ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
((မှတ်ချက်။ ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဆောင်းပါးမှ အချို့အချက်အလက်များကို ထုတ်နှုတ်ထည့်သွင်းဖော်ပြထားပါသည်)
ညအိပ်ချိန်တွင် မှိန်ဖျဖျ အလင်းရှိလျှင်ပင် မီလာတိုနင် ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေသည်။
မီလာတိုနင်သည် အိပ်စက်ရန်အတွက် ဦးနှောက်ကို အချက်ပြသည့် ဟော်မုန်းဖြစ်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျချိန်များတွင် ဦးနှောက်က လိုအပ်သည့် ပြန်လည်ကုစားမှုများ ပြုလုပ်သည်။
မှိန်ဖျဖျအလင်းရှိလျှင်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုကို အဟန့်အတားဖြစ်စေသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်မှု များပြားလာပါက စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ မှတ်ဉာဏ်အား လျော့ပါးခြင်းတို့ဖြစ်နိုင်သည့် အန္တရာယ် များပြားလာကာ စိတ်ကျန်းမာရေး ထိခိုက်လာတော့သည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကာ စိတ်ကျန်းမာစွာ ရှိနေစေရန်အတွက် အိပ်စက်သည့်နေရာတွင် အလင်းလုံးဝမရှိစေရန်နှင့် မအိပ်မီတွင် ကွန်ပြူတာ၊ ဖုန်းကြည့်ခြင်းများ ရှောင်ရှားရန် အလွန်အရေးကြီးသည်။
((အလင်းက အိပ်စက်မှုနဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုအနှောင့်အယှက်ပေးလဲ))
● မီလာတိုနင် မထွက်စေရန် ဖိနှိပ်ထားခြင်း
အမှောင်ထု ကြီးစိုးသွားချိန်တွင် ဦးနှောက်မှာ သဘာဝအရ မီလာတိုနင်ကို ထုတ်လွှတ်သည်။ အိပ်စက်-နိုးထ သံသရာအတွက် ထိုဖြစ်စဉ်မှာ မရှိမဖြစ် အရေးပါသည်။ အိပ်စက်ချိန်တွင် မှိန်ဖျဖျအလင်းရှိနေလျှင်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျမှုကို အဟန့်အတား ဖြစ်စေသည်။
● စိတ်ဖိစီးမှု ဟော်မုန်းများ များပြားလာစေခြင်း
အိပ်စက်ချိန်တွင် အလင်းဓာတ်ရှိနေပါက cortisol ထွက်ရှိမှု ပမာဏ မြင့်မားနိုင်သည်။
cortisol သည် စိတ်ဖိစီးမှုဖြစ်စေသော ဟော်မုန်း ဖြစ်သည်။
● Circadian Rhythm ကို ကမောက်ကမ ဖြစ်စေခြင်း
မီလာတိုနင် မထွက်ခြင်းနှင့် cortisol ထွက်ရှိမှု များပြားခြင်းတို့ကြောင့် ခန္ဓာကိုယ်၏ သဘာဝနာရီဖြစ်သော circadian rhythm ကို ကမောက်ကမဖြစ်စေကာ စိတ်ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်လာစေသည်။
● မှတ်ဉာဏ်၏ လုပ်ငန်းဆောင်ရွက်မှုကို အဟန့်အတားဖြစ်စေခြင်း
