ဗဟုသုတ | Posted by ဇာနည်ကျော်
မြေကွက်အရောင်းအဝယ်စာချုပ်တွင် အမျိုးသားအမည်ပေါက်ယုံဖြင့် မိန်းမဖြစ်သူပါ အကျိူးသက်ဆိုင်ခွင့် ရှိပါသလား... ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းအပါအဝင် အမေးအဖြေသုံးခုကို iMyanmarHouse မှ ဒီတစ်ပတ်မှာ ဖြေကြားပေးမှာဖြစ်ပါတယ်။
⚖️မေးခွန်း(၁) - မြေကွက်အရောင်းအဝယ်စာချုပ်တွင် အမျိုးသားအမည်ပေါက်ယုံဖြင့် မိန်းမဖြစ်သူပါ အကျိုးသက်ဆိုင်ခွင့် ရှိပါသလား။
လင်မယားနှစ်ဦး၏ ပစ္စည်းပိုင်ဆိုင်ခွင့် အခွင့်အရေးကို ကြည့်ရှုမည်ဆိုပါက ၎င်းတို့နှင့် သက်ဆိုင်ကာ ကိုးကွယ်ယုံ ကြည်မှု ဓလေ့ထုံးတမ်းဥပဒေကို ဦးစွာကြည့်ရှုရမည် ဖြစ်ပါသည်။ ဥပဒေအရ ဗုဒ္ဓဘာသာ ကိုးကွယ်လျှင် မြန်မာဓလေ့ ထုံးတမ်းဥပဒေ၊ ဟိန္ဒူဘာသာဝင်ဖြစ်လျှင် ဟိန္ဒူဘာသာ ဥပဒေ၊ မဟာမေဒင်ဖြစ်လျှင် မဟာမေဒင်ဥပဒေ၊ ခရစ်ယာန် ဖြစ်ပါက ခရစ်ယာန်ဘာသာဝင် ဥပဒေဖြင့် အဆုံးအဖြတ်ပြုရမည်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ဇနီးမောင်နှံဖြစ်ပါက ပေါင်းဖက်နေစဉ် ရရှိလာသည့် ပစ္စည်းအား အတူတူပိုင်ဆိုင်ကာ တန်းတူ အခွင့်အရေးရှိပါသည်။လင်မယားနှစ်ဦး တစ်ဦးဦးအမည်ဖြင့် ဝယ်ယူထားသော မရွှေ့မပြောင်းနိုင်သောပစ္စည်း တစ် ရပ်ရပ်မှာ နှစ်ဦးပိုင်ပစ္စည်းအဖြစ်သာ တည်ရှိကာ အတူတူပိုင်ဆိုင်နေပါသည်။ (ဦးဖေနှင့် ဦးမောင်မောင်ခ၊ ၁၀ ရန်ကုန် ၂၆၁)
ထိုကြောင့် မြေကွက်အား လွှဲပြောင်းရောင်းချသည့်အခါတွင် တစ်ဦးထဲ လက်မှတ်ထိုးရောင်းချလဲ နှစ်ဦးစလုံးနှင့် သက်ဆိုင် စေပါသည်။ လင်မယားနှစ်ဦးစလုံး၏ လက်ရေးလက်ဗွေ ရယူထားလျှင်တော့ အငြင်းပွှားမှု ပေါ်ပေါက်တော့မည် မဟုတ်ပါ။ လင်မယားနှစ်ဦး အတူတူပိုင်ဆိုင်ခွင့်ရှိနေသော အိမ်ခြံမြေမှာ လင်ခန်းမယားခန်း ပြတ်စဲကာ တရားဝင်ကွာရှင်းလိုမှု မရှိသည့်အချိန်ထိ နှစ်ဦးစလုံး အကျုံးသက်ဆိုင်ခွင့်ရှိပါသည်။ ကွာရှင်းကြသည့်အခါတွင်လဲ တရားရုံးမှ ကွာရှင်းလိုမှုအပြင် ပစ္စည်းခန်းနှင့် သားသမီးကိစ္စများ ထည့်သွင်း ဆုံးဖြတ်ပါသည်။
