ရန်ကုန်မြို့မှာ နေစရာထိုင်စရာလိုအပ်ချက် တစ်နေ့ထက်တစ်နေ့ ပိုပိုလာတာ ဘယ်သူမဆိုသိနိုင်တဲ့အချက် တစ်ခုဖြစ်နေပါပြီ။ အထူးသဖြင့် ခုလို ၀ါကျွတ်ကာလရောက်ပြီဆိုရင် နှစ်ဦးပေါင်းတစ်ဘ၀တည်ထောင်ကြမယ့် အိမ်ထောင်ရှင်လောင်းလျာတွေ ဟိုနေရာသည်နေရာက အလျှိုအလျှိုပေါ်ထွက်လာကြတာ မိုးဦးကျမျှစ်စို့တွေ အလားပါပဲ။ သူတို့တွေ အိမ်ရာထူထောင်တဲ့အခါ ဟိုတုန်းကလို မိဘအိမ်ဝိုင်းထဲမှာ အိမ်ကလေးတစ်လုံး ဆောက်ပြီး ၀ိုင်းလုပ်ဝိုင်းစား စုစုစည်းစည်းနေလို့ရတဲ့ခေတ်မဟုတ်တော့။ သမီးယောက္ခမ၊ ချွေးမ ယောက်မ၊ ယောက်ဖ၊ ခယ်မ၊ မရီး အစရှိတဲ့ မတော်ချင်ဘဲနေလို့မရတဲ့ ဆွေမျိုးစပ်ဝေါဟာရတွေက တစ်မိသားနဲ့တစ်မိသား ပေါင်းဖက်ကြတဲ့အခါ လောကသတ်မှတ်ချက်တစ်ရပ်အနေနဲ့ တိုးပွားစည်ပင်လာကြ။
ဒါပေမဲ့ အဲဒီအခေါ်အဝေါ်တွေအရ မတော်ချင်လို့မရပေမယ့် မခေါ်ချင်ဘဲခေါ်လို့တော့ မဖြစ်နိုင်တဲ့အခါ၊ နောက် တစ်ခုက အိမ်ထောင်ကျသွားတဲ့ သား၊ သို့မဟုတ် သမီးရဲ့ လက်တွဲဖော်နဲ့ ကိုယ့်အိမ်က ရှိရင်းစွဲ သားပျိုသမီးပျို တို့ အတူတွဲနေထိုင်ဖို့ဆိုတာ ကျွန်တော်တို့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေအတွက် တော်တော်လေးအမြင်မတင့် တယ်တာမို့လို့ များသောအားဖြင့်တော့ အိမ်ခွဲနေထိုင်လေ့ရှိကြပါတယ်။ နှစ်ဖက်ပေါင်းသင်းဆက်ဆံရေးလည်း အဖုအထစ်မထင်၊ ကိုယ်ချင်းကိုယ်ချင်း လင်ကိုယ်မယားနှစ်ယောက်လည်း လွတ်လွတ်လပ်လပ်နဲ့ အချစ်အိမ် လေး တည်ဆောက်နိုင်ကြ၊ ဟန်ကိုကျလို့ပေါ့။
အဲ … ဟန်မကျတာက အိမ်လခ။ ခုလို လင်ရောမယားရောနှစ်ယောက်စလုံး ရှာနိုင်ဖွေနိုင် လုပ်နိုင်ကိုင်နိုင်ပါမှ တန်ကာကျတဲ့ ခေတ်ကြီးမျိုးမှာ ဘယ်လင်မယားအသစ်စက်စက်က ကိုယ်ပိုင်အိမ်ခန်း၊ ကိုယ်ပိုင်တိုက်ခန်းမျိုးနဲ့ ဘ၀စစချင်းနေဖို့ထိုင်ဖို့ဖြစ်နိုင်မှာမို့လဲ။ ဒီတော့ ကိုယ်ပိုင်မဖြစ်နိုင်သေးတဲ့အတူတူ တိုက်ခန်းတစ်ခန်းလောက် တော့ ငှားရမ်းနေကြဦးမှ။ ငှားပြီဆိုကတည်းက ပေးရတော့မယ်။ လက်ထဲရှိတာလေး ခြစ်ခြုတ်ကုတ်ကတ်ပြီး ဆွဲထုတ်။ ခြောက်လစာလောက် ရရင်ကိုပဲ တော်လှပြီလို့ပြောရတော့မယ့်အနေအထား။ ကျန်တာက နောက်မှ ယောက်ယား။ ဒီလိုနဲ့ ကိုယ့်ဘ၀ကိုယ်ကျားကန် အားမာန်တွေအပြည့်နဲ့ အံခဲပြီးရုန်းကန်လာကြတဲ့ လင်ကိုယ် မယား ဇနီးမောင်နှံတွေ ရန်ကုန်မှာလက်ညှိုးထိုးမလွဲပါဗျား။
