးကို တံခါးဝမှာထားခဲ့ပြီး ပြန်ရပါတယ်။
အထဲက လူသံသူသံလည်း မကြားရဘူး။ ကျွန်တော့်စိတ်ထဲ အတော်ထူးဆန်းနေတယ်။
အဘိုးကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ရေတွေအများကြီး ကုန်တာလဲပေါ့။
တစ်လခွဲလောက်ကြာတော့ သံသယဖြစ်စရာတွေ ပိုများလာတယ်။
မိသားစုတောင့်တဲ့အိမ်တွေတောင် တစ်ပတ်ကို ရေ ၁ ဘူး၊ ၂ ဘူးပဲ ကုန်တာ။
အခုက သက်ကြီးပိုင်းအဘိုးအိုတစ်ယောက်တည်းက နေ့တိုင်း ရေ ၁၄ ဘူး သောက်နေတာဆိုတော့…။
တခါတော့ မနေနိုင်လို့ မေးခဲ့မိပါတယ်။
“ဆရာ…ရေတွေအများကြီး ဘာလို့ ဝယ်နေတာလဲ”
သူက တချက်ပြုံးလိုက်တယ်။ ဘာမှ ပြန်မဖြေဘဲ တံခါးပိတ်သွားပါတယ်။ သူ့အပြုံးမှာ ဆန်းကြယ်တဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်။
ကျွန်တော် တစ်ခုခုကို စိုးရိမ်လာပါတယ်။ တစ်ယောက်ယောက်ကများ သူ့ကို အနိုင်ကျင့်နေသလား။ ဒါမှမဟုတ် ဒီအိမ်ထဲမှာ ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုခု ဖြစ်နေသလား။
ဒီအတွေးတွေ ရက်ပေါင်းများစွာ တွေးနေခဲ့မိပြီးတဲ့နောက် ကျွန်တော် 112 ကို ဖုန်းဆက်သတင်းပေးခဲ့ပါတယ်။
နောက်နေ့မှာ အဲ့ဒီအိမ်ကို ရဲအရာရှိတွေကို လိုက်ပြပေးခဲ့ပါတယ်။
ကျွန်တော်တံခါးခေါက်လိုက်တဲ့အခါ အဘိုးအို ထွက်လာတယ်။
ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲကို ဝင်ပြီးစစ်ဆေးရှာဖွေစရာရှိတယ်လို့ပြောတော့ သူ..နည်းနည်းတုံ့ဆိုင်းနေပြီး ခေါင်းကို ဖြည်းဖြည်းညိတ်လိုက်ပါတယ်။
တံခါးကို နည်းနည်းလေးဟပေးလိုက်တဲ့အချိန်မှာပဲ ကျွန်တော်တို့အားလုံး အံအားသင့်သွားခဲ့ရတယ်။
အိမ်ထဲမှာက သွေးပျက်စရာ မြင်ကွင်း မရှိပါဘူး။ ရေသန့်ဘူးတွေ အများကြီးကို သပ်သပ်ရပ်ရပ် စီထပ်ထားတာ တွေ့ရပါတယ်။ တစ်ဘူးစီတိုင်းမှာ စာတွေကပ်ထားပါတယ်။
စာတွေက “အိမ်နီးချင်းတွေအတွက်” “အစိုးရ မူလတန်းကျောင်းအတွက်” “ကျန်းမာရေးဌာနအတွက်” “ကလေးခိုလှုံရေးစခန်းအတွက်” “ဈေးနားက ဟာနုမာန် ဘုရားကျောင်းအတွက်” အစရှိသဖြင့်ပေါ့။
ရဲအရာရှိတွေနဲ့ ကျွန်တော်ဟာ အရမ်းအံ့အားသင့်သွားတယ်။ ကျွန်တော်တို့ဖြစ်သွားတဲ့ပုံကြည့်ပြီး အဘိုးအိုက ပြုံးရင်း “ကျုပ်က အိုပါပြီ။ သိပ်မလုပ်နိုင်တော့ဘူး။ ဒီဝန်းကျင်မှာရှိတဲ့ ဆင်းရဲသားတွေဟာ ရေကောင်းရေသန့် မရကြဘူးလို့ ခံစားရတယ်။ ဒါကြောင့် ရေတွေ အများကြီး မှာတာပါ။ ဒီနားက ကလေးတွေကိုခေါ်ပြီး ရေဘူးတွေ ဝေခိုင်းပါတယ်။ လိုအပ်နေသူတွေကို သောက်ရေ အခမဲ့ ပေးဝေပါတယ်” လို့ ပြောတယ်။
