ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်တရာပြည်နယ်တွင် လိမ္မော်သီးမြို့တော်ဟု လူသိများသော နာဂပူရ် မြို့တွင် နေထိုင်သူ ဆန်ဂျူး ဘားဂတ်အမည်ရှိ အမျိုးသားမှာ တနေ့တခြား ဗိုက်ကြီးပူလာနေပြီး ကိုယ်ဝန် ၉ လရှိသည့် အမျိုးသမီးတစ်ဦးသဖွယ် ထင်ရကာ အသက်ပင် ဝအောင် မရှူနိုင်အောင် ခံစားနေခဲ့ရသည်။
မိမိတဘဝလုံး ဗိုက်ပူကြီးဖြစ်နေရသည့်အပေါ် အရှက်ရနေခဲ့ကြောင်း ဆန်ဂျူးက ပြောသည်။
၁၉၉၉ ခုနှစ်၊ သြဂုတ်လ၏ ညတစ်ညတွင် အသက် ၃၆ နှစ်အရွယ်ရှိ ဆန်ဂျူးမှာ လူနာတင်ကားဖြင့် ဆေးရုံသို့ ရောက်ခဲ့ရသည်။
ဆရာဝန်တို့က ဆန်ဂျူး၏ ဗိုက်ထဲတွင် ကြီးမားသောအကျိတ်ကြီးတစ်ခု ရှိနေသည်ဟု ယူဆပြီး ခွဲထုတ်ပေးရန် စီစဉ်ခဲ့ကြသည်။
အကျိတ်မှာ ကြီးလွန်းသောကြောင့် ရင်ဝမ်းခြားကြွက်သား (diaphragm) ကို ဖိထားသဖြင့် အသက်ရှူမဝ ဖြစ်ရခြင်းဖြစ်ကြောင်း မွမ်ဘိုင်းမြို့၊ Tata Memorial ဆေးရုံမှ ဒေါက်တာ Ajay Mehta က ပြောသည်။
သမားရိုးကျ အကျိတ်ခွဲစိတ်မှုများတွင် ခွဲစိတ်မှု စတင်လိုက်သည်နှင့် အကျိတ်တစ်ခုကို အလွယ်တကူ တွေ့ရလေ့ရှိကြောင်း ဒေါက်တာ Ajay က ပြောသည်။
ဆန်ဂျူးကို ခွဲစိတ်ရာတွင်မူ ဝမ်းဗိုက်ကို ခပ်နက်နက်ခွဲလိုက်ချိန်တွင် အရည်များပြားစွာ ထွက်ကျလာပြီး ဆန်းပြားသောအရာကို တွေ့မြင်လိုက်ရသည်။
“အထဲမှာ တွေ့လိုက်ရတဲ့အရာကြောင့် ကျွန်တော် တော်တော်ကို အံ့အားသင့် တုန်လှုပ်သွားခဲ့ပါတယ်” ဟု ဒေါက်တာ Ajay က ပြောသည်။
အခြားဆရာဝန်တစ်ဦးကလည်း ခွဲစိတ်ခန်းထဲတွင် ထိုနေ့က တွေ့ကြုံခဲ့ရပုံကို ပြန်လည်ပြောပြသည်။
“ပထမဆုံး ခြေလက်လိုမျိုး တစ်ခုထွက်လာတယ်။ ပြီးတော့ နောက်တစ်ခု ထွက်လာတယ်။ ပြီးတော့ လိင်အင်္ဂါ အစိတ်အပိုင်း၊ ဆံပင်၊ ခြေလက်၊ မေးရိုး အစရှိတာတွေ တွေ့လာရပါတယ်”
ဆန်ဂျူး၏ အစာအိမ်ထဲတွင် တစိတ်တပိုင်း လူဖြစ်နေပြီဖြစ်သော အသားစိုင်တစ်ခု ရှိနေခြင်းဖြစ်ပြီး ခြေလက်များမှာ အလွန်ပုံပေါ်နေပြီဖြစ်ပြီး လက်သည်းများသည်ပင် ရှည်လျားနေပြီ ဖြစ်သည်။
“ကျွန်တော်တို့ တုန်လှုပ်သွားတဲ့နည်းတူ တော်တော် အံ့အားသင့်ခဲ့ကြရတယ်” ဟု ဒေါက်တာ Ajay က ပြောသည်။
