ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
လေ့လာခဲ့သည့် သိပ္ပံပညာရှင်များ = W Elaine Hardman, Donald A Primerano, Mary T Legenza, James Morgan, Jun Fan, James Denvir
အင်စတီကျူးရှင်း = Joan C. Edwards School of Medicine, Marshall University, Department of Biomedical Sciences, 1600 Medical Center Dr, Huntington, WV 25701, USA
PMID: 30979659
ကင်ဆာတွင် အစာအာဟာရသည် အလွန်အရေးပါသည့် အခန်းကဏ္ဍကြီးတစ်ခု ဖြစ်သည်။
အချို့သော အစားအစာတို့မှာ ကင်ဆာဖြစ်နိုင်ချေ မြင့်တက်စေပြီး အချို့မှာ ကင်ဆာဖြစ်နိုင်ချေကို ကျဆင်းစေသည်။
အမေရိကန်သိပ္ပံပညာရှင်တို့သည် ရင်သားကင်ဆာရောဂါ ခံစားနေရသော အမျိုးသမီးတို့ကို တစ်ရက်လျှင် သစ်ကြားသီး ၂ အောင်စ ( ၁ ဒသမ ၂ ကျပ်သား) နှုန်းဖြင့် ရက်သတ္တ ၂ ပတ်ကြာ စားစေကာ စမ်းသပ်ခဲ့ရာ ကင်ဆာဆဲလ်များ သေဆုံးသည်ကို တွေ့ရသည့်အပြင် အကျိတ်ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။
သစ်ကြားသီး ပုံမှန်စားစေသောအုပ်စုနှင့် မစားသောအုပ်စုတို့ကို လေ့လာခဲ့ရာ အမြဲစားသုံးသောအုပ်စုတွင် ကင်ဆာဆဲလ်သေဆုံးမှု (apoptosis) ဖြစ်စေသော genes လှုပ်ရှားမှုများ မြင့်တက်လာသည်ကို တွေ့ရပြီး ဆဲလ်ပျံ့ပွားမှု၊ နေရာရွှေ့ပြောင်းမှုတို့ဖြစ်စေသော genes လှုပ်ရှားမှု ကျဆင်းသွားသည်ကို တွေ့ရသည်။
ယခုတွေ့ရှိချက်ကို အတည်ပြုနိုင်ရေးအတွက် လေ့လာမှုများ ပိုမိုပြုလုပ်ရန် လိုအပ်သေးသော်လည်း သစ်ကြားသီး ပုံမှန်စားသုံးမှုမှာ ရင်သားကင်ဆာဝေဒနာရှင်များအတွက် အကျိုးရှိစေကြောင်း ကောက်ချက်ဆွဲနိုင်ခဲ့သည်။
((လေ့လာမှု အချက်အလက်များ))
● ပါဝင်စမ်းသပ်ခံခဲ့သူများ= အသားစနမူနာယူရန်နှင့် ခွဲစိတ်ရန် အနေအထားရှိသည့် ရင်သားအကျိတ်အဖုများ ရှိနေသော အမျိုးသမီးများ ပါဝင်ခဲ့သည်။
● စမ်းသပ်လေ့လာချက်= အသားစ နမူနာယူကာ စစ်ဆေးခဲ့ပြီးနောက် အမျိုးသမီးများကို အုပ်စု ၂ စု ခွဲလိုက်သည်။ အုပ်စုတစ်ခုကို သစ်ကြားသီး တစ်ရက်လျှင် ၂ အောင်စ ( ၁ ကျပ်သားခန့်) နေ့စဉ်စားစေသည်။ ခွဲစိတ်ကုသမှု ခံယူရမည့်အချိန်အထိ စားစေခြင်း ဖြစ်သည်။ ကျန်တစ်အုပ်စုကိုမူ သစ်ကြားသီး စားသုံးမှု မလုပ်ခိုင်းခဲ့။
