ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်ရုပ်ရှင်မင်းသား လီယဖန်သည် သိုင်းလောကရဲ့ စိန်ခေါ်သံ (၂၀၀၁) တွင် ခေါင်းဆောင်မင်းသား လင့်ဟူးချုန်းအဖြစ် ပါဝင်သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ဖြစ်သည်။
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ် (The Legend of the Condor Heroes) ၂၀၀၃ ဗားရှင်းတွင်လည်း ကောကျင့်အဖြစ် ခေါင်းဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ သို့သော် ထိုဗားရှင်းမှာ ၂၀၀၈ ဗားရှင်းလောက် လူကြိုက်မများခဲ့။ သိုင်းလောက၏ စိန်ခေါ်သံသည်သာ သူ၏ masterpiece ဖြစ်ခဲ့သည်။
(သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပုံ)
လီယဖန်နှင့် သူ၏ ဇနီးဖြစ်သူ ဟိုင်းဟာ ဂျင်ရှီတို့သည် လုံးချင်းစံအိမ်ကြီးမှ ပေကျင်းမြို့ အညတရရပ်ကွက် တစ်ခုရှိ တိုက်ခန်းတစ်ခုသို့ ရွှေ့ပြောင်းလိုက်ရသည်။
လီယဖန်မှာ စီးပွားကျနေပြီး ယခုကဲ့သို့ တိုက်ခန်းသို့ ပြောင်းလိုက်ရခြင်းမှာ ကုန်ကျစရိတ်လျှော့ချရန်နှင့် ကြွေးမြီများ ပြန်ဆပ်နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
လီယဖန်မှာ အလုပ်ကိစ္စဖြင့် ရပ်ဝေးသို့ရောက်နေသောကြောင့် ဇနီးဖြစ်သူ ဂျင်ရှီက အိမ်ရွှေ့သည့်ကိစ္စကို ၎င်းဘာသာ လုပ်ဆောင်ခဲ့ကြောင်း Henan TV က ဖော်ပြသည်။
“အိမ်အရွယ်အစားက အရေးမကြီးပါဘူး။ ဘယ်လောက်နွေးထွေးတဲ့အိမ်လည်းဆိုတာကပဲ အရေးကြီးပါတယ်” ဟု ဂျင်ရှီက ပြောသည်။
စံအိမ်ကြီးမှ ပြောင်းရသောကြောင့် သမီးငယ်လေးမှာ ဝမ်းနည်းကြေကွဲနေသည်ဟု ဆိုသည်။
သို့သော် ဂျင်ရှီက နေရာသစ်၏ ကောင်းကွက်များကို ပြောပြပြီး သမီးလေးကို နှစ်သိမ့်နေသည်။
လီယဖန်က မိမိလုပ်ကိုင်နေသော အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ အရှုံးပေါ်သောကြောင့် စီးပွားရေးကျပ်တည်းနေကြောင်း ၂၀၂၃ ခုနှစ်အတါင်း ထုတ်ဖော်ပြောပြခဲ့ဖူးသည်။
ထိုသို့အရှုံးပေါ်သောကြောင့် ယွမ် သန်း ၄၀ (ကန်ဒေါ်လာ ၅ ဒသမ ၈ သန်း) ခန့် အကြွေးတင်နေသည်ဟု ဆိုသည်။
ကြွေးမြီကိစ္စနှင့် စပ်လျဉ်းပြီး လီယဖန်မှာ တရားရုံးတွင် အမှုရင်ဆိုင်ရန်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကြွေးရှင်များနှင့် ညှိနှိုင်းကာ အကြွေးပြန်ဆပ်မည့် အစီအစဉ်ကို ဆွေးနွေးနိုင်ခဲ့သည်။
လီယဖန်သည် သူ၏ ကုမ္ပဏီမှ ဝန်ထမ်းများစွာအတွက်လည်း လစာများ မပေးနိုင်ဘဲ အကြွေးတင်နေသည် ဟူသော သတင်းများရှိသည်။
(ရုပ်ရှင်သရုပ်ဆောင် လီယဖန်၊ ဇနီးဖြစ်သူ ဂျင်းရှီနှင့် သမီးငယ်လေးတို့ကို တွေ့ရပုံ။ ဓာတ်ပုံ-Weibo)