အိပ်ခန်းတွင် မှိန်ဖျဖျအလင်းရှိနေပါက ဦးနှောက်ကို တဝက်တပျက် နိုးထနေစေသည့် အခြေအနေရှိကြောင်း သိပ္ပံပညာရှင်တို့၏ လေ့လာချက်များတွင် တွေ့ရသည်။ ဦးနှောက်က မှတ်ဉာဏ်၊ လေ့လာမှု အစရှိသည်တို့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်တွင် လိုအပ်သည့် ထိန်းသိမ်းမွမ်းမံမှုများ ပြုလုပ်ရာ တဝက်တပျက် နိုးထသည့် အခြေအနေတွင် ထိုသို့ လုပ်ဆောင်နိုင်ခြင်း မရှိတော့ချေ။
((ဦးနှောက်ထဲမှ ဓာတုပစ္စည်းများ))
Neurotransmitter (အာရုံကြောဆက်သွယ် ဓာတုပစ္စည်း) ဟုခေါ်သော ဓာတုပစ္စည်းတို့သည် ဦးနှောက်အတွင်းရှိ နာ့ဗ်ဆဲလ်အမျိုးမျိုးထံ သတင်းစကား ပို့ဆောင်သူအဖြစ် လုပ်ဆောင်သည်။
ထိုသို့ သတင်းစကားပို့သော ဓာတုပစ္စည်းများတွင် norepinephrine, histamine နှင့် serotonin တို့ အပါအဝင်ဖြစ်သည်။
လူက နိုးထနေချိန်တွင် အလုပ်များကောင်းစွာလုပ်နိုင်ရေးအတွက်လည်း ဦးနှောက်ကို နိုးထနေစေရန် Neurotransmitter တို့က လုပ်ဆောင်သည်။
အချို့သော နာ့ဗ်ဆဲလ်တို့က နိုးထနေစေရန် သတင်းစကား မပို့သည့်အခါတွင် အိပ်ငိုက်မှုကို ခံစားရစေသည်။
ထိုဖြစ်စဉ်တွင်ပါဝင်သော ဓာတုပစ္စည်းတစ်မျိုး၏ အမည်မှာ adenosine ဟုခေါ်သည်။ ကဖင်းဓာတ်တို့သည် receptor များထံ adenosine မရောက်ရှိစေရန် တားဆီးပိတ်ဆို့ထားခြင်းအားဖြင့် လူကို နိုးထနေစေသည်။
((နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၏ အကျိုးဆက်များ))
● စိတ်ကျန်းမာရေး အန္တရာယ်
အိပ်ချိန်တွင် ညမီးထွန်းကာ အမြဲအိပ်နေပါက ကြာလာလျှင် စိတ်ကျန်းမာရေးပြဿနာများ ရင်ဆိုင်ရနိုင်ရာ စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း၊ စိတ်ခံစားချက် ကစဉ့်ကလျားဖြစ်နေခြင်း အစရှိသည်တို့ အပါအဝင် ဖြစ်သည်။
● မှတ်ဉာဏ်ကို ထိခိုက်စေခြင်း
မီးအလင်းဖြင့် အိပ်စက်ခြင်းကြောင့် ဦးနှောက်အနားမရခြင်းများဖြစ်ကာ နေ့ဘက်တွင် မှတ်ဉာဏ် လုပ်ဆောင်ချက်ကို ထိခိုက်လာစေပြီး နေ့အချိန်တွင် အိပ်ငိုက်ခြင်းများ များပြားလာစေသည်။
((နှစ်ခြိုက်စွာ အိပ်မောကျစေမည့် အကြံပြုချက်များ))
● အိပ်ခန်းပြင်ပမှအလင်းကို တားဆီးကာကွယ်ပါ။ အမှောင်ဓာတ် ရာနှုန်းပြည့်ရစေရန် လိုက်ကာအရှည်များဖြင့် ကာရံထားပါ။
● လျှပ်စစ်ပစ္စည်းများ ပိတ်ထားပါ။ "digital curfew" (သို့မဟုတ်) ညအချိန်တွင် ဖုန်း၊ တက်ဘလက်၊ ရုပ်မြင်သံကြား အစရှိသည့် လျှပ်စစ်ပစ္စည်းများ စက်ပိတ်ထားခြင်းအားဖြင့် အပြာရောင်အလင်းနှင့် ထိတွေ့မှုကို လျှော့ချပေးနိုင်သည်။
● မှောင်မိုက်သည့်အခန်း ဖန်တီးပါ။ ဦးနှောက်က မီလာတိုနင် ထုတ်လုပ်ကာ ရာနှုန်းပြည့် အိပ်မောကျရန်အတွက် လုံးဝမှောင်မိုက်သည့် အိပ်ခန်းနေရာဖြစ်အောင် ဖန်တီးထားပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Exposure to dim light at night, potentially harming mental health