ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တရုတ်ပြည်တွင် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရသော အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး၏အဖြစ်မှာ သဲထိတ်ရင်ဖို ရုပ်ရှင်ဇာတ်လမ်းတစ်ခုသဖွယ်ဖြစ်နေသည်။
အဆိုပါ အမျိုးသား၏ ဝမ်းခေါင်းအတွင်း ၁ ပေခန့် ရှည်လျားသော ငါးရှဉ့်အရှင်တစ်ကောင် တွန့်လိမ်လှုပ်ရှားနေသည်ကို ဆရာဝန်တို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်မကြီးသတင်းစာ Huaihua Daily ၏ ဖော်ပြချက်အရ အမည်မသိရသော အဆိုပါအမျိုးသားသည် ဆေးရုံ၏ အရေးပေါ်ခန်းသို့ ရောက်ရှိလာကြောင်း၊ ချွေးစေးများ အလွန်အမင်းထွက်နေပြီး မခံမရပ်နိုင်အောင် ဗိုက်အောင့်နေကြောင်း ဖော်ပြသည်။
ဆေးရုံမှ ဆရာဝန်တို့လည်း အလွန်စိုးရိမ်သွားခဲ့သည်။ သူ၏ အသားအရေမှာ ဖျော့တော့နေသောကြောင့် ပြင်းထန်သည့် ကူးစက်ရောဂါတစ်ခုခုဖြစ်နေမည်ကို စိုးရိမ်ခဲ့သည်။
CT scan ရိုက်ကူးကြည့်ရှုမှုအရ သူ၏ ဝမ်းဗိုက်အတွင်း ထူးဆန်းသည့်အရာတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် မည်သည့်အရာရှိနေသည်ကို သိနိုင်ရန်အတွက် အရေးပေါ် ဝမ်းဗိုက်အပေါက်ဖောက်ခွဲစိတ်မှု လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ ခွဲစိတ်ကြည့်ရှုရာတွင် တွေ့လိုက်ရမှုအပေါ် ဆေးပညာရှင်တို့ များစွာ အံ့အားသင့်ခဲ့ကြရသည်။
(ငါးရှဉ့်မှာ အလျား ၁ ပေခန့်ရှိသည်။ ဓာတ်ပုံ-Image via United Daily)
ထိုအမျိုးသား၏ ဗိုက်ထဲတွင် တွေ့လိုက်ရသည်မှာ ငါးရှဉ့်အရှင်တစ်ကောင်ဖြစ်ပြီး အလျား ၁ ပေခန့်ရှိသည်။
ငါးရှဉ့်သည် အမျိုးသား၏ အူနံရံကို ထိုးဖောက်ဝင်ရောက်ကာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများအကြား တွန့်လိမ်ကာ အသက်ရှင်နေသည်။
ခွဲစိတ်ဆရာဝန်အဖွဲ့သည် ငါးရှဉ့်ကို အောင်မြင်စွာ ခွဲထုတ်ရယူနိုင်ခဲ့ပြီး ခွဲစိတ်ထားမှုများကို ပြန်လည် ကုသပေးမှုများ ပြုလုပ်ခဲ့သည်။
ယခုအခါ အဆိုပါအမျိုးသားမှာ ပြန်လည်သက်သာသွားပြီဖြစ်ကာ ဆေးရုံမှဆင်းသွားပြီ ဖြစ်သည်။
ဝမ်းဗိုက်ထဲသို့ မည်သို့မည်ပုံ ငါးရှဉ့်ရောက်နေသည်ကိုမူ ဆေးပညာရှင်တို့က မှတ်ချက်ပေးခြင်း မရှိချေ။
အများက ခန့်မှန်းသည်မှာမူ မတော်တဆ ဝင်သွားခြင်းဖြစ်နိုင်ကြောင်းနှင့် ဖြစ်နိုင်သည့် အခြေအနေများကို ခန့်မှန်းပြောဆိုကြသည်။
“ဒီငါးရှဉ့် သူ့ဗိုက်ထဲ ဘယ်လိုနည်းနဲ့ဝင်သွားတယ်ဆိုတာ ခန့်မှန်းကြည့်ရင် လူတိုင်းသိနိုင်ပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
အချို့ကမူ ငါးရှဉ့်အပေါ် မတော်တဆ တက်ထိုင်မိရာမှ ဝင်သွားခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man Finds Live Eel Swimming In His Abdomen After Complaining Of Severe Pain