ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း မက်ရှားမြို့တွင် ‘အော်သံ တောအုပ်’ ရှိပြီး တောနက်နက်အတွင်း ခြောက်ခြားဖွယ် အသံကြီးများ ပဲ့တင်ထပ်နေမှုမှာ နာမည်ကြီးသည်။ ခြောက်ခြားဖွယ် ဝန်းကျင်မျိုးရှိကာ ဆန်းကြယ်သော အသံကြီးများကြောင့် စိတ်ဝင်တစား လာရောက်စူးစမ်းသည့် ခရီးသွားများ ရှိသည်။ မက်ရှား အော်သံတောအုပ်သည် အီရန်၏ ကျောချမ်းဖွယ် အကောင်းဆုံး တောအုပ်များတွင် တစ်ခုအပါအဝင်အဖြစ်လည်း လူသိများပြီး လျှို့ဝှက်နက်နဲမှုများ အတိပြီးနေကာ စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ်နေသည်။ ဒေသခံတို့ပြောသော ဒဏ္ဍာရီများအရ အဆိုပါတောအုပ်သည် ကျိန်စာသင့်နေပြီး အာရေးဗီးယား နတ်ဖြစ်သော ဂျင်းနှင့် အခြားမိစ္ဆာများ ရှိနေသည့်တောဖြစ်သည်ဟု ဆိုသည်။ အချို့ကဆိုသည်မှာမူ တောနက်ကြီးအတွင်း အကာလ ညအခါများတွင် ကြားရလေ့ရှိသည့် ခြောက်ခြားဖွယ် အသံကြီးများမှာ ဒေသတွင်းတွင် ချက် (သို့မဟုတ်) ဇန်ဂျီရာဟုခေါ်ကြသော ပုစဉ်းရင်ကွဲမျိုး၏ အော်မြည်သံဖြစ်သည်ဟု ဆိုကြသည်။ ကျောချမ်းခြောက်ခြားဖွယ်ရာများဖြင့် နာမည်ကြီးသော်လည်း အော်သံတောအုပ်သည် မြင့်မြင့်စွင့်စွင့်ရှိသော သစ်ကြီးဝါးကြီးများရှိကာ သစ်ပင်မျိုးစိတ်စုံလင်ပြီး သာယာသည့်ရှုခင်းများ ပေါများသည့်နေရာတစ်ခု ဖြစ်သည်။
((မက်ရှား အော်သံတောအုပ်၏ သမိုင်းကြောင်း)) မက်ရှား အော်သံတောအုပ် (သို့မဟုတ်) ဂျန်းဂဲ အီဂျေးတွင် တမူထူးသော ခြောက်ခြားဖွယ် သမိုင်းကြောင်း ရှိနေပြီး ဒေသဒဏ္ဍာရီနှင့် သဘာဝတရား၏ လျှို့ဝှက်ဆန်းကြယ်မှုတို့အပေါ် အခြေတည်နေသည်။ ဆရ်ဗား (Sarbarj) အမည်ရှိ ကျေးရွာတစ်ခုအနီးတွင် တည်ရှိသော မက်ရှားတောအုပ်သည် ကျေးရွာနှင့် အမည်တူ ဆရ်ဗားမြစ်နှင့်လည်း ဆက်နွှယ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆရ်ဗားမြစ်သည် ရေဖောင်ဖောင်စီးခဲ့ပြီး နောက်ပိုင်းတွင်ကား ရေမရှိတော့ သည့် မြစ်ကောတစ်ခု ဖြစ်သွားသည်။ ၂၀၁၁ ခုနှစ်အထိမူ ရံဖန်ရံခါ ရေစီးရှိခဲ့သေးသည်။
((ဒေသခံတို့ ပြောသော ဒဏ္ဍာရီများ)) မက်ရှား အော်သံတောကြီး၏ ခြောက်ခြားဖွယ်အသံကြီးများနှင့် ပတ်သက်ပြီး ယုံတမ်းစကားများ၊ အယူအဆများ များစွာရှိနေသည်။ အယူအဆတစ်ခုမှာ ထိုအသံကြီးများမှာ လေတိုးသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ လေက သစ်ပင်များ၊ သစ်ရွက်များကို ဖြတ်သန်းတိုက်ခတ်ချိန်တွင် သမားရိုးကျမဟုတ်သော လေချွန်သံ၊ အော်သံများ ထွက်လာခြင်းဖြစ်နိုင်သည်ဟု အချို့က ယူဆသည်။ သို့သော် လေမတိုက်သောအခါများတွင်လည်း ညအချိန်များ၌ တောနက်ကြီးအတွင်း ထူးဆန်းသော အသံကြီးများ ကြားနေရခြင်းကြောင့် ထိုအယူအဆမှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာသည်။ ထို့အပြင် ဆရ်ဗားမြစ်ကြီး ပြန်လည်ပေါ်ပေါက်မလာမီ ၂၀၁၁ ခုနှစ်မတိုင်မီက အဘယ်ကြောင့် ဆန်းကြယ်သော အသံကြီးများ မကြားခဲ့သနည်း။ အခြားအယူအဆတစ်ခုမှာ မက်ရှားတောအုပ်သို့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျိုင်းကောင်များ အုပ်စုဖွဲ့ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထိုကာလမှာ ဆရ်ဗားမြစ်ကြီး ပြန်လည်ပေါ်ပေါက်လာချိန်လည်း ဖြစ်သည်။ ဆန်းကြယ်သော အသံကြီးများမှာ ကျိုင်းကောင်များကြောင့် ဖြစ်ကြောင်း အချို့က ယူဆကြသည်။ သို့သော် အဆိုပါအယူအဆကို မခိုင်လုံစေသည့်အချက်လည်းရှိနေသည်။ အကယ်၍ ကျိုင်းကောင်များရောက်လာသည်ဆိုပါက သီးနှံများ ပျက်စီးသည့် လက္ခဏာ ဧကန်တွေ့ရမည်ဖြစ်သော်လည်း မက်ရှားတောအုပ်အတွင်း ထိုသို့သော အရိပ်လက္ခဏာမျိုး မတွေ့ရချေ။ ဒေသခံတို့၏ ယုံကြည်ထားသည်မှာ သဘာဝလွန်စွမ်းအားတို့ကြောင့် တောခြောက်ခြင်းဖြစ်ကြောင်း ပြောကြသည်။ ညအခါများတွင် မက်ရှားတောအုပ်ကြီးအတွင်း မိစ္ဆာများ လှည့်လည်သွားလာနေကြကာ ဆန်းကြယ်သည့်အသံကြီးများ ပေးကြခြင်းဖြစ်ကြောင်း ယူဆကြသည်။ အခြားဒဏ္ဍာရီတစ်ခုတွင်မူ ရှေးနှစ်ပေါင်းများစွာက ဤတောအုပ်ကြီးအတွင်း အမျိုးသမီးတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း၊ ၎င်း၏ ဝိဉာဉ်မှာ မကျွတ်မလွတ်ဘဲ တောအုပ်အတွင်း လှည့်လည်သွားလာနေပြီး မိမိအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရန် အော်ဟစ်တောင်းဆိုနေခြင်း ဖြစ်ကြောင်း ဒဏ္ဍာရီဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com Ref: Mashhad Screaming Forest | Iran's Scariest Natural Wonder