ဒါကိုကြားရတော့ ကျွန်တော့် မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်ထွန်းလာတယ်။
ရဲအရာရှိတစ်ယောက်က “အဘိုးက တကယ့်ကို မြင့်မြတ်တဲ့အလုပ် လုပ်နေတာပါလား။
ဒါပေမယ့် ဘာဖြစ်လို့ တခြားသူတွေကို မပြောတာလဲ။ လူတွေက စိုးရိမ်နေကြတာ” လို့ မေးတယ်။
အဘိုးက အေးအေးချမ်းချမ်း ပြုံးလိုက်ရင်း “အဘိုးက မကြွားဝါချင်ပါဘူး။ လူတိုင်း သောက်သုံးဖို့ ရေကောင်းရေသန့် ရနေသမျှကာလပတ်လုံး အဘိုး ငြိမ်းချမ်းမှုခံစားရပါတယ်။” လို့ ခပ်အေးအေးပဲ ဖြေတယ်။
အဲဒီနေ့ကစပြီး ပိန်ပိန်ပါးပါး အဘိုးအိုရဲ့ စိတ်ဓာတ်နဲ့ ရုပ်သွင်ဟာ ကျွန်တော့်နှလုံးအိမ်မှာ စွဲထင်နေပါတော့တယ်။
နောက်ပိုင်းမှာ ကျွန်တော်သူ့ဆီကို ရေပို့ရုံသက်သက် မဟုတ်တော့ဘဲ သူလှူချင်တဲ့နေရာတွေကို လိုက်ပို့ပေးပါတယ်။ မြို့ထဲကလူတွေဟာ တဖြည်းဖြည်းချင်း အဘိုးရဲ့အကြောင်း သိလာကြပြီးတဲ့နောက် ပူးပေါင်းပါဝင်လာကြတယ်။ အလှူရှင်တွေ အများကြီး ရှိလာခဲ့တယ်။
နောက်တစ်လလောက်ကြာလို့ သူ့ဆီရောက်သွားတဲ့အခါ ခြံဝန်းထဲမှာ ကလေးတွေ အများကြီး တွေ့ရတယ်။
ရေဘူးတွေသယ်ကြ၊ ရယ်မောကြ၊ ကစားကြ..အပြစ်ကင်းစွာ စကားဖောင်ဖွဲ့ကြနဲ့ပေါ့။ သူတို့ ဘေးမှာတော့ ဆံပင်တွေ ဆွတ်ဆွတ်ဖြူနေတဲ့ အဘိုးကြီးတစ်ယောက်။ သူ့မျက်ဝန်းတွေမှာ ပီတိတွေနဲ့။
ကျွန်တော့်စိတ်ထဲ အတွေးတစ်ခု ဝင်လာတယ်။ ထူးဆန်းတယ်လို့ ထင်ရတာတွေရဲ့ နောက်ကွယ်မှာ လှပတဲ့ အမှန်တရားတွေ ပုန်းကွယ်နေတယ်ဆိုတဲ့ အတွေးပါ။
ကျွန်တော်သာ သံသယမဖြစ်ခဲ့ရင်…၊ ရဲကို အကြောင်းမကြားခဲ့ရင်…၊ အမြဲပိတ်ထားတဲ့ တံခါးရဲ့နောက်မှာ ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံရှိနေတယ်ဆိုတာ ကျွန်တော်ဘယ်တော့မှ သိရလိမ့်မှာ မဟုတ်ပါဘူး။
နေ့တိုင်း ရေ ၁၄ ဘူးမှာတတ်တဲ့ အသက် ၇၅ နှစ်အရွယ် အဘိုးအိုတစ်ယောက်ရဲ့ ရုပ်သွင်ကို သတိရမိတိုင်း ကျွန်တော့်နှလုံးအိမ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့တယ်။
ခက်ထန်ကြမ်းတမ်းလှတဲ့ လူ့လောကကြီးမှာ ကောင်းခြင်းမျိုးစေ့တွေ တိတ်တဆိတ်ကြဲဖြန့်နေပြီး ကမ္ဘာကြီးကို ပိုမို အလှတရားတွေ ဝေဆာလာအောင် လုပ်ဆောင်ပေးနေသူတွေ ရှိနေဆဲပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A 75-year-old man orders 14 bottles of mineral water every day. The delivery person became suspicious and called the police. When the door was opened, everyone was left stunned...