ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အချိန်ကား လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်….ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ် ကာလအတွင်း…။
ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမားခန်မြို့တွင် ဆိုဗီယက်သိပ္ပံပညာရှင်အဖွဲ့တစ်ခုသည် အေးစိမ့်မှောင်မဲသော မြေအောက်ခန်းတစ်ခုထဲသို့ ဆင်းသွားကြသည်။
ထိုမြေအောက်ခန်းမှာ ထောင်စုနှစ် တစ်ဝက်တာကာလအတွင်း လူသူအရောက်အပေါက် လုံးဝမရှိခဲ့ရာ ၎င်းတို့အုပ်စုကို ရှေးဟောင်းမြေအောက်ခန်း၏ အောက်သိုးသိုးအနံ့နှင့် ရာစုနှစ်များစွာ ဖြစ်တည်နေခဲ့သော ဖုန်ထုတို့က ဆီးကြိုနေသည်။
မြေအောက်ခန်းထဲတွင် လူ့သမိုင်းတလျှောက် အကြီးမားဆုံး အင်ပါယာကြီး ထူထောင်ခဲ့သူများတွင် အပါအဝင်ဖြစ်သူ စစ်ဘုရင် တိမူး၏ ရုပ်အလောင်းထားရှိသော ခေါင်းတလား ရှိနေသည်။
(မှတ်ချက်။ ဂျင်ဂျစ်ခန်သည် ၁၂၂၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး တိမူးမှာ ၁၃၃၆ ခုနှစ်တွင် မွေးဖွားသူဖြစ်ရာ ၎င်းတို့နှစ်ဦး ဖြတ်သန်းခဲ့သော ကာလမှာ နှစ် ၁၀၀ ကျော် ကွာဟသည်)
တိမူး တည်ထောင်ခဲ့သော အင်ပါယာကြီးမှာ တရုတ်ပြည် အနောက်ပိုင်းမှသည် မြေထဲပင်လယ် အရှေ့ဘက် ကမ်းရိုးတန်းအထိ ဖြန့်ကျက်ထားသည်။
တိမူး၏ နယ်ပယ်ချဲ့ထွင်သည့် စစ်ပွဲများကြောင့် လူပေါင်း ၁၇ သန်းကျော် သေဆုံးခဲ့သည်ဟု ခန့်မှန်းကြသည်။ ထိုပမာဏမှာ ထိုခေတ် ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်း ဖြစ်သည်။
ဆမားခန်ဒေသခံတို့က တားမြစ်သည့်ကြားမှ ဆိုဗီယက်သိပ္ပံပညာရှင်အဖွဲ့က တိမူး၏ ခေါင်းတလားကို ဖွင့်ခဲ့ကြခြင်းဖြစ်သည်။
အုတ်ဂူတစ်ခုကို ဖျက်ဆီးခြင်းမှာ အစ္စလာမ်ဘာသာရေးအရ တားမြစ်ထားသည့်အရာဖြစ်သည့်အပြင် တိမူးက ၎င်း၏ အုတ်ဂူမဖွင့်ရန် ကျိန်စာတိုက်ထားခဲ့မှုလည်း ရှိနေသည်။
ဆိုဗီယက်သိပ္ပံပညာရှင်တို့ကမူ ထိုအရာများမှာ ရှေးရိုးစွဲ အယူသည်းခြင်းသာဖြစ်ပြီး ကျိန်စာဟူသည်မှာ ယုံတမ်းစကားသာဖြစ်ကြောင်း ယူဆကြသည်။
တိမူး၏ သင်္ချိုင်းဂူကို လေ့လာမှုတွင် ဦးဆောင်ခဲ့သူမှာ မူခင်းဆေးပညာ မနုဿဗေဒပညာရှင် မီးခေး ဂျီရာစီမော့ဗ် ဖြစ်သည်။
လေ့လာရေးအဖွဲ့တွင် ပညာရှင်အမျိုးမျိုး ပါဝင်ခဲ့ရာ ရှေးဟောင်းသုတေသန ပညာရှင်များ၊ မနုဿဗေဒပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးရေးသမားများ၊ ဓာတ်ပုံဆရာများ၊ မွတ်စလင် ဘာသာရေးဆရာတစ်ဦးတို့အပြင် ကဗျာဆရာတစ်ဦးလည်း ပါဝင်ခဲ့သည်။
