မိသားစုအတွက် စိတ်ကူးအိပ်မက်ထဲက အိမ်ဖြစ်ဖို့ထက် နွေးထွေးပျူငှာတဲ့ အိမ်လေးဖြစ်ဖို့က ပိုအရေးကြီးပြီး House ဖြစ်ဖို့ထက် Home ဖြစ်ဖို့လိုတယ် လို့ပြောတဲ့ဖြူဖြူကျော်သိန်း နှင့်တွေ့ဆုံမေးမြန်းခဲပါတယ်။
ဖြူဖြူအခု လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါအုံး။
အခုလတ်တလောတော့ ဖြူဖြူရဲ့ခြောက်ခွေ မြောက်တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ်ခွေ ထွက်ဖို့ Lazy Club နဲ့အတူလုပ်နေပါတယ်။ မိန်းကလေးတစ်ယောက် အသဲကွဲနေတယ် ဆိုတဲ့ပုံစံမျိုး အချစ်ပုံစံမျိုး လေးပေါ့။ ၂၀၁၆ မှာထွက်ပါမယ်။ ဒီကြားထဲမှာတော့ single ခွေလေး ထွက်ဖို့ရှိပါတယ်။
အခြားအနုပညာလှုပ်ရှားမှုကရောရှင့်။
အခြားအနုပညာ လှုပ်ရှားမှုအနေနဲ့က အခုမြန်မာပြည်ရဲ့နေရာ အနှံ့အပြားမှာရေဘေး ဒဏ်ခံနေရတဲ့ ညီအစ်ကိုမောင်နှမ တွေရှိပါတယ်။ သူတို့အတွက် ဖြူဖြူဘက်က တတ်နိုင်သမျှလောက် ဖြူဖြူအနုပညာနဲ့လှူနိုင်တန်းနိုင်ဖို့ အတွက် ရန်ပုံငွေပွဲတွေ အလှူပွဲတွေမှာ သီချင်းဆိုဖို့ရှိပါတယ်။
အခုလိုပေါ့နော် သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံလာရတဲ့ အခါကိုယ်နေတဲ့ အိမ်နဲ့ပတ်သက်လို့ ဘယ်လိုတွေးမိလဲ မသိဘူးရှင့်။
တွေးမိတာက အခုလက်ရှိနေနေတဲ့ အိမ်ကိုပဲ သဘောကျတယ်။ အထွေအထူး စဉ်းစားထားတာ မျိုးတော့မရှိဘူး။ အန္တရာယ်ကင်းကင်းနဲ့ မိသားစုပျော်ပျော် ရွှင်ရွှင်နေရရင်ကိုကျေနပ်ပါတယ်။ ကိုယ်နေနေ တဲ့ကွန်ဒိုကိုပဲကြိုက်ပါတယ်။
စိတ်ကူးအိမ်မက်ထဲမှာ ရောဘယ်လိုအိမ် အမျိုးအစားလေး တည်ဆောက်ချင်သလဲ။
ဖြူဖြူက လူတစ်မျိုး စိတ်ကူးအိပ်မက်ထဲက အိမ်ဆိုပြီးတော့ စိတ်ကူးမယဉ်ဘူး။ အဓိကအနေနဲ့ ဖြူဖြူဦးစားပေး စိတ်ခံစားမှုအပိုင်းကို အရေးကြီးဆုံး လို့တွေးထား တဲ့အတွက် ကိုယ်လိုချင်တဲ့ ပျော်ရွှင်တဲ့မိသားစုနဲ့ အမိုးအကာ အန္တရာယ်လုံခြုံရင်ပဲတော်ပြီ။ အခုလက်ရှိနေနေ တဲ့အိမ်ကိုကြိုက်တယ်။ ကွန်ဒိုဖြစ်တဲ့ အတွက်စနစ်ကောင်း တွေပါပြီးသား လုံခြုံရေးက အစစိတ်ချရတော့ စိတ်ချမ်းသာတယ်။ ဟိုလိုနေရမှ၊ ဒီလိုနေရမှဆိုတာတွေတော့မရှိဘူး။
မဖြူရဲ့ အိမ်မှာ အကြိုက်ဆုံးအခန်းနဲ့ နေရာလေး လည်း ပြောပြပေးပါအုံးရှင့်။
