Philadelphia ၊ Forrest Gump ဇာတ်ကားတို့ဖြင့် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆုများ ရရှိခဲ့သူ ဟောလိဝုဒ် သရုပ်ဆောင် တွမ်ဟင့်ခ်နှင့် ဇနီးဖြစ်သူ ရီတာ ဝီလ်ဆင်တို့သည် လော့စ်အိန်ဂျလိဆင်ခြေဖုံး၊ Pacific Palisades တွင် တည်ရှိသည့် ကပ်လျက်နေအိမ် ၂ လုံးကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၁၉၉၃ ခုနှစ်တွင် ဥပဒေလောကအတွင်း ခွဲခြားဆက်ဆံခံရမှုများကို တိုက်ဖျက်သည့် ဇာတ်ကား Philadelphia ၌ အေအိုင်ဒီအက်စ် ရောဂါခံစားနေရသော မိန်းမလျာရှေ့နေတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
တွမ်ဟင့်ခ်သည် အဆိုပါဇာတ်ကားဖြင့် ပထမဆုံးအော်စကာဆုရခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် Forrest Gump ဇာတ်ကားဖြင့်လည်း အကောင်းဆုံးသရုပ်ဆောင်ဆု ထပ်မံရရှိခဲ့ရာ ၂ နှစ်ဆက်တိုက် အော်စကာဆု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ဇနီးမောင်နှံ ၂ ဦးလုံးမှာ ယခုအခါ အသက် ၆၀ ရှိကြပြီဖြစ်ပြီး ဝယ်ယူသွားသူမှာ ဆန်ဖရန်စစ္စကိုမှ ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု ဆိုသည်။
ရောင်းချလိုက်သည့် ခြံဝန်း ၂ ခုအနက် တစ်ခုတွင် အင်္ဂလိပ်ကျေးလက်ဗိသုကာဟန် အဆောက်အအုံတစ်လုံးပါဝင်ပြီး ကပ်လျက်ခြံဝန်းတွင်မူ ၁၉၃၀ ပြည့်လွန် စပိန်ဗိသုကာဟန် နေအိမ်တစ်လုံးပါဝင်သည်။နေအိမ် ၂ လုံးအနက် တစ်လုံးမှာ ပိုမိုကြီးမားပြီး ၇၂၆၀ စတုရန်းပေကျယ်ဝန်းကာ အဆိုပါနေအိမ်တွင် အိပ်ခန်း ၇ ခန်း၊ ဖျော်ဖြေရေးနေရာ၊ ရုပ်ရှင်ရုံခန်း၊ ဘိလိယက်ခန်းမ၊ အရက်ဘားနှင့် သီးသန့် ပန်းဥယျာဉ်များ ပါဝင်သည်။
အဆိုပါနေအိမ်တွင် ကလေးကစားရန် နေရာအများအပြားလည်း ပါဝင်ပြီး တတိယထပ်တွင် ကလေးကစားကွင်းနှင့် ခြံနောက်ဘက်တွင် ရေကူးကန်တစ်ခုတို့ ပါဝင်သည်။
ကျန်နေအိမ်တစ်လုံးမှာ စတုရန်းပေ ၄၀၀၀ နီးပါးအကျယ်အဝန်းရှိပြီး ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းဖြင့် ဈေးဖြတ်ရောင်းချခဲ့ခြင်း ဖြစ်သည်။
ယင်းနေအိမ်တွင် အိပ်ခန်း ၄ ခန်းပါဝင်ပြီး ခြံနောက်ဘက်တွင် ရေတံခွန်တစ်ခု တည်ရှိသည်။
တွမ်ဟင့်ခ်သည် နေအိမ်အကြီးကို ၂၀၀၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နောင် ၄ နှစ်အကြာ ၂၀၀၇ ခုနှစ်တွင် ကပ်လျက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)