ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
စပိန်နိုင်ငံမှ ကျေးရွာလေးတစ်ခုတွင် ကော့စ်တစ် မစ်ဆိုတာကစ် (Costis Mitsotakis) အမည်ရှိ အမျိုးသားတစ်ဦးသည် ထီလက်မှတ် မဝယ်ခဲ့ရသောကြောင့် ဒေါ်လာ သန်း ၉၀၀ ထီဆုငွေကို ဝေစုမရဘဲ တစ်ဦးတည်း ကျန်ခဲ့သည်။
El Gordo (သို့မဟုတ်) Big One ဟုခေါ်သော ခရစ္စမတ် ထီကံစမ်းပွဲတွင် ဆိုဒီတို (Sodeto) ကျေးရွာရှိ ရွာသူရွာသားအားလုံး ထီပေါက်ကြကာ လမ်းပေါ်သို့ ထွက်ကာ ကခုန်ကြသည်။
သို့သော် ကော့စတစ်မှာမူ မပျော်နိုင်ဘဲ တစ်ဦးတည်း ကျန်ခဲ့သူ ဖြစ်နေသည်။
အိမ်ရှင်မများအသင်း (House wives Association) သည် ၅၈၂၆၈ ဟူသော ထီလက်မှတ်ကို ကံစမ်းခဲ့ပြီး ရွာထဲမှ တစ်အိမ်ချင်းစီကို ထီဝေစုအတွက် လိုက်လံရောင်းချခဲ့သည်။
ရွာစွန်တွင် နေထိုင်သော နိုင်ငံခြားသားဖြစ်နေသည့် ကော့စတစ်ထံ ထီဝေစုရောင်းရန်ကိုမူ ၎င်းတို့က မေ့နေခဲ့သည်။
(ကော့စတစ် မစ်ဆိုတာကစ်မှာ ဆိုဒီတိုရွာလေးတွင် ထီမပေါက်ဘဲ တစ်ဦးတည်း ကျန်ခဲ့သူ ဖြစ်သည်)
(ထီပေါက်ကာ အောင်ပွဲခံနေကြသူများ။ ဆုရ ထီလက်မှတ်ကို ဆိုဒီတို အပါအဝင် မြို့ငယ်လေးနှင့် အနီးဝန်းကျင် ကျေးရွာများက ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ ဆိုဒီတို ကျေးရွာမှာ အိမ်ခြေ ၇၀ ခန့် ရှိသည်။)
ထီလက်မှတ်ဝယ်ပါက ၅ ဒေါ်လာသာ ကျသင့်မည်ဖြစ်ပြီး ဆုငွေမှာ တစ်စုလျှင် ဒေါ်လာ ၁၃၀၀၀၀ မှသည် သန်းချီ ရရှိနိုင်သည်။
ကော့စတစ်သည် ဂရိနိုင်ငံသားဖြစ်ပြီး စပိန်နိုင်ငံ၊ ဆိုဒီတိုရွာလေးမှ ဆန်ဒရာ ဒယ်လ် ပိုဇိုအမည်ရှိ မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီးနောက် ဤဒေသသို့ ရွှေ့ပြောင်းအခြေချခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ လမ်းခွဲသွားခဲ့ပြီးနောက်ပိုင်းတွင်လည်း ကော့စတစ်မှာ ဆိုဒီတိုရွာလေးတွင်သာ ဆက်လက်နေထိုင်ခဲ့ပြီး ဂိုဒေါင်တစ်ခုကို ပြန်လည်မွမ်းမံပြုပြင်မှု ပြုလုပ်နေခဲ့သည်။
သို့သော် ကော့စတစ်အနေဖြင့် စိတ်ပျက်စရာချည်း ရင်ဆိုင်ခဲ့ရခြင်းကား မဟုတ်။
ခရစ္စမတ်ထီဆုကြီးကို တစ်ရွာလုံး ကံထူးခဲ့ပြီးနောက် ကော့စတစ် ရောင်းထုတ်ရန် ကြိုးစားနေသော မြေကွက်ကို အိမ်နီးချင်းက ထီပေါက်သောငွေဖြင့် ဝယ်ယူရန် သဘောတူခဲ့သည်။ El Gordo ထီတွင် ပထမဆုရ ထီလက်မှတ် ၁၈၀၀ ပါဝင်သည်။ ထီတစ်စောင်လျှင် ၂၁ ဒေါ်လာ ကျသင့်သည်။