ရုတ်တရက်ကြည့်လျှင် ဆန်ဂျေးမှာ ကလေးတစ်ယောက်မွေးဖွားလိုက်သည်ဟု ယူဆစရာရှိသည်။
စင်စစ်ကား သူ၏ အမြွှာညီအစ်ကိုမှာ မိခင်၏ ဝမ်းဗိုက်ထဲတွင် သီးသန့်မဖြစ်တည်ဘဲ ဆန်ဂျေး၏ ဝမ်းဗိုက်ထဲတွင် ဖြစ်တည်ခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်ရပ်မှာ ကမ္ဘာ့ဆေးလောက၏ အဆန်းကြယ်ဆုံးဖြစ်ရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Fetus in fetu (FIF) ဟု ခေါ်သည်။
FIF ကို ကပ်ပါးအမြွှာဟုလည်း ခေါ်ပြီး အလွန်ရှားပါးသည့်ဖြစ်ရပ်မျိုးဖြစ်ကာ ကလေး ၅၀၀၀၀၀ မွေးဖွားလျှင် ၁ ကြိမ်သာ ဖြစ်နိုင်ချေရှိသည်။
ကပ်ပါးအမြွှာကို ချက်ကြိုးကဲ့သို့အရာမျိုးဖြင့် ချိတ်ဆက်ပေးထားပြီး သွေးလည်ပတ်မှု အထောက်အကူပေး ထားသည်။
ကပ်ပါးအမြွှာသည် ဗိုက်ထဲတွင် တဖြေးဖြေး အလွန်ကြီးထွားလာပြီး ၎င်းကို လွယ်ထားရသူအတွက် အန္တရာယ်ဖြစ်စေလာချိန်တွင် ဆရာဝန်တို့ ခွဲစိတ်ကုသမှု ပေးရသည့်အခြေအနေသို့ ရောက်သွားသည်။
ဆေးသမိုင်း မှတ်တမ်းများအရ ကပ်ပါးအမြွှာ ခွဲထုတ်ပေးရသည့်ဖြစ်ရပ် ၉၀ နီးပါးရှိသည်ဟု ဆိုသည်။
ဆန်ဂျေး၏ ဖြစ်ရပ်တွင် ဆန်းကြယ်သည်မှာ ၃၆ နှစ်တာလုံး ကပ်ပါးအမြွှာရှိနေသည်ကို မည်သူမှ မသိခဲ့ခြင်း ဖြစ်သည်။
ဆန်ဂျေးက သူ၏ ကပ်ပါးအမြွှာကို ဆရာဝန်တို့က မည်သို့ လုပ်လိုက်သည်ကို စိတ်မဝင်စားသကဲ့သို့ ကြည့်လိုစိတ်လည်း မရှိခဲ့ချေ။
“သူက မကြည့်ချင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆို အဲဒါက တော်တော်ကြောက်ဖို့ကောင်းလို့ပါ” ဟု ဒေါက်တာ Ajay က ပြောသည်။
ကပ်ပါးအမြွှာကို ခွဲထုတ်ပေးလိုက်ပြီးသည်နှင့် ဆန်ဂျေး၏ အသက်ရှူမဝသည့်ဝေဒနာမှာ ချက်ချင်း ပျောက်ကင်းသွားခဲ့သည်။
ဆန်ဂျေး၏ ဖြစ်ရပ်မှာ ဆေးလောကအတွက် အံ့ဖွယ်တစ်ပါးဖြစ်သော်လည်း ၎င်းအတွက်မူ အရှက်ရဖွယ်တစ်ခု ဖြစ်ခဲ့သည်။ ရွာထဲတွင် ဆန်ဂျေးမှာ တဘဝလုံး ပယ်ပယ်နယ်နယ် လှောင်ပြောင်ခံခဲ့ရသည်။
“ဆန်ဂျေးက အခုထိ လှောင်ပြောင်ခံနေရတုန်းပါပဲ။ ခင်ဗျား ကလေးသွားမွေးတာ အခုကလေးရလာပြီ..လို့ လှောင်ကြတယ်” ဟု ဒေါက်တာ Ajay က ပြောပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man With Twin Living Inside Him -- A Medical Mystery Classic (abcnews)