မြေကွက်မှာ မြန်မာဓလေ့ထုံးတမ်းဥပဒေပါ လက်ထပ်ပွားပစ္စည်း၊ နှစ်ပါးစုံပစ္စည်း မဟုတ်ဘဲ၊ မူလက တစ်ဦးမှ ပါလာသည့် ပါရင်းပစ္စည်းဖြစ်ပါက ပါရင်းပစ္စည်းယူဆောင်လာသည့်သူမှာ ပစ္စည်း၏ သုံးပုံနှစ်ပုံ ရရှိကာ ကျန်တစ်ဦးမှ သုံးပုံ တစ်ပုံ ရရှိသည့်အခွင့်အရေး ရှိနေပါသေးသည်။ လက်ထပ်ပွားပစ္စည်းနှင့် နှစ်ပါးစုံပစ္စည်းမှာလဲ မတူညီပါ အတူတူကြိုးစားကာ ရရှိလာသောပစ္စည်းကို နှစ်ပါးစုံပစ္စည်းဟု ခေါ်ဆိုပြီး လင်(သို့)မယားတစ်ဦးထဲ ကြိုးပမ်းမှုမှ ရရှိလာသောပစ္စည်းကို လက် ထပ်ပွားပစ္စည်းဟူ ခေါ်ပါသည်။
သို့သော် ပါရင်းပစ္စည်းမှာ အတူပေါင်းသင်းနေစဉ်တွင် လက်ထပ်ပွားပစ္စည်းနှင့် ရောထွေးမှုရှိနိုင်ပြီး ပါရင်း ခွဲခြားမရ သည့် အခါမျိုးတွင် လက်ထပ်ပွားပစ္စည်းအဖြစ်သာ သတ်မှတ်ဆုံးဖြတ်နိုင်ပါသည်။ ဥပမာ - တစ်ဦးမှ ပါလာသော မြေကွက် ပေါ်တွင် နေအိမ်ဆောက်လုပ်ခြင်း ဖြစ်ပါက လက်ထပ်ပွားပစ္စည်းအဖြစ် မှတ်ယူကာ လင်မယားနှစ်ဦး အချိုးကျ ပိုင်ဆိုင် ခွင့်ရှိပါသည်။
အိမ်ထောင်ကြီးခြင်း လက်ထပ်ကြ၍ ပါလာသော ပစ္စည်းအား ပါရင်းပစ္စည်းအဖြစ် သတ်မှတ်ဘဲ အထက်ပါ ပစ္စည်းအဖြစ် သတ်မှတ်နိုင်ပါသည်။ အထက်ပါပစ္စည်းနှင့် ပါရင်းပစ္စည်းသည်လဲ မတူညီပါ တစ်ဦး၏ အထက်ပါပစ္စည်းမှာ အိမ်ထောင်ဟောင်းမှ သားသမီးများနှင့် သက်ဆိုင်စေကာ တစ်ဦးမှ အကျိုးခံစားခွင့်မရှိ ဆိုသော်လည်း လက်ထက်ပွှား ပစ္စည်းနှင့် ရောထွေးသွားလျှင် လက်ထပ်ပွှားပစ္စည်းအဖြစ် နှစ်ဦးပိုင်ဆိုင်ခွင့် ရှိသွားမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေး လိုက်ပါသည်။
⚖️မေးခွန်း(၂) - မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာရင် ဘယ်လိုလုပ်ရမလဲ။
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများနှင့် မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။ ပုဒ်မ-၁၆ အရ တန်ဖိုးငွေတစ်သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်းပြုသည့် စာချုပ်များ၊ အဆိုပါ မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် သက်ဆိုင်သည့် တရားရုံးအမိန့်၊ စီရင်ချက်၊ ဒီကရီများ၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်း အထောက်အထားများ ပေးအပ်၍ ပေါင်နှံ ခြင်းမှတစ်ပါး အခြားသော ပေါင်နှံခြင်းနှင့် သက်ဆိုင်သည့်စာချုပ်များ၊ ငှားရမ်းခြင်းများတွင်လဲ တစ်နှစ်ပြီး တစ်နှစ် ငှားရမ်း သည့်စာချုပ်များ၊ တစ်နှစ်ထက် ပိုငှားသည့်စာချုပ်များ၊ ကုမ္ပဏီအသင်းအဖွဲ့နှင့် သက်ဆိုင်သည့် လွှဲအပ်ခြင်း စာချုပ်များ ၊ မွေးစားခြင်းစာချုပ်များ၊အစိုးရက အခါအားလျှော်စွာ ညွှန်ကြားချက်ထုတ်ပြန်သည့် စာချုပ်များကို မဖြစ်မနေ မှတ်ပုံတင် ထားရှိရန် လိုပါသည်။