တိမူး၏ ခေါင်းတလားမှ သံချက်များကို နှုတ်လိုက်ပြီး အဖုံးဖွင့်လိုက်ချိန်တွင်ကား အားလုံး အသက်ရှူမှားခဲ့ကြရသည်။
ခေါင်းတလားအတွင်း ရွှေဖြင့်ပြုလုပ်ထားသော သစ်ရွက်များ၊ ပါလဒုတ္ထာခေါ် အပြာရောင်ကျောက်၊ ကျောက်စိမ်း၊ စကျင်ကျောက်၊ မဟူရာကြောင်ကျောက်တို့ဖြင့် မွမ်းမံအလှဆင်ထားသည်ကို တွေ့လိုက်ရသည်။
(စစ်ဘုရင် တိမူး၏ သင်္ချိုင်းဂူကို Gur-e-Amir ဟု အမည်ပေးထားသည်။)
သစ်သား ခေါင်းတလားထဲမှ အနံ့ဆိုးတစ်မျိုး ထောင်းခနဲထွက်လာသည်။
အောက်သိုးသိုး ထင်းရှုးဆီ၊ ပရုတ်၊ နှင်းဆီ၊ လော်ဗန်နံ့တို့ ထွက်လာသည်။ ထိုအရာတို့ဖြင့် တိမူးကို မပုပ်မသိုးစေရန် စီမံထားခဲ့ခြင်းဖြစ်သည်။
တိမူး၏ ခေါင်းတလားကို ဖွင့်လိုက်သောနေ့မှာ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၀ ရက် ဖြစ်သည်။
(မီးခေး ဂျီရာစီမော့ဗ်က တိမူး၏ ခေါင်းတလားထဲမှ အရိုးခေါင်းတစ်ခုကို ဖယ်ရှားလိုက်ပုံ။ ဓာတ်ပုံ-E.A. Poliakov / Russian State Photo and Film Archive.)
တိမူး၏ ဂူသင်္ချိုင်းနှင့် ခေါင်းတလားတို့တွင် အာရေးဘီးယား ဘာသာစကားဖြင့် စာများ ရေးသားထားသည်။
ထိုစာတို့၏ အဓိပ္ပာယ်မှာ “ကျွန်ုပ်၏ အုတ်ဂူကို နှောင့်ယှက်ဖျက်ဆီးသူ မည်သူမဆို ကျွန်ုပ်ထက် ပိုမို စွမ်းအားကြီးသူ၏ ချေမှုန်းခံရစေသတည်း”ဟု ဖြစ်၏။
ထိုသို့ တိမူး၏ ခေါင်းတလားမှ ကျိန်စာကို မျက်ကွယ်ပြုကာ ဖွင့်လှစ်လိုက်ပြီး ၂ ရက်အကြာ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင်ကား အဒေါ့ဖ် ဟစ်တလာသည် စတာလင်နှင့် ချုပ်ဆိုထားသော မကျူးကျော်ရေးစာချုပ်ကို ဖောက်ဖျက်ကာ Operation Barbarossa ဟူသော စစ်ဆင်ရေးဖြင့် ဆိုဗီယက်ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်တော့သည်။
ဆိုဗီယက်၏ နယ်မြေဖြစ်ခဲ့ဖူးသော ယူကရိန်းနှင့် ဘီလာရုစ်တို့တွင် နာဇီ စစ်သည်များ၊ တင့်ကားများ၊ လေယာဉ်များ အလုံးအရင်းဝင်ရောက်လာသည်။
ဟစ်တလာ၏ စစ်ဆင်ရေးအမည်ဖြစ်သော Barbarossa ၏ အဓိပ္ပာယ်မှာ မုတ်ဆိတ်နီ ဖြစ်သည်။
((ပြန်လည်မြှုပ်နှံ သဂြိုဟ်ပေးခြင်း))
၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလတွင် တိမူး၏ ကြွင်းကျန်ရစ်သော အရိုးစုကို မွတ်စလင် ရိုးရာဓလေ့ဖြင့် ခမ်းခမ်းနားနား ပြန်လည်မြှုပ်နှံသဂြိုဟ်ပေးခဲ့သည်။
((စတာလင်ဂရက်တိုက်ပွဲ))
ထိုသို့ တိမူး၏ အရိုးစုကို ပြန်လည်မြေမြှုပ်ပြီးချိန်တွင် စတာလင်ဂရက်တိုက်ပွဲကြီး ပေါ်ပေါက်လာပြီး ဆိုဗီယက်တပ်များက တန်ပြန်ထိုးစစ်ဆင်ခဲ့ကာ စစ်ပွဲ၏ အလှည့်အပြောင်းဖြစ်လာခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Curse of Timur