လီယဖန်သည် ယခုအခါ live လွှင့်ဈေးရောင်းခြင်းဖြင့် ငွေရှာနေသည်။
နေ့စဉ် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင်နေပြီး တစ်ညလျှင် ၃ နာရီမှ ၄ နာရီခန့်သာ အိပ်စက်ကြောင်း Sina သတင်းဌာနက ဖော်ပြသည်။
လီယဖန်က မိမိ၏ စွမ်းဆောင်ရည်ကို ပိုတွက်မိခဲ့ကြောင်း၊ စီးပွားရေး စီမံခန့်ခွဲမှု အားနည်းခဲ့ကြောင်း ဝန်ခံသည်။
လီယဖန်၏ ကြွေးမြီများ ပြန်ဆပ်နိုင်ရေးအတွက် ဂျင်းရှီကလည်း live လွှင့် ဈေးရောင်းသည့်ဘက် အခြေချလာသည်။
လီယဖန်က အများပြည်သူ ဝေဖန်မည်ကို စိုးရိမ်သဖြင့် ဂျင်းရှီအလုပ်လုပ်ခြင်းကို ကနဦးတွင် ကန့်ကွက်ခဲ့သေးသည်။
သို့သော် ဂျင်းရှီက “ဘဝဆိုတာ ဒီလိုပါပဲ။ တို့တွေ ဘာပဲလုပ်လုပ်၊ မလုပ်လုပ်။ ပြောချင်တဲ့သူက ပြောနေမှာပဲ။ တို့တွေ အဲဒါကို လစ်လျူရှုထားရပါမယ်” ဟု လီယဖန်ကို ပြောပြသည်။
(သိုင်းလောကရဲ့စိန်ခေါ်သံတွင် ခေါင်းဆောင်မင်းသမီး နတ်ကလျာအဖြစ်သရုပ်ဆောင်ခဲ့သော မင်းသမီးရွှီချင်း)
တချိန်က တရုတ်ပြည်၏ ထိပ်တန်း သရုပ်ဆောင်များတွင် ပါဝင်ခဲ့ပြီး ယခုအခါ အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်သူ လီယဖန်သည် "Legend of the Condor Heroes (မက်မွန်မြေမှ ချစ်တေးတစ်ပုဒ် 2003 ဗားရှင်း)၊ သိုင်းလောကရဲ့ စိန်ခေါ်သံ ရုပ်သံဇာတ်လမ်းတွဲများဖြင့် ထင်ရှားသည်။
လီယဖန်သည် ၂၀၁၁ ခုနှစ်တွင် ရုပ်ရှင်လောကကို ကျောခိုင်းကာ စီးပွားရေးလောကသို့ ဝင်ခဲ့သည်။
လီယဖန်သည် ဟောင်ကောင် ပေါ့ပ်ကြယ်ပွင့် Faye Wong နှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ဦး ထွန်းကာရာ သမီးမှာ ၁၉ နှစ်အရွယ်ရှိပြီ ဖြစ်သည်။
Faye Wong နှင့် ၂၀၁၃ ခုနှစ်တွင် ကွာရှင်းခဲ့သည်။
ယင်းနောက် လီယဖန်သည် ၂၀၂၂ ခုနှစ်တွင် ဂျင်းရှီနှင့် လက်ထပ်ခဲ့ပြီး သမီးငယ်တစ်ဦး ထွန်းကားရာ ၂ နှစ်အရွယ်ရှိပြီ ဖြစ်သည်။
(ဆက်စပ်သတင်း)
သိုင်းလောကရဲ့ စိန်ခေါ်သံသရုပ်ဆောင် ဝေါလေ့စ်ဟောင်၏ သန်း ၁၀၀ ကျော်တန် စံအိမ်
https://www.iMyanmarHouse.com/news/read/1006860
(မှတ်ချက်။ ဝေါလေ့စ်ဟောင်မှာ သိုင်းလောကရဲ့စိန်ခေါ်သံ ၂၀၁၃ ဗားရှင်းတွင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး လီယဖန်မှာ ၂၀၀၁ ဗားရှင်းတွင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ဗားရှင်းမှာ ပိုမိုလူကြိုက်များသည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chinese actor Li Yapeng and wife move from villa to apartment amid financial struggles