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၇ အရ တန်ဖိုးငွေတစ်သိန်းအောက် ချုပ်ဆိုသောစာချုပ်ဖြစ်ပါက မှတ်ပုံ တင်လိုမှတင်ခြင်း ပြုနိုင်ပါသည်။ တစ်နှစ်ထက် မပိုသော ငှားရမ်းခြင်းများအား မှတ်ပုံတင်စာချုပ်ဖြင့် မငှားရမ်းဘဲ အရပ် ကတိစာချုပ်ဖြင့်လဲ ငှားရမ်းခြင်းပြုနိုင်ပါသည်။ သေတမ်းစာ၊ မိသားစုစီမံခန့်ခွဲမှုစာချုပ်များ၊ အနုညာတ ခုံလူကြီးများ၏ ဆုံးဖြတ်ချက်များမှ မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်း အမျိုးအစားများထဲတွင် ပါဝင်ပါသည်။
မှတ်ပုံတင်ရန် လိုအပ်သည့် ပုဒ်မ-၁၆ ပါ စာချုပ်တစ်စောင်အား စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း-၁၂၀ အတွင်း ပုဒ်မ-၇၊ ပုဒ်မ-၈ ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ရန် လျှောက်ထားရမည်ဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေ ဖြစ်လျှင် ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ မှတ်ပုံတင်ရုံးတွင် စာချုပ်ချုပ်ဆိုသူများက သွားရောက် မှတ်ပုံတင်ခြင်း ပြုနိုင်ပါသည်။
မှတ်ပုံတင်ရာတွင် မှတ်ပုံတင်အရာရှိသည် သေချာတွင်စစ်ဆေးစီစစ်မှုပြုမည်ဖြစ်ကာ မှတ်ပုံတင်ခြင်းအတွက် ကန့်ကွက်သူလဲပေါ်ပေါက်လာနိုင်ပါသည်။ ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကန့်ကွက်ခြင်းမျိုး မဟုတ်ပါက မှတ်ပုံတင် အရာရှိမှ လက်ခံ စဉ်းစားပေးမည် မဟုတ်ပါ။
မှတ်ပုံတင်အရာရှိမှ ရက်ပေါင်း (၉၀) အတွင်း သက်ဆိုင်ရာ တရားရုံးမှ ထုတ်ပေးသည့် ယာယီတားဝရမ်းကို ကန့်ကွက်လာသူအား တင်ပြစေမည်ဖြစ်ပါသည်။ မူလမှတ်ပုံတင်ရန် လျှောက်ထားသူများမှလဲ တရားရုံး၏ အမှုတွင် တရားပြိုင်အဖြစ် ပါဝင်ကာ သက်သေအထောက်အထားများပြသ၍ အမှုအား ခုခံရင်ဆိုင် နိုင်ပါသည်။
သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမှ ယာယီတားဝရမ်း တင်ပြလာနိုင်ခြင်း မရှိပါက မှတ်ပုံတင်အရာရှိမှ စာချုပ် စာတမ်း မှတ်ပုံတင်ခြင်းအတွက် ဆက်လက်ဆောင်ရွက်ခြင်း ပြုသွားနိုင်ပါသည်။ မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းများကို ဖျက်သိမ်းကန့်ကွက်လိုခြင်းများလဲ ရှိတတ်ပြီး တရားရုံး၏ အမိန့်မပါလျှင် မှတ်ပုံတင်ရုံးမှ လက်ခံမည်မဟုတ်ပါ။
တရားရုံးမှလဲ ကာလစည်းကမ်းသတ်ဥပဒေပါအတိုင်း သီးခြားသက်သာခွင့် အက်ဥပဒေနှင့်အညီ တရားစွဲဆိုသော အမှုမဟုတ်ပါက မှတ်ပုံတင်စာချုပ်စာတမ်း ဖျက်သိမ်းစေလိုမှုကို လက်ခံမည်မဟုတ်ပါ။ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ပိုင်ဆိုင်သော အိမ်ခြံ မြေမှာ အလွယ်တကူ ကန့်ကွက်ခြင်း ဆောင်ရွက်နိုင်ခွင့်မရှိပါ။ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ဝယ်ယူပိုင်ဆိုင်ခြင်းများမှာ ခိုင်မာသည့် စာချုပ်တစ်စောင်ဖြစ်စေကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
⚖️မေးခွန်း(၃) -အာမခံအဖြစ် ဂရန်ကိုအပေါင်ထားပြီး ငွေချေးလျှင် ချေးငွေပြန်မဆပ်နိုင်ပါက ဂရန်မြေကို သိမ်းဆည်းနိုင်ပါသလား။
မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား ပေါင်နှံခြင်းအား လက်ခံသူမှာ ပေါင်နှံခြင်းနှင့်သက်ဆိုင်သည့် ပေါင်နှံခြင်း လိုင်စင်ရှိရမည်ဖြစ်ပါသည်။ အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှလဲ မရွှေ့မပြောင်းနိုင်သောပစ္စည်း၏ မြေငှားဂရန်အား အာမခံအဖြစ် လက်ခံကာ ငွေချေးနိုင်ပါသည်။ ပေါင်နှံခြင်းများမှာ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင် အပေါင်စာချုပ်ချုပ်ဆို၍ ငွေချေးခြင်းများလဲ ရှိနိုင်ပါသည်။ ပုဂ္ဂလိက ငွေချေးခြင်းများတွင်လဲ ကြွေးမြီအပေါ် ပေးဆပ်ရန် ကာလစည်းကမ်းသတ် (၃)နှစ်အတွင်း တရားစွဲဆိုခြင်းတော့ ပြုနိုင်ပါသည်။ ဂရန်မြေကွက်အား သိမ်းဆည်းခြင်းတော့ မပြုနိုင်ပါ။
ဂရန်မြေကွက်အား အပေါင်ခံသည့်အခါ ဂရန်အမည်ပေါက် ဟုတ်မဟုတ်၊ ဂရန်အမည်ပေါက် မှန်မမှန် စစ်ဆေးရန်လဲ လိုပြီး မြေကွက်အမည်ပေါက်မဟုတ်ပါက မြေကွက်အား အပ်နှံစေ၍ ပေါင်နှံမှုပြုရပါမည်။ ပေါင်နှံခြင်း စာချုပ်တွင် မည်သို့ ကတိပြုထားကြသည်ပေါ်တွင်လဲ မူတည်ပါသည်။ ကာလစည်းကမ်းသတ်အတွင်း အချိန်ကာလသတ် မှတ်ကာ ပေါင်နှံခြင်းများ ရှိသလို၊ ရွှေးနုတ်ခွင့်ကို ပိတ်ပင်ထားသည့် စည်းကမ်းချက်များဖြင့် ကတိပြုထားသည့် ငွေချေးခြင်းစာချုပ်များလဲ ရှိပါသည်။