ပထမခြောက်လ … ချစ်စခင်စ ကြင်နာစမှာ တစ်ယောက်နဲ့တစ်ယောက်ကလည်း မျက်စိအောက်ကအပျောက် မခံနိုင်သေး၊ တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ရွှေဘုံပေါ်မှာစံရ ချစ်တာချစ်တာ ပဓာန ဆိုတဲ့သီချင်းလေးအတိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းနဲ့ ချစ်စကားလေးတွေတတွတ်တွတ်ပြောကာ ပြုံးရယ်ရွှင်ပျ ကြည်နူး ခဲ့ကြပေါ့။ နောက် သုံးလလောက်ကြာတော့ ကိုယ် ဒီအိမ်မှာနေနေရတဲ့သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့အခါ ဒီအိမ်ကိုပဲ ပြန်ငှားရမလား၊ နောက်တစ်အိမ် ရှာဦးမလား အဲဒီကစလို့ လင်ကိုယ်မယားအိပ်မက်တွေ ကျဲတိကျဲ တောက် ဖြစ်လာတော့တာပဲ။ ချစ်ခွန်းချိုခ ချိုမြမြသံစဉ်လေးတွေ သီဖွဲ့နေကျ နှုတ်ခမ်းသားတွေကနေ တိုက်ခန်း ဈေး၊ ပွဲစားဈေး၊ အကွက်အကွင်း၊ ဈေးနားနီးနီး၊ မှတ်တိုင်နီး … စတဲ့ လူမှုဘ၀ရဲ့ လက်တွေ့သံစဉ်တွေက ၀င်ပြီး နေရာယူလာခဲ့။
ဒီတိုက်ခန်းက ဆင်းရင် နောက်တိုက်ခန်းတစ်ခု အသင့်ရှိမှဖြစ်မှာ။ ဒီတော့ ခြောက်လမပြည့်ခင် လေးလနဲ့တစ် ၀က်လောက်ကတည်းက ကိုယ့်အလုပ်၊ သူ့အလုပ်နဲ့ အဆင်သင့်ရာ ရပ်ကွက်ကို မျက်စောင်းထိုးထားရ။ ဈေးတွေစုံစမ်းထားရ။ ခြောက်လလုံးလုံး ကိုယ်နဲ့သူနဲ့ ရတဲ့ ၀င်ငွေကလည်း ကိုယ်တို့နှစ်ယောက်တည်းသုံးဖို့ အပြည့်အ၀မဟုတ်၊ အိမ်ရှင်ကိုပေးဖို့၊ ပွဲစားကိုပေးဖို့ ဦးဖယ်ထားရသေး။
အဲဒီလိုအနေအထားမျိုးတွေနဲ့ မျက်ကလူးဆန်ပျာဖြစ်နေရတဲ့ လင်မယားစုံတွဲတွေအဖို့ ခေတ်အခြေအနေက ပြဋ္ဌာန်းပေးလိုက်တာက လင်ကိုယ်မယားအဆောင်တဲ့။ တစ်ယောက်ချင်းလည်း မငှားဘူး။ အုပ်စုလိုက်လည်း မငှားဘူး။ လင်မယားနှစ်ယောက်တည်းမှ ငှားတာတဲ့။ လင်မယားတောင် တကယ့်လင်မယားမှ လင်မယားစစ် စစ်တွေ ဖြစ်ကိုဖြစ်ရမယ်။ ကလေးတွဲလောင်းမပြောနဲ့ ဗိုက်ထဲမှာပါလို့တောင်မရ။ အဲဒီလို လင်မယားအဆောင်တွေ ရန်ကုန်မှာ နှစ်နှစ်သုံးနှစ်လောက်အတောအတွင်း အပြိုင်းအရိုင်းပေါ်ပေါက်လာကြ။
