လူတိုင်းမှာ အတိတ်ကာလမှာ ထုဆစ်ပုံဖော်ခဲ့တဲ့ ကိုယ်ပိုင်သမိုင်းကြောင်း ရှိသလို၊ နိုင်ငံတိုင်း
မှာလည်း ကိုလိုနီအချိန်တွေ လွတ်မြောက်လို့ လက်ရှိ ပွင့်လင်းလာတဲ့ အချိန်ထိရောက်လာအောင်
ကျော်ဖြတ်ခဲ့ရတဲ့ အချိန်တွေ၊ ရင်းနှီးခဲ့ရတဲ့ ချွေးသွေးတွေနဲ့ ပေးဆပ်ခဲ့ရတဲ့ မရေမတွက်နိုင်တဲ့
အသက်ပေါင်းများစွာတွေ ထုနဲ့ဒေးရှိတယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။
သက်ရှိဖြစ်တဲ့ အတိတ်ကလူနဲ့ ပစ္စုပ္ပန်လူတွေရဲ့ အခြေအနေတွေ မတူနိုင်မှတော့ သက်မဲ့ဖြစ်တဲ့
အရာဝတ္ထုပစ္စည်းတွေဆိုတာလည်း ဒီနေ့နဲ့ မနေ့ကအခြေအနေတွေက ပြောင်းလဲနေမှာ
သဘာဝတရားပါပဲ။
ပြောင်းလဲမှုတွေထဲမှာ ဗဟန်းမြို့နယ်၊ ကုက္ကိုင်းလမ်းက ခြံအမှတ်(၈) မှာရှိတဲ့ ခြံကျယ်ကြီးထဲက
ကြီးမားတဲ့ဆင်ဝင်ကြီးနဲ့ နှစ်ထပ်အုတ်ခံ တိုက်အိမ်ကြီးလည်း ပါဝင်ပါတယ်။
ဒီအိမ်ကြီးဟာ တစ်ချိန်က တောက်ပ ကြည့်ကောင်းလှတဲ့ အိမ်ကြီးရခိုင်ဖြစ်ခဲ့ပေမယ့် ဂရုတစိုက်
ထိန်းသိမ်းမယ့် လူ မရှိခဲ့တာကြောင့် ဆေးရောင်တွေ ပျက်ပြယ်ယိုယွင်းနေပြီး အိမ်အိုကြီး
သွင်ပြင်နဲ့ နှစ်ပေါင်းများစွာ နေခဲ့ရပါတယ်။
ချမ်းသာကြွယ်ဝတဲ့ မြန်မာ - တရုတ်ကပြား ဇနီးမောင်နှံဟာ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ
ဇိမ်ခံအိမ်ကြီးအိမ်ကောင်း တစ်လုံးကို ခြံကျယ်ကြီးထဲမှာ တခမ်းတနား ဆောက်လုပ်
နေထိုင်ခဲ့ကြရာက အိမ်ကြီးရဲ့ သမိုင်းကြောင်းဟာ ခမ်းနားထည်ဝါမှုတွေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အိမ်ကြီးရဲ့ အရှင်သခင်တွေဟာလည်း နိုင်ငံနဲ့ အ၀န်းခံစားခဲ့ရတဲ့ စစ်ဘေးဒဏ်ကနေ
မလွတ်မြောက်ခဲ့ပါဘူး။
၁၉၄၀ ပြည့်နှစ်ဝန်းကျင်မှာ ဖက်ဆစ်ဂျပန်တွေကို ဗြိတိသျှတွေ အကူအညီနဲ့
တိုက်ထုတ်နိုင်ခဲ့ချိန်မှာ ပိုင်ရှင်တွေဟာ အိမ်ကြီးကို စွန့်ပစ်ခဲ့ကြပါတယ်။
၁၉၄၅ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိကတော့ အိမ်အိုကြီးရဲ့ သမိုင်းကြောင်းဟာ မြန်မာနိုင်ငံ
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနု(၀န်ကြီးချုပ်ဟောင်း)တို့ ခေါင်းဆောင်ခဲ့တဲ့
ဖဆပလအဖွဲ့ချုပ်ရုံးကြီး အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
ဒီအိမ်ကြီးဟာ နိုင်ငံလွတ်လပ်ရေး မရမီနဲ့ ရပြီး ကာလတွေအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး
ကံကြမ္မာတွေ၊ အဖွဲ့ချုပ်တွင်းက ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။
၁၉၆၂ မှာတော့ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပိုက်လို့ ဖဆပလပါတီနဲ့အတူ အိမ်ကြီးကိုလည်း
ပိတ်သိမ်းပစ်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အချိန်တွေမှာ ရန်ကုန်ပန်းချီ၊ ပန်းပုကျောင်းအဖြစ်
အသုံးပြုခဲ့တာကြောင့် အိမ်အိုကြီးလည်း အဲဒီအချိန်ကစလို့ ပြန်လည်အသက်ဝင်ခဲ့ပါတော့တယ်။
ဒါဟာ အိမ်အိုကြီးအတွက် အဆုံးသတ်တော့ မဟုတ်ခဲ့ပါဘူး။
၁၉၉၀ ၀န်းကျင်မှာ ရန်ကုန်အနုပညာတက္ကသိုလ်ကို တောင်ဒဂုံမြို့နယ်ဆီ ပြောင်းရွှေ့
ဖွင့်လှစ်လိုက်တာကြောင့် အိမ်အိုကြီးမှာ အရှင်သခင် ထပ်မဲ့ရပြန်ပါပြီ။
အိမ်ကြီးဟာ အစိုးရလက်အောက်မှာပဲ ထိန်းသိမ်းမှု အားနည်းစွာနဲ့ တစ်လျှောက်လုံးရှိနေခဲ့ပြီး
ပန်းချီပြပွဲကျင်းပလိုသူတွေ ငှားရမ်းအသုံးပြုကြရာက ခုတော့ ပိုင်ရှင်အသစ်ရသွားခဲ့ပါပြီ။
၂၀၁၅၊ခုနှစ်၊ မတ် ၁ ရက်နေ့က စတင်ပြီး ဒီအိမ်အိုကြီးကို ဂျာမန်ယဉ်ကျေးမှုဌာန
(Goethe Institut) အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့တာကြောင့် အိမ်ကြီးရဲ့ သမိုင်းကြောင်းကို
ဆက်လက်ရေးမယ့်သူတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကလည်း