အာမခံစာချုပ်စာတမ်းများ အပ်နှံ၍ ငွေချေးခြင်းနှင့် ပေါင်နှံခြင်းမှာလဲ မတူညီပါ။ အာမခံထားရှိ၍ ငွေချေးခြင်းများ မှာ ချေးငွေပေးဆပ်နိုင်ခြင်းမရှိပါက အာမခံပစ္စည်းကို ထုခွဲရောင်းချပေးမည်ဆိုသော ကတိပြုချက်များ ပါရှိကြပါသည်။ အာမခံပစ္စည်းအား ပေးအပ်မည်ဖြစ်ကြောင်း မပါရှိပါက ချေးငွေနှင့်သာ သက်ဆိုင်ပြီး ချေးငွေကိုသာ အပေါင်ခံသူမှ ပြန်ရမည် ဖြစ်ပါသည်။
ငွေပြန်မဆပ်ပါက အပေါင်ခံသူမှ တရားရုံးတွင် ပေါင်နှံခြင်းအား အတည်ပြုပေးရန် တရားစွဲဆိုခြင်းများပြုနိုင်ပြီး ပေါင်နှံသူမှလဲ ပေါင်နှံပစ္စည်းအား ရွေးနုတ်လိုမှု တောင်းဆိုခြင်းလဲ ပြုနိုင်ပါသည်။ တရားစွဲဆိုသည့်အခါတွင် ပေါင်နှံသည့် ပစ္စည်းနှင့် သက်ဆိုင်သူများ၊ တဆင့်ပေါင်နှံထားသူများ၊ ဆက်ခံခွင့်ရှိကာ သက်ဆိုင်သူများ၊ ဆိုင်ရေးဆိုင်ခွင့်ရှိသူများပါ တရားလို၊ တရားပြိုင်အဖြစ် စုံလင်စွာ အမှု၌ ပါဝင်ထည့်သွင်းရန်လိုကာ တရားမကျင့်ထုံးဥပဒေ၊ အမိန့်-၃၄ တွင် ကြည့်ရှုနိုင်ပါသည်။
အပေါင်ခံသည့်အခွင့်အရေးကို အတည်ပြုရာတွင်လဲ အပေါင်ခံမြေကွက်အား လက်ရောက်ရထိုက်ခွင့် ရှိသည့် ပေါင်နှံခြင်း များရှိသလို၊ လက်ရောက်ရထိုက်ခွင့်မရှိသည့် ပေါင်နှံခြင်းများလဲရှိပါသည်။ အပေါင်ခံခြင်းစာချုပ်၏ သဘောတူ စည်းကမ်း ချက်များကို ကြည့်ရှုရမည် ဖြစ်ပါသည်။ အတိုးအမြတ် ရရှိနေသော ပေါင်နှံခြင်းများမှာ ရွှေးနုတ်လိုခြင်းအတွက် ခွင့်ပြုပေးရမည် ဖြစ်ပါသည်။ မြေကွက်အား လက်ရောက်ရယူကာ အပေါင်ခံခြင်းမျိုးမဟုတ်သည့်အခါ မြေကွက်အား ငွေချေးသူပေါင်နှံသူမှ အခြားတစ်ဦးထံ ရောင်းချကာ ချေးငွေပြန်ဆပ်နိုင်ပါသည်။
လက်မဲ့ပေါင်နှံခြင်းများတွင် အပေါင်ခံသူမှ ကြွေးမြီရပိုင်ခွင့်အတွက် မြေကွက်အား ရောင်းချပေးရန် တရားရုံး အမိန့်တစ်ရပ်အား တောင်းဆိုနိုင်ပါသည်။ အပေါင်ပစ္စည်းဂရန်မြေကွက်အား သိမ်းယူခြင်းတော့ မပြုနိုင်ပါ။ အပေါင်ပစ္စည်းအား တရားရုံးအမိန့်ဖြင့် ရောင်းချခွင့်ပြုလျှင်လဲ တရားရုံးမှ ဝရမ်းထုတ်ဆင့်၍ ဘီလစ်အား တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com