ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဟောင်ကောင်ရုပ်ရှင်ကြယ်ပွင့် ချောင်ယွန်ဖတ် ကာလကြာရှည် ပိုင်ဆိုင်ခဲ့သော “နေခြည်ဖြာ ဥယျာဉ်” အမည်ရှိ စံအိမ်ကြီးကို ချောင်ယွန်ဖတ်က ဈေးလျှော့ပေးလာကြောင်း Hong Kong Commercial Daily သတင်းဌာနက ဖော်ပြသည်။
ချောင်ယွန်ဖတ်သည် ဟောင်ကောင်၏ လူကုံထံရပ်ကွက်ဖြစ်သော The Peak ရှိ အဆိုပါစံအိမ်ကြီးကို ၂၀၁၀ ပြည့်နှစ်က ဟောင်ကောင်ဒေါ်လာ ၁၂၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာခဲ့သည်။
စံအိမ်အကျယ်မှာ ၂၃၆ စတုရန်းမီတာရှိပြီး စံအိမ်နှင့် တွဲလျက် ၁၈၆ စတုရန်းမီတာရှိသော ပန်းဥယျာဉ်တစ်ခုလည်း ပါဝင်သည်။
ချောင်ယွန်ဖတ်သည် အဆိုပါစံအိမ်ကြီး ဝယ်ယူပြီးနောက်ပိုင်း ကိုယ်တိုင် နေထိုင်ခြင်းမရှိသလို အငှားချထားခဲ့ခြင်းလည်း မရှိချေ။
(၁၉၈၆ ခုနှစ်က ရုံတင်ခဲ့သော A Better Tomorrow ဇာတ်ကားတွင် ချောင်ယွန်ဖတ် သရုပ်ဆောင်ခဲ့ပုံ။ ဓာတ်ပုံ-Handout)
ယခုအခါ ချောင်ယွန်ဖတ်က ယခင်ခေါ်ဈေးအောက် ၁၄ ရာခိုင်နှုန်း ဈေးလျှော့ပေးလာခြင်း ဖြစ်သည်။
“အရင်ခေါ်ဈေးက ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ (ကန်ဒေါ်လာ ၂၈ ဒသမ ၃ သန်း) ပါ။ အခုခေါ်ဈေးက ဟောင်ကောင်ဒေါ်လာ သန်း ၁၉၀ ပဲ ဈေးခေါ်ထားပါတယ်” ဟု high-end အိမ်ခြံမြေများ ကိုင်တွယ်သည့် Habitat Property အိမ်ခြံမြေကုမ္ပဏီ တည်ထောင်သူ၊ မန်နေးဂျင်း ဒါရိုက်တာ Victoria Allan က ပြောသည်။
သတင်းရင်းမြစ်တို့၏ ပြောကြားချက်များအရ ချောင်ယွန်ဖတ်က သူ၏ စံအိမ်ကို လူတိုင်းဝင်ရောက်ကြည့်ရှုခွင့် ပေးမည်မဟုတ်ဘဲ မည်သည့်ဝယ်လက်အား ကြည့်ရှုခွင့်ပေးမည်ကို ၎င်းဘာသာ ရွေးချယ်ဆုံးဖြတ်မည်ဟု ဆိုသည်။
ချောင်ယွန်ဖတ် ပိုင်ဆိုင်ထားသော အိမ်ခြံမြေများအနက် ဈေးအကြီးဆုံးအိမ်များတွင် ယခုအိမ်လည်း ပါဝင်သည်။
ချောင်ယွန်ဖတ်တို့မိသားစုသည် အိမ် ၇ လုံးခန့်နှင့် မြေကွက်တစ်ခု ပိုင်ဆိုင်ထားပြီး စုစုပေါင်းတန်ကြေးမှာ ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံအထက် ရှိသည်။
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက် ထိုင်းမှိုင်းနေချိန်ဖြစ်သောကြောင့် အခြားရုပ်ရှင်ကြယ်ပွင့်များဖြစ်သော ကရီနာလောင်း (တိုနီလျန်းဝေ၏ ဇနီး) နှင့် Michele Reis တို့သည်လည်း အရောင်းဈေးကွက်တင်ထားသော ၎င်းတို့၏အိမ်များ အမြန်ရောင်းထွက်စေရန် ဈေးလျှော့ပေးခြင်းများ ပြုလုပ်လာနေသည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သော ချောင်ယွန်ဖတ်သည် ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ရသူဖြစ်သဖြင့် ငွေ၏ တန်ဖိုးကို နားလည်ပြီး အသုံးအစွဲအလွန်စစ်စီချွေတာသူအဖြစ်လည်း နာမည်ကြီးသည်။
(ဟောင်ကောင် နိုင်ငံတကာ လေဆိပ်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့သော မာရသွန်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သော ရုပ်ရှင်ကြယ်ပွင့် ချောင်ယွန်ဖတ် လက်ပြနှုတ်ဆက်သွားပုံ။ ဓာတ်ပုံ-Eugene Lee)
ချောင်ယွန်ဖတ်သည် ရုပ်ရှင်လောကသို့ မဝင်ရောက်မီက ဖိနပ်တိုက်သမား၊ ရုံးစေ၊ delivery ပို့သူ၊ ဟိုတယ်ဝန်ထမ်း၊ အငှားယာဉ်မောင်းဘဝများဖြင့် ဖြတ်သန်းခဲ့သူ ဖြစ်သည်။
ရုပ်ရှင်လောကသို့ ရောက်ရှိလာပြီးနောက်ပိုင်း "The Good, The Bad, and The Ugly" နှင့် "The Bund" ကဲ့သို့ ဇာတ်ကားများဖြင့် နာမည်ကြီးလာသည်။
သူ၏ ရုပ်ရှင်လောက ဖြတ်သန်းမှုတလျှောက် ဆုပေါင်းများစွာ ရရှိထားရာ အကောင်းဆုံး ဇာတ်ဆောင်မင်းသားအဖြစ် Hong Kong Film Award ၃ ဆု၊ အကောင်းဆုံး ဇာတ်ဆောင်မင်းသားအဖြစ် Golden Horse Award ၂ ဆုတို့လည်း အပါအဝင် ဖြစ်သည်။
ချောင်ယွန်ဖတ်ကို ကမ္ဘာ့အဆင့်အထိ ကျော်ကြားစေခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ်က ရုံတင်ခဲ့သည့် အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားဖြစ်သော Crouching Tiger, Hidden Dragon ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hong Kong actor Chow Yun Fat slashes mansion’s price by $3.2M amid market struggles