ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဒူဘိုင်းရှိ တိရ စ္ဆာန် သုတေသန ဗဟိုဓာတ်ခွဲခန်း (Central Veterinary Research Laboratory) တွင် ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်အရ ကုလားအုတ် မျက်ရည်သည် ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်များကို ပြယ်စေနိုင်သည့် ထူးခြားသော အာနိသင်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။
ယခုလေ့လာချက်ကို ကမ္ဘာ့ဆေးသိပ္ပံအသိုက်အဝန်းမှ တရားဝင်အတည်ပြုပြီးပါက ယခုတွေ့ရှိချက်သည် မြွေကိုက်ခံရသူများကို ကုသရာတွင် အရေးပါသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာဖွယ်ရှိသည်။
အထူးသဖြင့် မြွေကိုက်ခံရသည့်ဖြစ်ရပ် မကြာခဏရင်ဆိုင်နေရသော အိန္ဒိယကဲ့သို့ နိုင်ငံများတွင် များစွာအကျိုးရှိလာနိုင်သည်။
ယခုတွေ့ရှိချက်ကို သိပ္ပံအသိုက်အဝန်းမှ စစ်ဆေးအတည်ပြုရန် လိုအပ်သေးသော်လည်း ကမ္ဘာက အံ့သြမင်သက် အာရုံစိုက်လာသည့် သုတေသနတစ်ခု ဖြစ်သည်။
ဒူဘိုင်းသိပ္ပံပညာရှင်တို့ ပြောသည်မှာ ကုလားအုတ်မျက်ရည်တွင် သမားရိုးကျ မြွေဆိပ်ဖြေဆေးများနည်းတူ ဇီဝအစွမ်းရှိ ဒြပ်ပေါင်းများ (သို့မဟုတ်) ပဋိဇီဝများ ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ ဒြပ်ပေါင်းတို့သည် မြွေဆိပ်တွင် ပါဝင်သည့် အဓိကဓာတ်များဖြစ်သော neurotoxin များနှင့် hemotoxin များကို ပျက်ပြယ်စေနိုင်သည့် အာနိသင်ရှိသည်။
သိပ္ပံအသိုင်းအဝိုင်းမှ အတည်ပြုချက်ရယူပြီးပါက ယခုတွေ့ရှိချက်ကြောင့် မြွေကိုက်လူနာများကို ကုန်ကျစရိတ်နည်းပါးစွာ၊ ထိရောက်စွာ ကုသနိုင်မည်ဖြစ်သည်။ အထူးသဖြင့် သမားရိုးကျ မြွေဆိပ်ဖြေဆေးကို လက်လှမ်းမမီသည့် ကျေးလက်ဒေသများအတွက် များစွာ အကျိုးရှိလာမည် ဖြစ်သည်။
((ကုလားအုတ်မျက်ရည်သည် သဲကန္တာရများတွင် တွေ့ရသော ကူးစက်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်))
ကုလားအုတ်မျက်ရည်သည် မြွေဆိပ်ကို ပျက်ပြယ်စေနိုင်သည့်အပြင် သဲကန္တာရကဲ့သို့ ရာသီဥတု ကြမ်းတမ်းသည့် ဒေသများတွင် ကုလားအုတ်တို့ကို အသက်ရှင်သန်နေစေရန် အထောက်အကူပေးသည့် အခြားသော ဇီဝဗေဒ အစွမ်းများလည်း ရှိနေသေးသည်။
● ပရိုတိန်း ကြွယ်ဝသည့် ဖွဲ့စည်းမှု = ကုလားအုတ်မျက်ရည်တွင် မျက်လုံးအား အဏုဇီဝပိုးများ ကူးစက်မှုကို ကာကွယ်ပေးနိုင်သည့် ပရိုတိန်းဓာတ်အမျိုးမျိုး ပါဝင်သည်။ လေထဲတွင် ဖုန်၊ သဲနှင့် ရောဂါပိုးများ အမြဲရှိနေသော သဲကန္တာရထဲတွင် ထိုအချက်မှာ အလွန်အရေးကြီးသည်။
● Lysozyme အင်ဇိုင်း= ကုလားအုတ်မျက်ရည်တွင် အကာအကွယ်ပေးသည့် အဓိက ဓာတ်တစ်မျိုးမှာ lysozyme ဖြစ်သည်။ Lysozyme သည် အဏုဇီဝပိုးများ တိုက်ဖျက်ပေးသည့် အာနိသင်ရှိသော အင်ဇိုင်းတစ်မျိုး ဖြစ်သည်။ သဘာဝ ပဋိဇီဝဆေးဟု တင်စားကြသော Lysozyme သည် ဘက်တီးရီးယား၊ မှိုနှင့် အချို့သော ဗိုင်းရပ်စ်တို့၏ ဆဲလ်နံရံများကို ထိုးဖောက်ချေမှုန်းကာ ကုလားအုတ်၏ မျက်လုံးကို အကာအကွယ်ပေးခြင်း ဖြစ်သည်။
ထိုအချက်များကြောင့် ကုလားအုတ်သည် ရာသီဥတု ခက်ထန်ကြမ်းတမ်းသည့် နေရာမျိုးတွင် ရှင်သန်နိုင်ခြင်းဖြစ်ရာ ထိုအချက်မှာ သိပ္ပံသုတေသနအကျိုးအတွက် လေ့လာစရာ အကြောင်းရပ် ဖြစ်လာသည်။
ကမ္ဘာ့အတိုင်းအတာ အတည်ပြုချက်ရရန် လိုနေသေးသော်လည်း ကုလားအုတ်မျက်ရည်သည် မြွေဆိပ်ဖြေဆေးလက်လှမ်းမမီသော နေရာများ၊ ဆေးရုံနှင့် အလှမ်းဝေးသောနေရာများအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Camel tears might hold the secret to fighting 26 snake venoms; here’s what researchers found