လင်ကိုယ်မယားနှစ်ယောက် နေရမယ့်အခန်းက ဆယ်ပေပတ်လည်လောက် အခန်းကျဉ်းလေး။ ဒီလိုအခန်း ကျဉ်းလေးတွေ ဖွဲ့ထားတဲ့ အခန်းကျယ်ကြီးတစ်ခုလုံးကတော့ အဆောင်ပင်မအဆောက်အအုံပေါ့။ အခန်းထဲမှာ ချက်ပြုတ်မစားရ။ ချက်စရာပြုတ်စရာ အလုပ်တွေ အပြင်မှာအကုန်လက်စသတ်ခဲ့။ ရေချိုးခန်း၊ အိမ်သာ ဘုံစနစ် နဲ့ အများသုံး။ တစ်ခန်းကိုနှစ်ယောက် ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့်စီမံကိန်းနဲ့ကိုယ်၊ ကိုယ့်အာရုံနဲ့ကိုယ်၊ ကိုယ့် အလုပ်နဲ့ကိုယ်။ တစ်ခန်း တစ်တွဲကို တစ်လ သုံးသောင်း။
လွတ်လပ်ခွင့်တော့ ဆုံးရှုံးသပေါ့။ ကိုယ်နေချင်သလိုနေလို့မရတာတော့ ရှိသပေါ့။ သူများအရိပ်အကဲကိုကြည့်ပြီး သူများတွေနဲ့ သဟဇာတဖြစ်အောင် နေရထိုင်၇တာတော့ ရှိသပေါ့။ ဒါပေမဲ့လည်း ကုန်ကျစရိတ်က အခန်းတစ် ခန်း ငှားခရဲ့ လေးပုံတစ်ပုံလောက်ပဲရှိတာ၊ ပြီးတော့ ကိုယ်တွေက တစ်နေ့တစ်နေ့ လုပ်ငန်းခွင်ထဲမှာပဲအချိန် ကုန်။ မိုးလင်း ထသွား၊ မိုးချုပ်မှပြန်ရောက်၊ ရောက်ပြီး ခဏတစ်ဖြုတ်နား၊ နားပြီး အိပ်၊ မိုးလင်းတာနဲ့ အလုပ်ကို သွား … ဒီသံသရာနဲ့နေသားကျနေတဲ့အခါ ဒီလိုအခန်းလေးတစ်ခန်းကို တစ်လသုံးသောင်းလောက်ပေးပြိးနေရ တာကပဲ တန်နေသလိုလို။ စနေ၊ တနင်္ဂနွေလို နားရက်မျိုး ကိုယ့်အိမ်မှာလိုတော့ ကိုယ်စားချင်တာလေး လုပ်စား တာမျိုး လုပ်လို့မရပေမယ့် လင်မယားနှစ်ယောက် လျှောက်လည်ချင်လည်းလည်၊ အခန်းထဲမှာပဲ စာအုပ်ဖတ်၊ ဖုန်းပွတ်နဲ့ အပန်းဖြေအနားယူကြ။ အဲ … ကိုယ်ဝန်ရှိလာလို့ကတော့ အဲဒီအခန်းက ဖယ်ပေးရဖို့သာပြင်။
ခေတ်ရဲ့လိုအပ်ချက်အရ နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲဆန်းသစ်လာကြပါတယ်။ ခုလည်း နေစရာလိုအပ် ချက် မြင့်မားလာတဲ့ ကြင်စဦးမင်္ဂလာမောင်နှံတွေအတွက် ကိုယ်ပိုင်အိမ်ခန်း၊ တိုက်ခန်း ၀ယ်ယူငှားရမ်း မနေထိုင်နိုင်မီစပ်ကြား ငှက်သိုက်နဲ့တူတဲ့ ကြင်စဦးတို့အတွက် လူနေခန်းလေးတွေက ခုဝါကျွတ်အမီ နှစ်ဦးပေါင်း တစ်ဘ၀ထူထောင်ကြမယ့် မင်္ဂလာမောင်နှံတို့ကို ကြိုဆိုမျှော်လင့်နေကြကြောင်းပါ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com