ဖြူဖြူရဲ့ တစ်အိမ်လုံးထဲမှာ အကြိုက်ဆုံးက ဖြူဖြူအိပ်ခန်း သဘောအကျဆုံးပဲ။ ဂစ်တာလည်းရှိတယ်။ သီချင်းခွေတွေရှိတယ်။ သီချင်းအတွက် အကြံဉဏ်တွေကလည်း အိပ်ရာပေါ်ကပဲ စဉ်းစားတာလေ။ ပင်ပန်းပြီး ပြန်လာတဲ့အခါကျရင်လည်း လွတ်လပ်စွာ အနားယူလို့ရတယ်။ ဒါပေမဲ့ တစ်ခုက ဖြူဖြူက ခါးနာတဲ့ရောဂါရှိတော့ အိစက်ပြီး ဈေးကြီးတဲ့ မွေ့ရာနဲ့တော့ အိပ်လို့မရဘူး။ အင်္ကျီတွေ၊ အခြားအသုံးအဆောင် ပစ်္စည်းတွေ ထားမယ့်အခန်းတော့ သီးသန့်ထားတယ်။
မဖြူအတွက် အိမ်ဆိုတာ ဘယ်လိုအဓိပ္ပာယ် သက်ရောက်သလဲရှင့်။
ဖြူဖြူအတွက် House ဖြစ်ဖို့ထက် Home ဖြစ်ဖို့က ပိုအရေး ကြီးတယ်။ ကိုယ်ချစ်တဲ့ မိသားစုနဲ့ ချစ်ချစ်ခင် ခင် နွေးနွေး ထွေးထွေး ကြင်ကြင်နာနာနေ တယ်ဆိုတဲ့ Feeling က ပိုအရေးကြီး တယ်။ စိတ်ကူး အိပ်မက်ထဲက အိမ်ကြီးဖြစ်နေပြီးတော့ ဘ၀က အထီးကျန်ခြောက်သွေ့နေပြီး အချင်းချင်းမေတ္တာတရား မရှိဘူးဆို အလကားပဲ။ ကိုယ့်မိသားစုနဲ့ ကိုယ်နေချင်တဲ့ အတိုင်းအတာ တစ်ခုမှာ နေရရင်ကို ကျေနပ်တယ်။
အဆိုတော်တစ်ယောက် အနေနဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက် သလဲရှင့်။
ဖြူဖြူက အသံကို အရမ်းဂရုစိုက်တယ်။ အအေးမမိအောင် နေတယ်။ ရေခဲတို့ အဆီအစိမ့်၊ ရှောင်တာမျိုးတို့၊ ကိုယ်က စင်ပေါ်တက်ရတော့ အလှအပကို ဂရုစိုက် ရတော့၊ လှအောင်၊ ကျန်းမာအောင်၊ ၀ိတ်ကိုထိန်းတာမျိုး၊ ဓာတ်စာတို့၊ သစ်သီးသစ်ဥ စားတယ်။ Gym ကစားဖို့လည်း လုပ်နေပါ တယ်။
ရှေ့ဆက်လုပ်မယ့်အနုပညာနဲ့ ပရိသတ်ကို ဘာများပြောချင်ပါသလဲရှင့်။
တစ်ကိုယ်တော်ခြောက်ခွေမြောက် ထွက်မယ်၊ အတွဲခွေတွေက ပွင့်လင်းရာသီရောက်တဲ့အခါကျရင် ဆက်တိုက်ထွက်မယ်။ ဘုရားကျောင်း သီချင်းစင်ကာပူမှာ ဆိုဖို့ ရှိတယ်။ ပြန်လာရင်တော်ဝင် စင်တာမှာ ရေဘေးအလှူအတွက် အလှူငွေကောက်ခံ ပွဲရှိတယ်။ ၂ ရက်နေ့ကျရင် ရန်ပုံငွေပွဲ ရေဘေး ဒဏ်သင့်ပြည်သူတွေကို အရမ်းကို စာနာပါတယ်။ စိတ်နှလုံးထဲမှာလည်း ရှိပါတယ်။ အားလုံးအတွက် ဘုရားသခင်ဆီ မှာ ဆုတောင်းပေးနေပါတယ်လို့။
နန္ဒာယမင်း ( iMyanmarHouse.com) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com