မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အတွင်းရှိ မြေဧက ၅ဝဝဝ ခန့်ပေါ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းတွင်ပါဝင်သော မြေယာများကို တစ်ဧကလျှင် ကျပ်သိန်း ၁ဝဝ နှုန်းဖြင့် မြေယာနစ်နာကြေးပေးကာ စတင်ဆောင်ရွက်မှုနှင့် စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးစီမံကိန်း တွင် ဟိုတယ်ဇုန်များ၊ အထွေထွေ စီးပွားရေးဇုန်များ၊ လူနေအိမ်ရာများ၊ အဆင့်မြင့်ဈေးဆိုင်ခန်းများ၊ ဂေါက်ကွင်းများနှင့် မြင်းစီးကွင်း စသည်တို့ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်း ဧရိယာအတွင်း ပါဝင်နေသော လယ်ယာမြေများကို တစ်ဧကလျှင် ကျပ်သိန်း ၁ဝဝ နှုန်းဖြင့် မြေယာနစ်နာကြေး ပေးဆောင်ရွက်လျက်ရှိပြီး လျာထား ဧက ၅ဝဝဝ ခန့်အနက် ဧက ၂ဝဝဝ ကျော်အား မြေယာနစ်နာကြေးပေး ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီမံကိန်းဧရိယာအတွင်းရှိ မြေသုံးဧက လာရောက်အပ်နှံသူများကို ပေ ၄ဝ x ၆ဝ မြေကွက်တစ်ကွက် ပြန်လည်ပေးအပ် သွားမည်ဖြစ်သည်ဟု စီမံကိန်းဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်သန်းက ပြောကြားသည်။
“စီမံကိန်းတစ်ခုလုံး အနေနဲ့ မြေဧက ၅ဝဝဝ နီးပါးရှိပြီး ဧက ၂ဝဝဝ က နစ်နာကြေးပေး ဆောင်ရွက်ပြီးစီးပါပြီ။ နောက်ထပ်ဧက ၁ဝဝဝ ကျော်လောက်လည်း သဘောတူညီမှု ရရှိထားပါတယ်။ ဒီစီမံကိန်းဝန်းကျင်မှာ မြေဈေးကစားပြီး ဝယ်ယူထားတဲ့သူတွေ တချို့ကြောင့် ဈေးကြီးမိနေတဲ့ အကွက်တွေလောက်ပဲ ကျန်တော့တာပါ။ အခုစီမံကိန်းကြောင့် ဒီဒေသဝန်းကျင်နဲ့ ဒေသခံတောင်သူတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေများစွာ ပေါ်ထွက်လာမှာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စီမံကိန်းအတွင်း ပါဝင်သော တံတားဦး မြို့နယ်အတွင်း ကျေးရွာများမှာ လက်ဆောင်ယူ၊ ငါးရာပြား၊ ကူးတို့ဆိပ်နှင့် ခေါင်းကွဲကျေးရွာ အုပ်စုများဖြစ်ပြီး လက်ဆောင်ယူကျေးရွာ ဒေသခံ ဦးတင်သိန်းက “၂ဝ၁၂ ခုနှစ်လောက်က လယ်မြေတန်ဖိုးက တစ်ဧကကို ၁၅ သိန်း၊ သိန်း ၂ဝ လောက် ပေါက်ဈေးနှုန်းရှိတာပါ။ နောက်ပိုင်း ဈေးကစားတဲ့ သူတွေကြောင့် ဈေးတွေမြင့်ကုန်တယ်။ အခု တစ်ဧကကို သိန်း ၁ဝဝ သတ်မှတ်ပေးသလို သုံးဧကဆိုရင် ပေ ၄ဝx၆ဝ တစ်ကွက်ပြန်ရမှာမို့ အများစုက အပ်နှံကြပါတယ်” ဟု ပြောကြားသည်။
“စီမံကိန်း Master Plan ကို Strength United Myanmar Co.Ltd., က ရေးဆွဲ ဆောင်ရွက်ခဲ့ပြီး မြေနေရာ အသုံးပြုမှုအနေနဲ့ Development Land 63.5% နဲ့ Undevelopment Land 36.5% ဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ Undevelopment Land မှာ လယ်ယာစိုက်ပျိုးရေးမြေနဲ့ ၁၂ ရာသီပတ်လုံး စိုက်ပျိုးရေရနိုင်မယ့် ရေလှောင်ကန်တွေ၊ ဓာတ်အားပေးစက်ရုံတွေ စသဖြင့် ပါဝင်ပါတယ်။ ကျန်တဲ့အပိုင်းက ဟိုတယ်ဇုန်၊ စီးပွားရေးဇုန်၊ အဆင့်မြင့်ဆေးရုံကြီးတွေ ပါဝင်မှာပါ” ဟု မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အများနှင့် သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဦးရန်ရှင်းက ပြောကြားသည်။
အဆိုပါစီမံကိန်း Master Plan ရေးဆွဲ တွက်ချက်မှုအရ ၂ဝ၁၈-၁၉ ခုနှစ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်လေးလုံး၊ ၂ဝ၂ဝ ပြည့်နှစ်တွင် ခုနစ်လုံး၊ ၂ဝ၂၁ ခုနှစ်တွင် ၁ဝ လုံး၊ ၂ဝ၂၂ ခုနှစ်တွင် ၁၂ လုံး၊ ၂ဝ၂၃ ခုနှစ်တွင် ၁၄ လုံး၊ ၂ဝ၂၄ ခုနှစ်တွင် ၁၇ လုံးနှင့် ၂ဝ၂၅ ခုနှစ်တွင် စုစုပေါင်း အလုံး ၂ဝ အထိ တိုးတက်လာမည်ဟု တွက်ချက်ထားကြောင်း သိရသည်။
Credit : Eleven Media Group