စိတ်ဝင်စားစရာတစ်ခု ဖြစ်လို့လာပါတယ်။
ဒီလို နိုင်ငံတွင်းမှာ ဂျာမန်ယဉ်ကျေးမှုဌာန ပြန်ဖွင့်ဖို့အတွက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က
နိုင်ငံတော်သမ္မတကြီးနဲ့ ဂျာမနီနိုင်ငံ သမ္မတတို့ဟာ ဆွေးနွေးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
ဂျာမနီနဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှု ၀န်ကြီးဌာနတို့ကလည်း ဆွေးနွေးမှု အကောင်အထည်
ပေါ်လာဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက်ပိုင်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးဖြစ်တဲ့
ဦးအေးမြင့်ကြူက ဒီပန်းချီပန်းပုကျောင်းနေရာဟောင်း အိမ်အိုကြီးမှာ ဂျာမန်ယဉ်ကျေးမှုဌာနကို
ဖွင့်လှစ်ဖို့ ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။
ဂျာမန်ယဉ်ကျေးမှုဌာန ဆိုတာကလည်း ဗြိတိသျှသံရုံးလို၊ ပြင်သစ် ယဉ်ကျေးမှုဌာနလို
မြန်မာပြည်မှာ ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပါတယ်။
အတိအကျပြောရရင် ၁၉၅၉ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိဖြစ်ပြီးတော့ နောက်ပိုင်းမှာ
ဗိုလ်ချုပ်နေ၀င်းရဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေ အားလုံးကို ပိတ်ပင်တဲ့ပေါ်လစီကြောင့် တစ်ခန်းရပ်ခဲ့
ရပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ စမ်းချောင်း၊ ပြည်လမ်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာက ခုတော့ နေရာသစ်ဆီ
ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
"ဒီလို သမိုင်းဝင်တဲ့ အိမ်ကြီးမှာ ဖွင့်ဖို့ကမ်းလှမ်းခံရတာက ကျွန်တော့်အတွက် အင်မတန်မှ
ကြီးကျယ်တဲ့ အခွင့်အရေးပါ။ နောက်ပြီး ဂုဏ်ပြုခံရတယ်လို့လည်း ယူဆပါတယ်။ ဒါနဲ့အတူ
ဒီအိမ်ကြီးနဲ့ပတ်သက်လို့ လုပ်ဆောင်စရာတာဝန်တွေ ရှိလာပြီလို့လည်း ခံစားရတယ်။ ဒါပေမဲ့
ကျွန်တော်တို့အနေနဲ့ တရားဝင်ငှားရမ်းတယ်ဆိုတဲ့ စာချုပ်ကိုတော့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်
ကျမှ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။ နောက်ပိုင်းဆိုရင်တော့ ဒီအိမ်ကြီးမှာ
ကျွန်တော်တို့ ယဉ်ကျေးမှုဌာနကို ဖွင့်လှစ်ပြီး မြန်မာပြည်အပါအ၀င် အာရှတိုက်သားတွေ၊
အနောက်တိုင်း ဥရောပသားတွေ၊ ဂျာမနီကသူတွေအားလုံး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မတူတဲ့
ယဉ်ကျေးမှုတွေ ဖန်တီးလုပ်ဆောင်နိုင်တော့မှာပါ"လို့ Goethe Institut မှ ဒါရိုက်တာ
မစ္စတာဖရန့်စ်ဆာဗာအောင်ဂုစ်တီးန်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဒီအိမ်ကြီးကို နှစ်ပေါင်း ၃၀ ငှားရမ်းဖို့ အစိုးရနဲ့ သဘောတူညီရရှိထားပြီး ၁၅ နှစ်တစ်ကြိမ်
စာချုပ်ချုပ်ဆိုရမှာဖြစ်သလို မတူညီတဲ့ ၀န်ကြီးဌာန တွေဖြစ်တဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊
စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ သာသနာရေးဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတွေထံမှလည်း
သဘောတူညီချက်တွေကို အဆင့်ဆင့်ရယူခဲ့ရတယ်လို့ မစ္စတာဖရန့်စ်က ဆိုပါတယ်။
သဘောတူလက်မှတ် ရေးထိုးပြီးတဲ့နောက် Goethe Institut ရဲ့ ပထမဆုံးအနုပညာလှုပ်ရှားမှု
အဖြစ် "Building Histories" လို့အမည်ပေးထားပြီး အနုပညာရှင် ကိုးဦးပါဝင်တဲ့ အနုပညာ
တင်ဆက်ပွဲတစ်ခုကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ပြသနေပြီဖြစ်ပါတယ်။
ဒါကြောင့် အိမ်အိုကြီးကိုတော့ ခုဆိုရင် ဂျာမန်ယဉ်ကျေးမှုဌာနလို့ ပြောင်းလဲခေါ်တွင်ရတော့မှာပဲ
ဖြစ်ပါတယ်။
Credit: mmtimes