ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
သြစတေးလျတွင် ဒေမီယန် ဂေါ်ဒန် (Damian Gordon) အမည်ရှိ အမျိုးသားတစ်ဦးမှာ ဘူးခွံများ လိုက်လံ ကောက်ယူစုဆောင်း နေခဲ့သော်လည်း ဘူးခွံရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်နိုင်လိမ့်မည်ဟု မူလက မထင်ခဲ့ချေ။
အသက် ၃၆ နှစ်အရွယ်ရှိ ဒေမီယန်သည် သြစတေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးပြည်နယ်သား ဖြစ်သည်။
ဒေမီယန်သည် ပြီးခဲ့သော ၇ နှစ်တာလုံး ဘူးခွံ၊ ပုလင်းခွံများ လိုက်လံကောက်ယူစုဆောင်းနေခဲ့ပြီး မူလက အပိုဝင်ငွေ အနည်းအကျဉ်းရရန် မျှော်လင့်ချက်မျှသာရှိခဲ့သည်။
ပတ်ဝန်းကျင် သန့်ရှင်းစေရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့မှုမှာ ယခုအခါ သူ၏ဘဝကို ပြောင်းလဲစေရုံမျှမက မည်မျှသေးငယ်သော ကြိုးပမ်းမှုမျိုးမဆို တစိုက်မတ်မတ်လုပ်ဆောင်ပါက ကြီးမားသည့် ဆုလာဘ်ရရှိနိုင်ကြောင်း တန်ဖိုးကြီးသည့် ဘဝသင်ခန်းစာတစ်ခုလည်း ရရှိလာစေသည်။
((ရိုးစင်းသော ပန်းတိုင်ဖြင့် အစပျိုးခဲ့))
ဒေမီယန် ဂေါ်ဒန်သည် ၂၀၁၇ ခုနှစ်တွင် ဘူးခွံ၊ ပုလင်းခွံများ စတင်ကောက်ယူစုဆောင်းခဲ့သည်။
ထိုစဉ်ကမူ အပိုဝင်ငွေ အနည်းအကျဉ်းရရန်မှ လွဲပြီး အခြားရည်မှန်းချက် မရှိခဲ့။
ပုံမှန် လုပ်ကိုင်နေသော အလုပ်မှ အားလပ်သည့်အခါမျိုးတွင် ပန်းခြံများ၊ ကမ်းခြေများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ဘူးခွံ၊ ပုလင်းခွံများ လိုက်ကောက်သည်။
သြစတေးလျတွင် Return and Earn အမည်ရှိ အစီအစဉ်တစ်ခုရှိသည်။ ဘူးခွံများကို ၁၀ cent (၁ ဒေါ်လာ၏ ၁၀ ပုံ ၁ ပုံ) ဖြင့် ဝယ်ယူပေးခြင်း ဖြစ်သည်။
၇ နှစ်တာကာလအတွင်း ဒေမီယန်သည် ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကျော် ကောက်ယူနိုင်ခဲ့ပြီး စုစုပေါင်း သြစတေးလျဒေါ်လာ ၄၆၀၀၀ ရရှိခဲ့ရာ အိပ်ခန်း ၂ ခန်းပါ အိမ်တစ်လုံးကို အရစ်ကျ ဝယ်ယူရန်အတွက် လက်ငင်းပေးသွင်းငွေ ပေးသွင်းနိုင်ခဲ့သည်။
ဒေမီယန်က ဘူးခွံများ ရောင်းချရရှိငွေများကို ဘဏ်စာရင်းတစ်ခုထဲတွင် အပ်နှံသိမ်းဆည်းထားပြီး မည်မျှရှိပြီ ဆိုသည်ကိုလည်း မကြည့်ရှုဘဲ မေ့မေ့ပျောက်ပျောက် ထားရှိခဲ့သည်။
“စုငွေက တဖြည်းဖြည်း များများလာပါတယ်” ဟု ဒေမီယန်က သြစတေးလျအခြေစိုက် ABC သတင်းဌာနသို့ ပြောသည်။
ဒေမီယန်ဝယ်ယူလိုက်သောအိမ်မှာ ကမ်းရိုးတန်းဒေသတွင် တည်ရှိပြီး ငါးဖမ်းတဲအိမ်လေးတစ်ခုဖြစ်သည်ဟု ဆိုသည်။
ဒေမီယန်က ထိုအိမ်ကို လေလံပွဲတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဒေမီယန်၏ ကာလကြာရှည် တစိုက်မတ်မတ် လုပ်ဆောင်မှုမှာ မျှော်လင့်မထားသော ရလဒ် ရရှိလာခြင်းလည်း ဖြစ်သည်။
(ဒေမီယန်က သူ၏ ပစ်ကပ်ပေါ်တွင် ဘူးခွံများ တင်နေပုံ။ ဓာတ်ပုံ-Damian Gordon)
((ဒေမီယန်၏ မဟာဗျူဟာ))
ဒေမီယန်က ဘူးခွံ၊ ပုလင်းခွံ များများရရှိရန်အတွက် ဂီတဖျော်ဖြေပွဲများတွင် လုပ်အားပေးအဖြစ် ပါဝင်လုပ်ဆောင်သည်။
ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ပွဲလာပရိသတ်တို့ စွန့်ပစ်ခဲ့သော ဘူးခွံများ တကြိမ်တည်းဖြင့် အလုံးအရင်း ရသည်။
သြစတေးလျတွင် တစ်နှစ်လျှင် ဂီတပွဲတော် ၅၀၀ ကျော် ကျင်းပလေ့ရှိရာ ဒေမီယန်အဖို့ ရက်ပိုင်းအတွင်း ဘူးခွံ ထောင်ချီကာ ရလေ့ရှိသည်။
ထိုသို့သော ဂီတပွဲများတွင် ဘူးခွံများသာမက စခန်းချနေထိုင်ရာတွင်သုံးသည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအစာများကိုလည်း စွန့်ပစ်ထားခဲ့လျှင် ဒေမီယံအတွက် ထိုအရာများ ရရှိသေးသည်။
“တစ်ခါမှာဆို ကျွန်တော် အိမ်ကို စားစရာတွေ အများကြီး ပြန်သယ်လာနိုင်ခဲ့တယ်။ ဒါတွေက ရက်အတော်ကြာအောင် မပုပ်သိုးနိုင်တဲ့ အစားအစာတွေပါ” ဟု ဒေမီယန်က ပြောသည်။
ဒေမီယန်က သူ၏ အိမ်သစ်တွင်လည်း အခြားသူတို့ စွန့်ပစ်ထားသော ပစ္စည်းများဖြင့် မွမ်းမံထားရှိသည်။
ဒေမီယန်သည် လက်ရှိတွင်လည်း ဘူးခွံများ ကောက်ယူနေဆဲဖြစ်ပြီး ထိုအလုပ်ကို ရပ်တန့်သွားမည့် လက္ခဏာ မရှိချေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: After Seven Years, A Man Has Collected 450,000 Cans for Recycling, and Now They’re Helping Him… Buy a House! Photo Credit- Damian Gordon