ရန်ကုန်မြို့တွင်းရှိ ကန်ထရိုက်တိုက်အချို့တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် တိုက်ဘေးနံရံမှ ရေယိုခြင်းများ ရှိနေကြောင်း သိရသည်။
”မိုးက ခုမှ တစ်ရက်၊ နှစ်ရက် ရွာသေးတာ။ တိုက်ဘေးနံရံကနေရေတံခွန်လို ကျနေတယ်။ မိုးရေယိုရ အောင်လည်း ခေါင်မိုးနဲ့ အဝေးကြီး။ တိုက်ပေါ်နေပြီး ရေနစ်သလိုဖြစ်နေတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ မသူဇာက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပမြို့နယ်များတွင် ၂ဝ၁ဝ ပြည့်နှစ်ခန့်မှ စတင်ကာ ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းများ ခေတ်စားလာကြောင်း သိရသည်။ ကန်ထရိုက်တိုက်တစ်လုံး ကိုရှစ်လအတွင်း အပြီးဆောက်လုပ်ခြင်း များလာကြောင်းလည်း သိရသည်။
”ဘယ်လိုဆောက်သလဲတော့ မသိဘူး။ ဆောက်တာ အရမ်းမြန်တယ်။ ခိုင်မှ ခိုင်ပါ့မလားတောင် တွေးမိတယ်” ဟု တောင်ဥက္ကလာပမြို့နယ်၌နေသည့် မဌေးဌေးက ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည်မှာ တိုက်ဘေးနံရံများမှ မိုးရွာသည့်အခါ ရေစိမ့်ယိုခြင်းဖြစ်ပြီး ယင်းရေစိမ့် ခြင်းမှာ ကန်ထရိုက်တိုက် အားလုံးနီးပါး၌ ကြုံတွေ့နေရကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။
”ရေယိုတဲ့ပြဿနာရဲ့ အဓိကက ပန်းရန်သမားတွေပါ။ သူတို့အုတ်စီတဲ့နေရာမှာ ဟသွားရင်ရေယိုတတ် တယ်။ အန္တရယ်တော့ မရှိပါဘူး။ ပြန်ဖာလို့လည်း ရပါတယ်” ဟု Nice Capital ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးစိုးဝင်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်အတွင်း လိုင်စင်မဲ့ ကန်ထရိုက်တာများ ပိုမိုများနေကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကန်ထရိုက်တာများကို တရားဝင်လိုင်စင်ဖြင့် ဆောက်လုပ်ခွင့်ပေးထားပြီး BLacklist စာရင်းသွင်းထားသည့် ကန်ထရိုက်တာများလည်း ရှိကြောင်း သိရသည်။
”စည်းကမ်းမလိုက်နာတဲ့သူတွေကိုတော့ အရေးယူတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ကန်ထရိုက် ၂ဝ ကျော် Blacklist လုပ်ခဲ့တယ်။ သင်္ဃန်းကျွန်းမြို့နယ်ဘက်မှာ ပြန်ဖြိုခဲ့တာတွေလည်း ရှိတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်မြေယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Credit: The Trade Times