ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြင်သစ်နိုင်ငံတွင် နေအိမ်တစ်လုံး၏ ပိုင်ရှင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် အိမ်နံရံထဲ၌ ရှေးခေတ် ရွှေဒင်္ဂါးပြားပေါင်းများစွာ ရှာဖွေတွေ့ရှိခဲ့ရာ လေလံပွဲတွင် ဒေါ်လာ သန်းချီရရှိသွားသည်။
ရောင်းချပေးခဲ့သည့် လေလံကုမ္ပဏီဖြစ်သော ဘူးဆွန်လေဖဲဗား (Beaussant Lefevre and Associates) က CNN သတင်းဌာနသို့ ပြောသည်မှာ ရွှေဒင်္ဂါးပြားများကို ပဲရစ်မြို့တွင် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ယူရို ၃ သန်းကျော် (ကန်ဒေါ်လာ ၃ ဒသမ ၄၈ သန်း) ရရှိခဲ့ကြောင်း ပြောသည်။
ဒင်္ဂါးပြားများကို စုဆောင်းထားခဲ့သည့် ပိုင်ရှင်ဖြစ်သူမှာ ပေါလ်နာစီ (Paul Narce) ဆိုသူဖြစ်ပြီး ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရွာငယ်လေးတစ်ခုတွင် နေထိုင်သူဖြစ်ကာ ၂၀၂၄ ခုနှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ဘူးဆွန်လေဖဲဗား ကုမ္ပဏီက ထုတ်ပြန်သည်။
“နာစီဟာ ရိုးရိုးကုပ်ကုပ်နေတတ်သူဖြစ်ပြီး သူ့မှာ ရှိသမျှငွေအားလုံးကို ဒင်္ဂါးပြား စုဆောင်းဖို့အတွက် အသုံးပြုခဲ့ပါတယ်” ဟု ဒင်္ဂါး ကျွမ်းကျင်ပညာရှင် ပီယာရီ ပါစီက ပြောသည်။
နှစ်ပေါင်းများစွာကာလအတွင်း ၎င်းသည် ရွှေဒင်္ဂါးပြား များစွာစုဆောင်းခဲ့ရာ ဒင်္ဂါး ၁၀၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီး အများစုမှာ ရှားပါးဒင်္ဂါးများဖြစ်ကြောင်း ပါစီက ပြောသည်။
၎င်းစုဆောင်းထားသည့် ရွှေဒင်္ဂါးများစွာမှာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိကြောင်း ပါစီက ပြောသည်။
၎င်းတို့အနက် ခရစ်တော်မပေါ်မီ ၃၃၆ မှ ၃၂၉ အကြား မက်စီဒိုးနီးယားနိုင်ငံတော်တွင် အသုံးပြုခဲ့သော ဒင်္ဂါးပြားများ၊ ပြင်သစ်ဧကရာဇ်များဖြစ်သော လူဝီ ၁၄၊ လူဝီ ၁၅ နှင့် လူဝီ ၁၆ တို့လက်ထက်တွင် အသုံးပြုခဲ့သည့် ဒင်္ဂါးပြားများလည်း ပါဝင်သည်။
(နာစီသည် ရွာငယ်လေးတစ်ခုတွင် ရိုးရိုးကုပ်ကုပ်နေထိုင်ခဲ့ကြောင်း လေလံကုမ္ပဏီ ဘူးဆွန်လေဖဲဗားက ပြောသည်။)
(နာစီ စုဆောင်းထားသော ဒင်္ဂါးပြားများမှာ သမိုင်းခေတ်အမျိုးမျိုးမှ ဒင်္ဂါးများ ဖြစ်သည်။ ဓာတ်ပုံ- Beaussant Lefevre and Associates)
နာစီတွင် အမွေဆက်ခံမည့်သူမရှိ။
နာစီက ရွှေဒင်္ဂါးပြား စုဆောင်းမှု ဝါသနာပါကြောင်း သိရှိထားသူ အနည်းငယ်သာရှိသည်။ သို့သော် နာစီက ၎င်း၏ ဒင်္ဂါးများကို မည်သည့်နေရာတွင် သိမ်းဆည်းထားသည်ဆိုခြင်းကို သိရှိသူ မရှိခဲ့ချေ။
သို့အတွက် နာစီ၏ ရွှေဒင်္ဂါးများမှာ ကမ္ဘာမြေမှ မည်သူမှ မတွေ့ဘဲ ထာဝရပျောက်ကွယ်သွားမည့် အခြေဆိုက်ခဲ့ကြောင်း ပါစီက ပြောသည်။
ယခုတွေ့ရှိခဲ့သူမှာ ရှေ့နေတစ်ဦးဖြစ်ပြီး ယခုအိမ်ထဲတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
နာစီသည် ၎င်းမကွယ်လွန်မီတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုသို့ ပြောင်းရွှေ့သွားခဲ့ပြီး သူ၏အိမ်မှာ အခွံသက်သက် ကျန်ရစ်ခဲ့သည်။
ရှေ့နေက နောက်ဆုံးတွင် ရွှေဒင်္ဂါးများကို နေအိမ်နံရံရှိ ပန်းချီကားတစ်ခုနောက်မှ လှိုဏ်ခေါင်းငယ်တစ်ခုအတွင်း တွေ့ရှိသွားသည်။
ရွှေဒင်္ဂါးများအပြင် အထုပ် ၁၀ ထုပ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ရာ တစ်ထုပ်လျှင် ရွှေဒင်္ဂါး ၁၇၂ ပြား တွေ့ရပြီး ရွှေချောင်းတစ်ချောင်း၏ တန်ကြေးနှင့် ညီမျှသည်။
ရွှေဒင်္ဂါးများကို လေလံမတင်မီက ခန့်မှန်းသည်မှာ ယူရို ၂ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၄၃ သန်း) ရနိုင်သည်ဟု ခန့်မှန်းခဲ့ရာ အမှန်တကယ်အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ခန့်မှန်းပမာဏထက် များပြားခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Huge coin collection found hidden in house’s walls sells for nearly $3.5 million (cnn.com)