သို့သော် ထီလက်မှတ်တစ်စောင်ကို ပါဝင်သူ ၄ ဦးအထိ ခွဲဝေဝယ်ယူခြင်းဖြစ်ရာ တစ်ဦးလျှင် ၅ ဒေါ်လာကျော်သာ ကျသင့်သည်။
ကံထူးခဲ့သည့် ပထမဆု ပေါက်ဂဏန်းဖြစ်သော ၅၈၂၆၈ ကို ရွာရှိ လူတိုင်း ဝယ်ယူခဲ့သော်လည်း ကော့စတစ် တစ်ဦးတည်းသာ ကျန်ခဲ့ခြင်း ဖြစ်သည်။
(ထီဆုကြီးပေါက်ပြီးနောက် အမျိုးသားတစ်ဦးက ရှန်ပိန်ပုလင်းဖောက်နေပုံ)
(ထီတစ်စုလျှင် ဒေါ်လာ ၁၃၀၀၀၀ ရရှိသည်။ El Gordo ထီကို နှစ်စဉ် ခရစ္စမတ်မတိုင်မီ ကျင်းပလေ့ရှိသည်)
ရွာသားအချို့မှာ ထီလက်မှတ်တစ်စုစာသာ ဝယ်ရာ ဒေါ်လာ ၁၃၀၀၀၀ သာရသော်လည်း အများစုမှာမူ ဒေါ်လာ သန်းနှင့်ချီကာ ကံထူးသွားကြသည်။
ပထမဆု ထီလက်မှတ်များအတွက် ဒေါ်လာ သန်း ၉၀၀ ဖွင့်လှစ်ပေးခဲ့ရာတွင် ဆိုဒီတို ရွာသားများမှာ ဒေါ်လာ ၁၃၅ သန်းခန့် ရရှိခဲ့ကြသည်။
ဒေါ်လာ သန်း ၉၀၀ မှ ကျန်ရှိသော ဆုငွေကို အနီးရှိ Granen မြို့နှင့် ရွာနီးချုပ်စပ် ကျေးရွာများမှ ရရှိသွားကြသည်။
ဆိုဒီတိုရွာသည် စပိန်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး ဘာစီလိုနာမှ မော်တော်ကားဖြင့် ၃ နာရီခရီးသာ ဝေးကွာသည်။
(El Gordo ခရစ္စမတ်ထီကို ၁၈၁၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စပိန်နိုင်ငံသားများမှာ ပျမ်းမျှအားဖြင့် ၆၃ ဒေါ်လာဖိုးခန့် ကံစမ်းလေ့ရှိကြသည်။ ထိုထီမှာ စပိန်တွင် အလွန်နာမည်ကြီးပြီး ပြည်သူတို့သည် ထီဖွင့်ပွဲကြည့်ရန် အလုပ်မှ ခွင့်ယူလေ့ရှိကြသည်)
ထီဖွင့်ပွဲ ပြီးသွားသောအခါ လူဦးရေ ၂၅၀ ခန့် နေထိုင်သော ဆိုဒီတိုရွာလေးသို့ သတင်းထောက်များ ရောက်လာကြပြီး တစ်ဦးတည်းကွက်ကာ ထီမပေါက်ဘဲ ကျန်ခဲ့သူ ကော့စတစ်ကို အင်တာဗျူးပြုလုပ်ကြသည်။
ကော့စတစ်က တစ်ရွာလုံးထီပေါက်ချိန်တွင် မိမိတစ်ဦးတည်းသာ ကျန်ခဲ့သည့်အဖြစ်ကို documentary ရုပ်ရှင် ရိုက်ကူးခဲ့ရာ ရွာသူရွာသားများက ကုန်ကျစရိတ် ထုတ်ပေးခဲ့ကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The only man in Spanish village who didn't win a share of £600m lottery jackpot because he failed to buy a ticket