● အချိန်ကာလ= သစ်ကြားသီး စားစေသည့်ကာလမှာ အသားစယူကာ စမ်းသပ်ချိန်မှသည် ခွဲစိတ်ကုသချိန်ကြား ရက်သတ္တ ၂ ပတ်ခန့် ဖြစ်သည်။
● တွေ့ရှိချက်= မျိုးဗီဇတို့ အပြောင်းအလဲဖြစ်သွားသည်ကို တွေ့ရသည်။ ခွဲစိတ်ပြီးနောက် အကျိတ် တစ်သျှူးကို လေ့လာကြည့်မှုအရ သစ်ကြားသီး စားသုံးခိုင်းထားသည့် အုပ်စုတွင် ကြီးမားသည့် မျိုးဗီဇ ပြောင်းလဲမှုများ ရှိနေသည်ကို တွေ့ခဲ့ရသည်။
● ကင်ဆာဆဲလ်များ သေဆုံးစေရန် အားပေးခြင်း= သစ်ကြားသီး စားသည့်အုပ်စုတွင် apoptosis ( ကင်ဆာဆဲလ် သေဆုံးမှု) ဖြစ်စေသည် မျိုးဗီဇ လမ်းကြောင်းများ အသက်ဝင်လာသည်ကို တွေ့ရသည်။
● ပျံ့ပွားမှု တားဆီးခြင်း= ထို့အပြင် ကင်ဆာဆဲလ်များ ပျံ့ပွားကြီးထွားမှုနှင့် နေရာရွှေ့ပြောင်းမှုတို့ကိုလည်း တားဆီးပေးကြောင်း တွေ့ရှိခဲ့သည်။
● သက်ရောက်မှု= သစ်ကြားသီး စားသုံးခြင်းကြောင့် အကျိတ်အတွင်း ကင်ဆာဆဲလ်များ ကြီးထွား ရှင်သန်ရန် မကောင်းသည့် အခြေအနေတစ်ခု ဖန်တီးပေးလိုက်သည်။
● အရေးကြီးသော သုံးသပ်ရမည့်အချက်များ= ယခုလေ့လာချက်မှာ ကနဦး အသေးစား လေ့လာချက်သာဖြစ်ရာ ယခုရလဒ်ကို အတည်ပြုနိုင်ရန် အကျယ်တဝင့် လေ့လာမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သေးသည်။
ယခုလေ့လာချက်မှာ ရင်သားကင်ဆာရောဂါခံစားနေရသော အမျိုးသမီးတို့တွင် လေ့လာခဲ့ခြင်းဖြစ်သည်။ ယခုတွေ့ရှိ လေ့လာချက်မှာ သစ်ကြားသီးသည် ကင်ဆာကို ကုသသည့် ဆေးအဖြစ် ဆိုလိုခြင်းမဟုတ်။ သမားရိုးကျ ဆေးကုသမှုများအပြင် သစ်ကြားသီးစားသုံးခြင်းဖြင့် ပိုမိုထိရောက်စေနိုင်ကြောင်း ရည်ညွှန်းခြင်း ဖြစ်သည်။
သစ်ကြားသီးကို ကျန်းမာလိုသူတိုင်း မိမိတို့အစားအသောက်များတွင် ထည့်သွင်း စားသုံးသင့်သည်။
သစ်ကြားသီးတွင် ကျန်းမာရေးအတွက် အကျိုးပြုသည့် အဆီနှင့် အာဟာရဓာတ်များ ပါဝင်သည်။
အနီရောင်အသား၊ ပြုပြင်ဖန်တီးထားသော အသားများ အခြေခံထုတ်လုပ်ထားသည့် ကျန်းမာရေးအတွက် အကျိုးမပြုသော မုန့်များနေရာတွင် အစားထိုး စားသုံးသင့်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dietary walnut altered gene expressions related to tumor growth, survival, and metastasis in breast cancer patients: a pilot clinical trial