ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ယခုဘဏ္ဍာနှစ်အတွင်း ဆေးဂိုဒေါင်အသစ်တည်ဆောက်ခြင်းအပါအ၀င် စာသင်ခန်းမအကြီးစားပြုပြင်မွမ်းမံခြင်းများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် လုပ်ငန်းကြီးကိုးခုကို ပြည်တွင်းရှိ တင်ဒါကုမ္ပဏီကိုးခုဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများအနက် ဆေးကုသဆောင်များအား အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ၊ OT Complex, Imaging Complex ပါဝင်သော တိုးချဲ့ငါးထပ်ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ဆေးရုံကြီးပင်မဆောင်ဝင်းအတွင်း ကားပါကင်၊ မြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများ စသည်တို့ပါဝင်ကြောင်းလည်း သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အစိုးရမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် ကျပ်သန်းပေါင်း ၄ ဒသမ ၅ ဘီလျံ ထပ်မံအသုံးပြုသွားရန်သတ်မှတ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၅ ဘီလျံ အသုံးပြုခွင့်ပေးခဲ့ကြောင်းနှင့် ဆေးရုံကြီးပင်မဆောင်အား အခြမ်းလိုက်ပြုပြင်မည်ဖြစ်ပြီး ပင်မဆောင်တစ်ခုလုံးပြုပြင်စရိတ်မှာ ကျပ်သန်းပေါင်း နှစ်ထောင်ကျော်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် ဆေးရုံကြီးပင်မဆောင်အား ရှေးမူမပျက်ပြုပြင်မည်ဖြစ်ပြီး ဆေးရုံကြီးတိုးချဲ့ဆောင်များသို့ လူနာများအားလုံး ပြောင်းရွှေ့ပြီးပါက ပင်မဆောင်နောက်ဘက်ခြမ်းကို စတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် အခြမ်းလိုက်ပြုပြင်ခြင်းသည် အလွှာလိုက်ပြုပြင်ခြင်းထက် အသံ၊ အမှုန်၊ လူရှုပ်ထွေးမှု စသည့်ဘေးထွက်ဆိုးကျိုးများ လျော့နည်းစေကြောင်းလည်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၇၂ ခုနှစ်တွင် ယခုဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်မြေကွက်တွင် ကျွန်းသားဖြင့် အဆောက်အအုံဆောက်လုပ်ပြီး ၁၈၇၃ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၀၅ ခုနှစ် မေ ၆ ရက်တွင် ပင်မဆောင်ကို လက်ရှိနေရာတွင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မြေညီထပ်အပါအ၀င် လေးထပ်အဆောက်အအုံဖြစ်ပြီး ခုတင် ၃၄၂ လုံးဆံ့ ဆေးရုံကြီးအဖြစ် ရူပီးငွေ သိန်း ၄၀ ကျော် ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီးတွင် ၅၄၆ ခုတင်ဆံ့အဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ဆေးရုံအဖြစ် အထူးဆေးကုသဆောင်များကို ဆောက်လုပ်ကာ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် ခုတင် ၁၃၅၀ သာ အသုံးပြုလျက်ရှိပြီး ဆေးရုံကြီးတွင် အထူးပြုဘာသာရပ်ဆိုင်ရာဌာန ၂၇ ခု၊ အရေးပေါ်လူနာလက်ခံဌာန ခုနစ်ခုရှိကြောင်း သိရသည်။
Credit :Yangon News