ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့သည် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တွင် ၃ ရက်ကြာ ကျင်းပမည့် မင်္ဂလာပွဲအခမ်းအနားသို့ ရုပ်ရှင်၊ ဘဏ္ဍာရေးနှင့် show business နယ်ပယ်များမှ ဒိတ်ဒတ်ကြဲပုဂ္ဂိုလ်များကို ဖိတ်ကြားထားသည်။
“ရာစုနှစ်၏ မင်္ဂလာပွဲကြီး” ဟု အများက ရည်ညွှန်းနေကြသော ဂျက်ဘေးဇော့စ်၏ မင်္ဂလာပွဲနှင့် စပ်လျဉ်းသည့် အချက်အလက်နှင့် ကိန်းဂဏန်းအချို့ကို အောက်တွင် ဖော်ပြထားပါသည်။
[■ ဒေါ်လာ ၅၅ သန်း]
ဂျက်ဘေးဇော့စ်၏ မင်္ဂလာပွဲမှာ ယူရို သန်း ၄၀ မှ ၄၈ သန်း (ကန်ဒေါ်လာ ၄၆ ဒသမ ၅ သန်းမှ ၅၅ ဒသမ ၆ သန်း) ကြား ကုန်ကျဖွယ်ရှိကြောင်းခန့်မှန်းထားသည်ဟု အီတလီနိုင်ငံ၊ Veneto ဒေသအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Luca Zaia က သတင်းထောက်များကို အင်္ဂါနေ့က ပြောသည်။
ဂျက်ဘေးဇော့စ်သည် ဗင်းနစ်မြို့၊ ရေကြောင်းသွားလာရေးစနစ်၏ ဂေဟဗေဒကို လေ့လာနေသည့် အဖွဲ့ဖြစ်သော Corila အား ယူရို ၁ သန်းလှူဒါန်းမည့်အပြင် အခြားကြီးမားသည့် လှူဒါန်းမှုများစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အီတလီအခြေစိုက် Corriere della Sera သတင်းစာနှင့် ANSA သတင်းအေဂျင်စီတို့က ဖော်ပြသည်။
[■ နေရာ]
မင်္ဂလာနေ့ရက်နှင့် နေရာကိုမူ လျှို့ဝှက်ထားသည်။ သို့သော် စနေနေ့ကျင်းပမည့် အဓိကပါတီပွဲမှာမူ ဗင်းနစ်မြို့ အရှေ့ပိုင်းရှိ သမိုင်းဝင်နေရာတစ်ခုဖြစ်သော Arsenale (the Arsenal) တွင် ကျင်းပရန် စီစဉ်ထားသည်။
ထုထည်ကြီးမားစွာ တည်ဆောက်ထားသော ခံတပ်နေရာဖြစ်ပြီး ကြီးမားသည့် တံတိုင်းကြီးများ ဝန်းပတ်ထားသည်။
(Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ Aman Venice ဟိုတယ်ထဲမှ ထွက်လာသည်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-REUTERS/Yara Nardi)
[■ ကိုယ်ပိုင်ဂျက်လေယာဉ် အစင်း ၉၀၊ ဖယ်ရီလှေ အစင်း ၃၀]
ဗင်းနစ်သို့ ပြီးခဲ့သော အင်္ဂါနေ့က ပထမဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်များ ရောက်ရှိလာခဲ့ကြောင်း၊ ဗင်းနစ်အပြင် အနီးရှိ Treviso နှင့် Verona လေဆိပ်များသို့ လာမည့်ရက်များတွင် ကိုယ်ပိုင်ဂျက်လေယာဉ် အစင်း ၉၀ ခန့် ရောက်ရှိလာမည်ဖြစ်ကြောင်း Zaia က ပြောသည်။
Tuscany တွင် အပန်းဖြေခရီးရောက်နေသော အီဗန်ကာ ထရမ့် (အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး) နှင့် ၎င်း၏ခင်ပွန်း ဂျရက် ကွတ်ရှ်နာတို့မှာ ဗင်းနစ်သို့ အင်္ဂါနေ့က ရောက်လာသည်။
မင်္ဂလာပွဲ အခမ်းအနား စီစဉ်ပေးသည့်ကုမ္ပဏီက ပွဲလာဧည့်သည်တော်များအတွက် ဗင်းနစ်ရှိ ပို့ဆောင်ရေးကုမ္ပဏီအမျိုးမျိုးထံမှ ဖယ်ရီလှေ အနည်းဆုံး အစင်း ၃၀ ခန့် ငှားရမ်းထားသည်။
[■ ဟိုတယ် ၅ လုံး၊ ဧည့်သည်တော် ၂၅၀]
ဗင်းနစ်ရှိ luxury ဟိုတယ်ကြီး ၅ လုံးကို ဂျက်ဘေးဇော့စ်၏ မင်္ဂလာပွဲတက်ရောက်မည့် ဧည့်သည်တော် ၂၀၀ မှ ၂၅၀ ခန့်အတွက် သီးသန့်အပြတ် ငှားရမ်းထားသည်။
ထိုဟိုတယ်များအနက် Giudecca ကျွန်းမှ Cipriani ဟိုတယ်နှင့် Grand Canal မှ Aman ဟိုတယ်တို့လည်း အပါအဝင်ဖြစ်သည်။
အမေရိကန်သရုပ်ဆောင် George Clooney သည် ၂၀၁၄ ခုနှစ်အတွင်း ၎င်း၏ မင်္ဂလာပွဲတွင် Aman ဟိုတယ်၌ တည်းခိုနေထိုင်ခဲ့ဖူးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos and Lauren Sanchez's celebrity Venice wedding in facts and figures (reuters)